ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် ဟာ ယခုနှစ် ဘောလုံး ရာသီ အပြောင်းအရွှေ့ မှာ ရီးရဲလ် မက်ဒရစ် အသင်း ကနေ ချယ်လ်ဆီး အသင်း သို့ စာချုပ်ပါ လျော်ကြေး ပေါင် ၄၅ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပါတယ် ။ ကိုဗာဆစ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း သို့ အငှား နဲ့ လာရောက် ကစားခဲ့ဖူးကာ ၊ ဖရန့် လမ်းပတ် ရဲ့ ဒီရာသီ တခုတည်း သော ခေါ်ယူမှု လည်း ဖြစ်ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ ဒီရာသီ စွမ်းဆောင်ရည်ကောင်း တွေထဲက တခု ကို ဖော်ပြ ရမယ် ဆိုရင် ကိုဗာဆစ် – ဂျော်ဂျင်ဟို တို့ရဲ့ ကွင်းလယ် အတွဲ ကို ထုတ်နုတ် ပြသ ရမှာ ဖြစ်ပါတယ် ။ ကိုဗာဆစ် ဟာ ဒီနှစ် ဘောလုံး ရာသီ ချယ်လ်ဆီး အသင်း ရဲ့ အတိုးတက်လာဆုံး ကစားသမား တဦး လည်း ဖြစ်ပါတယ် ။ သို့ပေမယ့် လည်း ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကရော ၊ ဒီနှစ် ဘောလုံး ရာသီ မှာပါ ချယ်လ်ဆီး အတွက် ဂိုးပေါက် ရှာတွေ့ဖို့ ရုန်းကန် နေရဆဲ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ တရားဝင် ဝက်ဘ်ဆိုက် နဲ့ အင်တာဗျူး မှာတော့ ကိုဗာဆစ် က သူ့ အနေနဲ့ ဒီရာသီ မှာ ချယ်လ်ဆီး အတွက် ပထမဆုံး သွင်းဂိုး ရဖို့ အတော်လေး ကြိုးစား နေကြောင်း ၊ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ဟာ ကစားသမား ဘဝ မှာ ကွင်းလယ် ဂိုးသွင်းစက် ဖြစ်ခဲ့တာကြောင့် ၄င်းဆီက နည်းလမ်း တွေ ၊ အကြံဉာဏ် တွေ အမြဲ ယူနေကြောင်း ဖွင့်ဟ လာပါတယ် ။

ကိုဗာဆစ် က ” ကျွန်တော့ အတွက် အရေးပါဆုံး အရာ တခု က ချယ်လ်ဆီး အတွက် ပထမဆုံး သွင်းဂိုး ရရှိဖို့ပါ ။ ကျွန်တော် ဟာ အင်တာမီလန် မှာ ကစားခဲ့တဲ့ ဘောလုံးရာသီ တခုမှာ ဂိုး အများကြီး သွင်းခဲ့ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ အဲ့ဒီနှစ် ကို ကျွန်တော် ဟာ သွင်းဂိုး တချို့ နဲ့ စတင် နိုင်ခဲ့လို့ပါ ။ ဒါကြောင့်လည်း အရှိန် ရသွားပြီး ဂိုးတွေ ထပ်သွင်း နိုင်ခဲ့တာပါ ။ ကျွန်တော် ဟာ ဂိုးမဖြစ်မနေ ရရမယ် ဆိုပြီး ကိုယ့်ကိုယ့်ကို ဖိအား ပေးတာမျိုး မရှိပါဘူး ။ ”

” သွင်းဂိုး တွေနဲ့ ပတ်သက်ပြီးလည်း အရမ်း တဖက်သတ် ဆန်နေတာမျိုး မရှိပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ကစားနေတဲ့ ပုံစံ က ဂိုးသွင်းဖို့ အတွက် မဟုတ်တဲ့ အတွက်ကြောင့်ပါ ။ ဒါပေမယ့် အမှန်တကယ် တော့ ကျွန်တော် လည်း ခြေစွမ်း နောက်ထပ် အဆင့် တဆင့် တက်ဖို့ အတွက် သွင်းဂိုး အပိုင်း နဲ့ ပတ်သက်ပြီး တိုးတက်မှု ကိုတော့ လိုလားပါတယ် ။ မန်နေဂျာ ဟာလည်း ပရီးမီးယားလိဂ် ရဲ့ ဂိုးသွင်း အများဆုံး ကွင်းလယ်လူ ဖြစ်ခဲ့ပါတယ် ။ ”

