ခရစ်စတီယာနို ရော်နယ်ဒို ဟာ နောက်ထပ် သမိုင်း မှတ်တိုင် တစ်ခု စိုက်ထူ နိုင်ဖို့ အတွက် ကြိုးပမ်း ရာမှာ လူလည်ကျမှု ရှိခဲ့ပေမယ့် ဘောလုံး သမိုင်းမှာ နိုင်ငံတကာ သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာရန် အတွက် ကိုတော့ စောင့်ဆိုင်း သွားရ အုံးမှာ ဖြစ်ပါတယ်။

ဂျူဗင်တပ် စူပါစတား ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က လစ်သူယေးနီးယား ကို ပေါ်တူဂီ တို့ ၆-၀ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူ နိုင်ခဲ့ ပြီးနောက် မနေ့ညက လူဇင်ဘက် နဲ့ ပွဲစဉ် မတိုင်မီ နိုင်ငံတကာ သွင်းဂိုး ၉၈ ဂိုး ရရှိ သွားခဲ့ ပါတယ်။ ဒါ့အပြင် အသက် ၃၄ နှစ် အရွယ် တိုက်စစ်မှုးဟာ လူဇင်ဘက်ကို ပေါ်တူဂီ တို့ ၂-၀ နဲ့ အနိုင် ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၈၆ မိနစ် မှာ ဒီယေဂို ဂျိုတာရဲ့ ကန်သွင်းမှု ကနေ တဆင့် ဂိုးထဲ ရောက်လု ဆဲဆဲ ဘောလုံး ကို ကြားဖြတ် သွင်းယူကာ ၎င်းရဲ့ နိုင်ငံတကာ သွင်းဂိုး ၉၉ ဂိုးမြောက် ကို ရယူ သွားခဲ့ ပါတယ်။

ထို့နောက် ရော်နယ်ဒို ဟာ လက်ကျန် ပွဲချိန် တွေမှာ သူ့ရဲ့ ရာပြည့်ဂိုး ကို သွင်းယူဖို့ အတွက် အပြင်းအထန် ကြိုးပမ်း ခဲ့ပေမယ့် နောက်ထပ် ဂိုးတော့ ထပ်မရ ခဲ့ပါဘူး။ လက်ရှိ ဥရောပ ချန်ပီယံ ပေါ်တူဂီ အသင်းဟာ လူဇင်ဘက်ကို အနိုင် ရခဲ့တာကြောင့် ယူရို ၂၀၂၀ ခြေစစ်ပွဲကို အောင်မြင် သွားခဲ့ပြီး ရော်နယ်ဒို အနေနဲ့ ကတော့ လက်ရွေးစင် အဆင့်မှာ နောက်ထပ် မှတ်တမ်း တစ်ခုကို စိုက်ထူ နိုင်ရန် နွေရာသီထိ စောင့်ဆိုင်း သွားရ တော့မှာပါ။

ရော်နယ်ဒို ဟာ အလီဒါအီ ရဲ့ ခြေရာကို နင်းဖို့ ရည်ရွယ် နေတာ ဖြစ်ပြီး အီရန် ဂန္တဝင် တိုက်စစ်မှုးဟာ လက်ရွေးစင် အသင်း အတွက် ၁၄၉ ပွဲ ကစား ၁၀၉ ဂိုး သွင်းယူ ထားခဲ့ပြီး စံချိန်တင် ထားခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် သြဂုတ်လ က ကာဇက်စတန် နဲ့ ပွဲမှာ ပေါ်တူဂီ အတွက် ပွဲဦးထွက်ကို စတင် ကစား ခဲ့တာ ဖြစ်ပြီး အဲဒီ အချိန်မှာ မန်ချက်စတာယူနိုက်တက် ကို ရောက်ရှိပြီးနောက် တစ်ပတ် အကြာမှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီ အတွက် ပထမဦးဆုံး နိုင်ငံတကာ သွင်းဂိုးကို ယူရို ၂၀၀၄ ချန်ပီယံ ဖြစ်ခဲ့တဲ့ ဂရိ အသင်းနဲ့ အုပ်စု ပွဲစဉ်မှာ သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် နောက်ပိုင်း ပေါ်တူဂီ အသင်းခေါင်းဆောင် ဖြစ်လာ ခဲ့သူ ရော်နယ်ဒိုဟာ အဲဒီကတည်းက စပြီး ပေါ်တူဂီ အတွက် tournament တိုင်းမှာ ဂိုးသွင်းယူ နိုင်ခဲ့သူ ဖြစ်လာ ခဲ့ပြီး ယူရို ၂၀၁၆ မှာ ချန်ပီယံဆုကိုပါ ရယူ ပေးနိုင် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ တုန်းကလည်း ရော်နယ်ဒို ဟာ ပေါ်တူဂီရဲ့ UEFA Nations League အောင်မြင်မှုမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင် ပေးခဲ့ ပါသေးတယ်။ လက်ရှိမှာ နိုင်ငံတကာ သွင်းဂိုး ၉၉ ဂိုး ပြည့်သွား ခဲ့ပြီ ဖြစ်တဲ့ ရော်နယ်ဒိုဟာ ကစားသမား ဘဝမှာ ဂုဏ်ယူစရာ ကောင်းတဲ့ နောက်ထပ် စံချိန် တစ်ခု ရရှိဖို့ အတွက် လက်လှမ်းမှီ နေတဲ့ အနေအထားမှာ ရှိနေ ပေမယ့် လူဇင်ဘက်ကို နောက်ထပ် တစ်ဂိုး ထပ်မသွင်း နိုင်ခဲ့တဲ့ အတွက် အချိန်တစ်ခုထိတော့ စောင့်သွား ရအုံးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုဟာ ဂျူဗင်တပ် ရဲ့ နောက်ဆုံး ပွဲစဉ် ၂ ပွဲ မှာတော့ လူစားလဲခြင်းတွေ ဆက်တိုက် ခံထား ခဲ့ရပြီး ဒီအပေါ် ပေါက်ကွဲ နေခဲ့ကာ ဂျူဗီ နည်းပြ ဆာရီ ကတော့ ပေါ်တူဂီ စတားဟာ အသေးစား ဒူးဒဏ်ရာ ပြသနာ နဲ့ ရုန်းကန် နေရတယ်လို့ ဆိုထား ခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ ပေါ်တူဂီ ရဲ့ ပွဲစဉ် ၂ ပွဲမှာတော့ နိုင်ငံအတွက် သွင်းဂိုး တွေနဲ့ ခြေစွမ်းပြ ခဲ့ကာ သူ့မှာ ဘာပြသနာမှ မရှိဘူး ဆိုတာ ပြသ ခဲ့ပါတယ်။

လာမည့် နွေရာသီ မှာ ကျင်းပမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲ ပြီးနောက် ရော်နယ်ဒို အနေနဲ့ ကစားသမား ဘဝ ကနေ အနားယူ သွားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေခဲ့ပါတယ်။

ရော်နယ်ဒို က “ကျွန်တော့် ရဲ့ ကစားသမား ဘဝ လာမည့် နှစ်မှာ ပြီးကောင်း ပြီးသွား နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် အသက် ၄၀ ၊ ၄၁ နှစ်ထိလည်း ကစား သွားနိုင်ပါတယ်။ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော် အမြဲ ပြောလေ့ ရှိတာကတော့ လက်ရှိ အချိန်ကိုသာ enjoy လုပ်ဖို့ပါ။ ဒီလက်ဆောင်ဟာ အရမ်းကို ကောင်းလွန်းပါတယ်။ ကျွန်တော် ဆက်လက် enjoy လုပ်နေမှာပါ။ ကျွန်တော့်ထက် စံချိန်တွေ များတဲ့ ဘောလုံးသမား များများစားစား မရှိဘူးလို့ ကျွန်တေ်ာ ထင်ပါတယ်။” လို့ ဆိုသွား ပါတယ်။

SM