ချယ်လ်ဆီး အသင်း ဟာ ယခု လအစပိုင်း ကပဲ ၄င်းတို့ အသင်း ရဲ့ နည်းပြသစ် အဖြစ် ဂန္တဝင် ကွင်းလယ်လူ ဟောင်း ဖရန့် လမ်းပတ် ကို နည်းပြသစ် အဖြစ် ၃နှစ် စာချုပ် နဲ့ ခန့်အပ် ခဲ့ပါတယ် ။ လမ်းပတ် ဟာ ချယ်လ်ဆီး အသင်း နဲ့ လာမယ့် ရာသီ အတွက် လေ့ကျင့် ပြင်ဆင်မှု တွေ စတင်နေပြီး ခြေစမ်းပွဲ တပွဲလည်း စတင် ထားပြီး ဖြစ်ပါတယ် ။

ကစားသမား သစ် ခေါ်ယူခွင့် အပိတ်ခံ ထားရတဲ့ အတွက် လမ်းပတ် ဟာ အကယ်ဒမီ မှ လူငယ် ကစားသမား တွေ ၊ အငှား က ပြန်လာတဲ့ ကစားသမား တွေကို အလျဉ်းသင့် သလို အသုံးပြု ဖို့ လိုအပ် နေပါတယ် ။ လောလောဆယ် မှာတော့ လမ်းပတ် ဟာ သူ့ရဲ့ ဦးစားပေး ကစားဟန် ဖြစ်တဲ့ မြန်နှုန်းမြင့် ကစားဟန် ရရှိဖို့ အတွက် နည်းစနစ် နဲ့ ကစားကွက် တချို့ စမ်းသပ်မှု တွေ ပြုလုပ်လျက် ရှိနေပါတယ် ။

ပြီးခဲ့တဲ့ ဘိုဟီးမီးယန်း အသင်း နဲ့ ခြေစမ်းပွဲ မှာလည်း လမ်းပတ် ဟာ ပထမပိုင်း နဲ့ ဒုတိယပိုင်း ကို မတူညီတဲ့ ကစားကွက် ၂ခု နဲ့ ချဉ်းကပ် ခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။ သရေ ရလဒ် သာ ထွက်ပေါ် ထားခဲ့ပေမယ့် ချယ်လ်ဆီး ပရိသတ် တွေကတော့ လမ်းပတ် ရဲ့ စွမ်းဆောင်ရည် အပေါ် လုံးဝ သံသယ မရှိပဲ ဆက်လက် ယုံကြည်မှု ပေးထားဆဲ ဖြစ်ပါတယ် ။

အဖွင့် ခြေစမ်းပွဲ မှာ ပွဲထွက်ခွင့် ရခဲ့တဲ့ ဝါရင့် ဂိုးသမား ကာဘယ်လာရို ကလည်း လမ်းပတ် ဟာ ၄င်း မန်စီးတီး မှာ ကစား ခဲ့စဉ် ကတည်းက ဦးဆောင်မှု အပြည့်နဲ့ ကစားသမား တယောက် ဖြစ်ခဲ့တယ် ဆိုတာ ကြိုသိ နေခဲ့ကြောင်း ၊ အင်္ဂလန် မှာ နည်းပြကောင်း တဦး ဖြစ်ဖို့ ဆိုတာ ကစားသမား ဘဝ မှာတုန်းက ဦးဆောင် နိုင်မှု အပြည့်ရှိသူ ၊ အောင်မြင်မှု များစွာ ဆွတ်ခူး ခဲ့သူ ဖြစ်ခဲ့လျှင် ပိုကောင်းတဲ့ မန်နေဂျာ ဖြစ်လာနိုင်ကြောင်း ဆိုခဲ့ပါတယ် ။