” ကွင်းလယ်လူ အနေနဲ့ ကစားပြီး ဂိုးတွေ အများအပြား သွင်းတဲ့ ကစားသမား တွေကို ကျွန်တော် မြင်ဖူးပါတယ် ။ ဒါပေမယ့် ဖရန့် လောက်တော့ ဘယ်သူမှ ဂိုးတွေ မသွင်းနိုင်ခဲ့ပါဘူး ။ သူ ကျွန်တော့ ကို ဂိုးတွေ ရဖို့ ဂိုးပေါက် ကန်သွင်းနိုင်ဖို့တော့ လိုတယ် ဆိုတာ ပြောပါတယ် ။ အခုဆို ကျွန်တော် ကိုယ်တိုင် လည်း ကြိုးစားပြီး ကန်သွင်းနေပါပြီ ။ ဂိုးရချင်စိတ် ဆိုတာ ကိုယ့်စိတ် က ဖန်တီးမှ ရတာပါ ။ ဂိုးတွေ အတွက် ဆာလောင်နေတဲ့ ခံယူချက် ကို အမြဲ သွင်းထားဖို့ လိုပါတယ် ။ ”

” ဒီ ခံယူချက် တွေ မြင့်မားလာဖို့ အတွက်လည်း ကျွန်တော် ကြိုးစား နေပြီး ၊ မကြာခင် မှာ ဂိုးတွေ ရလာဖို့လည်း မျှော်လင့် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး ကိုဗာဆစ် က သူ အကောင်းဆုံး ခြေစွမ်း ပြနိုင်တဲ့ နေရာ က ဘယ်နေရာလဲ ဆိုတာလည်း အခုလိုပဲ ပြောပြ လာပါတယ် ။

ကိုဗာဆစ် က ” ကျွန်တော့ ရဲ့ အလုပ် က အသင်းဖော် တွေ အတွက် နေရာလွတ် တွေ ဖန်တီး ပေးနိုင်ဖို့ပါ ။ ဒါဟာ ကျွန်တော့ ရဲ့ ကြီးမားတဲ့ အားသာချက် ဖြစ်ပြီး အခု အခါမှာ ဒီလို ပုံစံမျိုး ပိုပြီး ကစားဖြစ်တယ် လို့ ထင်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တို့ဟာ မနှစ် က ထက်စာရင် တမူထူးခြားတဲ့ ကစားဟန် ကို အသုံးပြု နေတာကြောင့်ပါ ။ ကျွန်တော် တို့ဟာ ဒီနှစ် မှာ ပိုပြီး တိုက်စစ် အသားပေးလာတယ် ၊ ပိုပြီး တွန်းတွန်းတိုက်တိုက် ကစားလာပါတယ် ။ ”

” ကျွန်တော် တို့ဟာ ပြီးခဲ့တဲ့ ရာသီ က မစမ်းသပ်ဖူးတဲ့ နည်းစနစ် တွေကို စမ်းသပ် လုပ်ဆောင် နေတာပါ ။ ဒါက အရမ်း ကောင်းပါတယ် ။ ကျွန်တော် ဟာ ကွင်းလယ် ၃ယောက် ကစားကွက် မှာလည်း ကစားနိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော့ ရဲ့ အကောင်းဆုံး နေရာ က ကွင်းလယ် ၂ယောက် ကစားကွက် မှာပါ ။ ကွင်းလယ် ၂ယောက် ပုံစံ နဲ့ ဆိုရင် ကျွန်တော့ အတွက် ကစားရတာ ပိုပြီး လွတ်လွတ်လပ်လပ် ရှိစေပါတယ် ။ ဒါပေမယ့် အဆုံးမှာတော့ ကစားကွက် က ကျွန်တော့ အပေါ် အများကြီး မသက်ရောက်ပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR