ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထားရတာကြောင့် အကယ်ဒမီ က လူငယ် ကစားသမား တွေကို နေရာ ပေးတတ်တဲ့ ၄င်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဖရန့် လမ်းပတ် ကို ၃နှစ် စာချုပ် နဲ့ ခေါ်ယူ ခန့်အပ် ခဲ့ပါတယ် ။ လမ်းပတ် ဟာ လူငယ် တွေ အကြောင်း ကောင်းကောင်း သိထားတာကြောင့် ရဲရဲတင်းတင်း နေရာ ပေးခဲ့သလို ၊ လူငယ် တွေကလည်း ၄င်းရဲ့ ယုံကြည်မှု တွေ အတွက် အကောင်းဆုံး ပေးဆပ် ကစား နေကြပါတယ် ။

ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ပြီးတဲ့ အချိန် မှာ လမ်းပတ် နဲ့ ချယ်လ်ဆီး လူငယ် တို့ အုပ်စု ဟာ အမှတ်ပေး ဇယား အဆင့် ၃ နေရာ ကို အံ့အားသင့်စွာ ရောက်ရှိနေကာ ၊ ရာသီ အစ က ဘောလုံးပွဲ သုံးသပ် ခန့်မှန်းသူ တွေရဲ့ အမြင် နဲ့ လုံးဝ တခြားစီ ဖြစ်နေခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း နောက်ခံလူ ဟောင်း ဂလင်း ဂျွန်ဆင် ကတော့ ၄င်းရဲ့ အသင်းဖော်ဟောင်း ဖရန့် လမ်းပတ် ဟာ ကစားသမား ဘဝ မှာ ကတည်းက နည်းပြ တဦး ရဲ့ အရည်အသွေး တချို့ ရှိနေခဲ့တာ ဖြစ်တယ် လို့ Daily Express နဲ့ အင်တာဗျူး မှာ ဖွင့်ဟ ခဲ့ပါတယ် ။

ဂလင်း ဂျွန်ဆင် က ” ဟုတ်ပါတယ် ။ ဖရန့် ဟာ အရင် ကတည်းက ဒီ နည်းပြ ဖြစ်ချင်တဲ့ စိတ် ၊ ပင်ကို အရင်းခံ ရှိထားပြီးသားပါ ။ ကစားသမား ဘဝတုန်း က ပွဲတပွဲ ပြီးတိုင်း သူဟာ နည်းပြ တွေဆီမှာ နည်းစနစ် ၊ ကစားကွက်ပိုင်း နဲ့ ပတ်သက်ပြီး တွေ့ဆုံ စကား ပြောလေ့ ရှိပါတယ် ။ ဒါကြောင့်မို့ ကျွန်တော့ အမြင် မှာ သူဟာ တချိန်ချိန် မှာ နည်းပြ တယောက် ဖြစ်ကို ဖြစ်မယ် ဆိုတာ ကြိုတင် မှန်းဆ ခဲ့ပြီးသားပါ ။ ”

” ဖရန့် ချယ်လ်ဆီး မန်နေဂျာ ရာထူး ကို အခုလို စောစောစီးစီး ရလာတာ ကို ကျွန်တော် အ့ံသြ မိပါတယ် ။ ကျွန်တော့ အမြင် မှာ သူ ဒီ ရာထူး ကို နောက်နှစ် အနည်းငယ် ကြာမှ လက်ခံမယ် လို့ ထင်ထားတာပါ ။ ဘယ်လိုပဲ ပြောပြော ၊ အခုလို ချယ်လ်ဆီး အသင်း အပြောင်းအရွှေ့ အပိတ်ခံ ထားရတဲ့ အချိန် ဟာ ဖရန့် အတွက် ချိန်သားကိုက် ရောက်လာတယ် လို့ပဲ ဆိုရမှာပါ ။ ဖရန့် မှ မဟုတ်ရင်လည်း သူတို့ဟာ တခြား မန်နေဂျာ တယောက်ယောက် ကို ခန့်ပြီီး အချိန်ပေး စောင့်ကြည့်မယ် လို့ ထင်ပါတယ် ။ ”

” အခုလို ဖရန့် ချယ်လ်ဆီး အသင်း မန်နေဂျာ ရာထူး မှာ အသားကျ လာတာကို မြင်ရတဲ့ ကျွန်တော့ အတွက်လည်း ဝမ်းသာစရာ ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဒါ့အပြင် ဂလင်း ဂျွန်ဆင် က ယခု လက်ရှိ အနေအထား ဟာ အေဘရာမိုဗစ်ချ် ချယ်လ်ဆီး ကို စတင် ဝယ်ယူ ခဲ့တုန်းကနဲ့ မတူတော့ကြောင်း ၊ အခုလို အပြောင်းအရွှေ့ အပိ်တ်ခံလိုက်ရတာ ဟာ အရည်အသွေး မြင့်မားတဲ့ လူငယ် ကစားသမား တွေ အတွက် အလဟဿ မဖြစ်ခဲ့ကြောင်း သုံးသပ် ခဲ့ပါတယ် ။

ဂလင်း ဂျွန်ဆင် က ” ကျွန်တော် ချယ်လ်ဆီး အတွက် ကစား ပေးတုန်းက အခု အနေအထား နဲ့ လုံးဝ တခြားစီ ပါပဲ ။ ရိုမန် အေဘရာမိုဗစ်ချ် ဟာ အကောင်းတကာ့ အကောင်းဆုံး ကစားသမား တွေကို အရန်သင့် ဝယ်ယူ ဖြည့်တင်း နေတာကြောင့် ဒီလို အကယ်ဒမီ က လူငယ် ကစားသမား တွေဟာ စီနီယာ အသင်း မှာ အခွင့်အရေး ရဖို့ မျက်စတောင် ပစ်ခွင့် မရှိခဲ့ပါဘူး ။ ကျွန်တော် တို့ တုန်းက တကယ် ကို တမူထူးခြားတဲ့ မျိုးဆက် တခု ဖြစ်ခဲ့ပါတယ် ။ ”

” နာမည်ကြီး ကစားသမား တွေ သက်သက် သာ ချယ်လ်ဆီး ကို ရောက်ရှိလာတာ ဖြစ်ပေမယ့် အခုလို ချယ်လ်ဆီး အသင်း မှာ အကယ်ဒမီ က လူငယ် ကစားသမား တွေ အထူးတလည် နေရာ ရလာတာကို အံ့လည်း အံ့သြရသလို ၊ သူတို့ရဲ့ စွမ်းဆောင်ရည် တွေက အရမ်း ကို ထက်မြက် နေတာကြောင့် လည်း အရမ်း ကို ဝမ်းသာ ရပါတယ် ။ ”

” ချယ်လ်ဆီး အသင်း ဟာ ဒီ လူငယ် ကစားသမား တွေကို အခွင့်အရေး ပေးကို ပေးမှ ရမှာပါ ။ ဘာကြောင့်လဲ ဆိုတော့ အပြောင်းအရွှေ့ အပိတ် ခံထားရတဲ့ အပြင် သူတို့ဟာ အသင်း ရဲ့ အကောင်းဆုံး ကစားသမား ကို ဆုံးရှုံး ထားခဲ့ရလို့ပါ ။ သူတို့ အားလုံး အခက်အခဲ တွေကို ကြံ့ကြံ့ခံပြီး အတူတကွ ဖြေရှင်း နေကြပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ အရင် ၆လ က သူတို့မှာ ရှိလို့ ရှိမှန်း မသိတဲ့ ဒီ လူငယ် ကစားသမား တွေဆီက အရည်အသွေး တွေကို ပိုင်ဆိုင် နေပါပြီ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR