ယနေ့ နံနက် အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ယူရို၂၀၂၀ ခြေစစ်ပွဲ အုပ်စု ပွဲစဉ်မှာ ဂျာမနီ အသင်းက ဘီလာရုစ် အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ယူပြီး ခြေစစ်ပွဲအောင်မြင်သွားခဲ့ပါတယ်။ဂျာမနီ တို့ဟာ အုပ်စုတွင်း အဓိက ပြိုင်ဘက်တွေဖြစ်တဲ့ မြောက်အိုင်ယာလန်နဲ့ နယ်သာလန်တို့ရဲ့ ထိပ်တိုက်ဆုံတွေ့နေမှုကို ကောင်းကောင်းအသုံးချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲမှာ ဂျာမနီအတွက် အထူး ခြေစွမ်းပြသခဲ့တာကတော့ ကွင်းလယ်ကစားသမား တိုနီကရူးစ်ဖြစ်ပြီး ကိုယ်တိုင် ၂ဂိုးသွင်းယူပေးနိုင် ခဲ့သလို ဂေါ်ရတ်ကာ ရဲ့ ဂိုးကိုလည်း ဖန်တီးပေး နိုင်ခဲ့ပါတယ်။မိုချန်ဂလာဘတ်မှာကစားခဲ့တဲ့အခုပွဲကိုအနိုင်ရခဲ့တာကြောင့်ဂျာမနီအသင်းအတွက်တော့ ယူရိုပြိုင်ပွဲကြီးကို ၁၃ကြိမ်မြောက်အဖြစ်ပါဝင်ခွင့်ရသွားခဲ့ပြီး စံချိန်တင်နိုင်ခဲ့ပါတယ်။

ဂျာမနီ အသင်းဟာ မဖြစ်မနေ အနိုင်ရဖို့အတွက် ပွဲအစကတည်းက ကြိုးစားခဲ့ပေမယ့် ပွဲချိန် ၄၁ မိနစ်ရောက်မှ အဖွင့်ဂိုးရခဲ့ပြီး ဂင်တာ ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ ဂေါ်ရတ်ကာနဲ့ တိုနီကရူးစ်တို့က နောက်ထပ်ဂိုးတွေကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဘီလာရုစ် အသင်းရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု အချို့မှာ ဂျာမနီဂိုးသမား နူအာလက်စွမ်းပြသွားခဲ့ပြီး စတာစီဗစ်ရဲ့ ပင်နယ်တီကိုလည်း ကာကွယ်ပေးသွားနိုင်ခဲ့ပါတယ်။နွေရာသီမှာကျင်းပမယ့်နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးကိုနွှဲခွင့်ရတော့မှာဖြစ်ပေမယ့် အတွေ့အကြုံကင်းမဲ့တဲ့ လူငယ်တွေကြောင့် ဂျာမနီ အသင်းဟာ ချန်ပီယံဆုကို ခြိမ်းခြောက်နိုင်မယ့်အသင်းတသင်းမဟုတ်ဘူးလို့တိုနီကရူးစ်က ဆိုပါတယ်။

UEFA ဝက်ဘ်ဆိုက်ဒ်နဲ့ အင်တာဗျူးမှာ တိုနီကရူးစ်က – ” ကျွန်တော်တို့အသင်း ဟာ အချို့ လုပ်ဆောင်မှုတွေမှာ ပိုကောင်း လာနေခဲ့ပေမယ့် အတွေ့အကြံု ပိုင်းဆိုင်ရာမှာတော့ လိုအပ်ချက်တွေရှိနေပါသေးတယ်။ဘယ်လိုအနေအထားလောက်မှာ ရပ်တည်နိုင်မယ်ဆိုတာကိုပြိုင်ပွဲကြီးမတိုင်မီလောက်မှာသိနိုင်ပါလိမ့်မယ်။

အခုချိန်မှာတော့ ကျွန်တော်တို့ကို ရေပန်းအစားဆုံး အသင်းတွေထဲ ထည့်တွက်လို့ မရသေးပါဘူး။ဒါပေမယ့်လည်း ဒီလိုပြောဆိုတာဟာ အမြဲတမ်းတော့ အမှန်တကယ်အဓိပ္ပါယ်သက်ရောက်စေတတ်တာမျိုးမဟုတ်ပါဘူး ” လို့ပြောခဲ့ပါတယ်။

ဒီပွဲရဲ့ ဂိုးပြတ်ရလဒ်မှာ အရေးပါခဲ့တာကတော့ ဂင်တာရဲ့ အဖွင့်ဂိုးဖြစ်ပြီး တကယ်လည်း ကောင်းလွန်းခဲ့တာဖြစ်ပါတယ်။ဂျာမနီ လက်ရွေးစင်အသင်းအတွက် ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂင်တာနဲ့ ပတ်သက်ပြီး နူအာက –

” ဒါဟာ သူ့ရဲ့ နိုင်ငံအသင်းအတွက် ပထမဆုံး သွင်းဂိုးလားဗျ ? ကောင်းပါပြီဗျာ။၂၉ ပွဲလောက်ပါဝင် အပြီးမှာသူဒီလိုလုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး လုပ်သင့်တဲ့အချိန်ရောက်လို့လုပ်နိုင်ခဲ့တာမဟုတ်ပါဘူး။သူ့ရဲ့ဂိုးသွင်းယူတဲ့ ပုံစံကိုကကောင်းလွန်းနေခဲ့တာဖြစ်ပါတယ် ” လို့ချီးကျူးခဲ့ပါတယ်။

ဗဟိုခံစစ်ကစားသမား တဦးက အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ အပေါ် ဂင်တာက- ” ဗဟို ခံစစ်သမား တယောက်က ဒီလိုသွင်းဂိုး မျိုးသွင်းယူနိုင်ခဲ့တာဟာ မဖြစ်နိုင်တာဘာမှ မရှိဘူးဆိုတာကိုပြသရာ ရောက်ပါတယ်။

နူအာ ပြောတာလည်း မှန်ပါတယ်ဗျာ။၂၉ ပွဲလောက် ကစားအပြီးမှာ ဒီလိုလုပ်ဆောင်နိုင်သင့်တဲ့ အချိန်ကို ရောက်လာနေခဲ့ပါပြီ။မိုချန်ဂလတ်ဘတ်ကွင်းမှာ သွင်းလိုက်နိုင်တာကတော့ ပိုပြီးထူးကဲ ချိုမြိန်သွားသလိုပါပဲ ” လို့ပြောသွားခဲ့ပါတယ်။

SM