အာဆင်နယ် အသင်း ခေါင်းဆောင်ဟောင်း ကော့စီရယ်နီ ဟာ ဒီနွေရာသီမှာ ပြင်သစ် လီဂူး ကလပ် ဘော်ဒိုး အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄.၅ သန်း နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ် ။ ပြင်သစ် နောက်ခံလူ ကော့စီရယ်နီ ဟာ အာဆင်နယ် အသင်းမှာ ကိုးနှစ်ကြာ ကစားပြီးနောက် မွေးရပ်မြေကို ပြန်လည် ပြောင်းရွှေ့သွားခဲ့တာပါ ။

အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကော့စီရယ်နီ ဟာ အာဆင်နယ် အသင်း ရဲ့ ရာသီကြို အမေရိက ခြေစမ်းပွဲ ခရီးစဉ်ကို လိုက်ပါဖို့ ငြင်းဆန် ခဲ့တာကြောင့် ကလပ် အသင်းတာဝန်ရှိသူတွေရဲ့ အမျက် ဒေါသ နဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။ ဒါကြောင့် ကော့စီရယ်နီ နဲ့ အာဆင်နယ် အသင်းတို့ရဲ့အဆုံးသတ် လမ်းခွဲဟာ သိပ်တော့ မလှပ ခဲ့ပါဘူး ။

နည်းပြ အူနိုင်း အမ်မရီ ဟာ ကော့စီရယ်နီ ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ထွက်ခွာဖို့ ဆန္ဒ ရှိနေတာကြောင့် အလျှော့ပေး လိုက်ရတာလည်း ဖြစ်ပါတယ် ။

ဒါပေမယ့်လည်း ယခု အခါမှာတော့ ကော့စီရယ်နီ အသင်းကနေ ထွက်ခွာသွားတာဟာ နည်းပြ အူနိုင်း အမ်မရီ ရဲ့ ဆုံးဖြတ်ချက် နှောင့်နှေးမှုတွေကြောင့် ဖြစ်ကြောင်း The Athletic က ထုတ်ဖော် ရေးသား လိုက်ပါတယ် ။

Athletic ရဲ့ ဖော်ပြချက် အရ နည်းပြ အမ်မရီဟာ အာဆင်နယ် အသင်းကို စရောက်ကတည်းက ကော့စီရယ်နီ ကို အသင်းခေါင်းဆောင် အဖြစ် ဆက်လက် ထားရှိမှာလား ဆိုတာကို အဆုံးအဖြတ် ပေးဖို့ နှောင့်နှေး နေခဲ့ကြောင်း နဲ့ ဂါဇီဒစ် ထွက်ခွာ သွားတဲ့ အချိန်မှာတော့ ပြင်သစ်သားရဲ့ စာချုပ်သစ် ကိစ္စဟာ ပိုမို မှေးမှိန် သွားခဲ့တယ်လို့ ဆိုပါတယ် ။

ကော့စီရယ်နီ ဟာ အာဆင်နယ် အသင်း နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ပြောဆို ဆွေးနွေး ပြီးပြီ ဖြစ်ပြီး ကစားသမား ဘဝ အနားယူသွားပြီတဲ့ အခါမှာလည်း အသင်းရဲ့ နည်းပြ အဖွဲ့ဝင် အဖြစ် ဆက်လက် လုပ်ကိုင်ဖို့ သဘောတူညီမှု ရရှိ ထားပြီး ဖြစ်ပါတယ် ။

ဒါပေမယ့်လည်း ဂါဇီဒစ် ထွက်ခွာသွားတဲ့ အချိန်မှာတော့ ကော့စီရယ်နီ ရဲ့ စာချုပ်သစ် ကိစ္စဟာ မှေးမှိန် သွားခဲ့ပါတယ် ။ ဒါ့အပြင် ကော့စီရယ်နီ ဟာ ဒဏ်ရာကနေ သက်သာခါစ အချိန်မှာ အနားမရဘဲ ပွဲတွေ ဆက်တိုက် ကစားခဲ့ရတာကြောင့် နည်းပြ အမ်မရီ ရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ် ဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့ အကြောင်းဖန်လာခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။

ကော့စီရယ်နီ ဟာ အာဆင်နယ် အသင်းမှာ ကစားလာတာ ကိုးနှစ်ကျော်ကြာ ရှိပြီ ဖြစ်ပြီး ပွဲပေါင်း ၄၀၀ ကျော် ကစားထားကာ အက်ဖ်အေ ဖလား သုံးလုံး ဆွတ်ခူး ရရှိ ထားပါတယ် ။ ဒါ့အပြင် ကော့စီရယ်နီ ဟာ ပြင်သစ် လက်ရွေးစင် အသင်းအတွက်လည်း ပွဲပေါင်း ၅၁ ပွဲကျော် ပါဝင် ကစားပေးထားကာ မနှစ်တုန်းက နိုင်ငံလက်ရွေးစင် ကစားသမား ဘဝကနေ အနားယူပြီ ဖြစ်ကြောင်း ကြေညာ ထားသူပါ ။

SPORTS MYANMAR