ချယ်လ်ဆီး တီဗွီ နဲ့ အင်တာဗျူး မှာ ကာဘယ်လာရို က ” ကျွန်တော် ဟာ မန်စီးတီး မှာတုန်းက ဖရန့် နဲ့ ဘောလုံး ရာသီ တခုစာ တွဲကစား ခဲ့ဖူးပါတယ် ။ အဲ့ဒီ အချိန် ကတည်းက သူ့မှာ အသင်း အပေါ် ဘယ်လောက် ထိ လွှမ်းမိုးနိုင်မှု ၊ ဦးဆောင်နိုင်မှု ရှိသလဲ ဆိုတာ ကြိုတင် ခံစား နေခဲ့ရပါပြီ ။ မန်စီးတီး မှာ ကျွန်တော် ကစား ခဲ့စဉ် က ဇာဘလက်တာ နဲ့ ကျွန်တော် တို့ဟာ နေ့တိုင်း လိုလို အင်္ဂလန် က နည်းပြ တွေ အကြောင်း ဆွေးနွေး ခဲ့ကြပါတယ် ။ ”

” ကျွန်တော့ အမြင် မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် အသင်းကြီး တွေဟာ အောင်မြင်မှု ဂုဏ်ပုဒ် တွေ ရယူနိုင်ဖို့ ထိပ်တန်း ကစားသမားကောင်း တွေ လိုအပ်သလို နည်းပြကောင်း တဦး ဖြစ်ဖို့ ဆိုတာလည်း ဦးဆောင်နိုင်မှု ၊ ကစားသမား ဘဝတုန်းက အောင်မြင်ဖို့ လည်း လိုတယ် လို့ ထင်ပါတယ် ။ ဒါကြောင့်မို့ ဖရန့် ချယ်လ်ဆီး နည်းပြ ဖြစ်လာတာ အသင်း အတွက် ရော ၊ သူ့ အတွက် အရမ်း ကောင်းပါတယ် ။ ”

” ဖရန့် နဲ့ အတူ လေ့ကျင့်မှု တွေက အရမ်း ကို ခရီးရောက် နေပါပြီ ။ လေ့ကျင့်ရေး အစီအစဉ် မစတင်မီ ကျွန်တော် တို့ အားလုံး ကို အဖွင့်စကား ပြောတာတွေ က အတော်ကို စိတ်လှုပ်ရှား စရာ ကောင်းပါတယ် ။ သူဟာ ကျွန်တော် တို့ကို ဘယ်လို ကစား စေချင်သလဲ ၊ သူ့ရဲ့ အိုင်ဒီယာ တွေက ဘယ်လို ရှိသလဲ ၊ အောင်မြင်ဖို့ အတွက် ဘယ်လို ကြိုးစား ရမလဲ ဆိုတာ ကျွန်တော် တို့ နားလည် အောင် အမြဲ ချပြလေ့ ရှိပါတယ် ။ ”

” နောက်ပြီး သူဟာ ချယ်လ်ဆီး လို အသင်းကြီး တသင်း အတွက် ကစား ပေးရတယ် ဆိုတာ ဘယ်လောက် အထိ အဓိပ္ပာယ် ရှိလဲ ဆိုတာ ရှင်းပြ ခဲ့သလို ကျွန်တော် တို့ဟာလည်း လာမယ့် ဘောလုံး ရာသီ သူ့ အတွက် ကစားပေးဖို့ စိတ်လှုပ်ရှား နေကြပါပြီ ။ သူဟာ ကစားသမား ဘဝ မှာတုန်း က ချယ်လ်ဆီး အသင်း အတွက် အချိန် အကြာကြီး ကစား ပေးခဲ့သလို ဆုဖလား အောင်မြင်မှု များစွာလည်း ရယူ ခဲ့ပါတယ် ။ ”

” အခု အခါမှာလည်း သူဟာ နည်းပြ တယောက် အနေနဲ့ ကျွန်တော် တို့ကို သူတို့ ခေတ်ကာလ တုန်းကလို အောင်မြင် စေချင်တဲ့ ဆန္ဒ တွေ ရှိနေပါတယ် ။ ဒါကြောင့်မို့ ကျွန်တော် တို့ ပြင်းပြင်းထန်ထန် ကြိုးစားဖို့ အဆင်သင့် ဖြစ်နေပါပြီ ။ အရင် က ဖရန့် ပြောခဲ့သလိုပဲ ၊ ကျွန်တော် တို့ အသင်း မှာ အစွမ်းအစ ရှိတဲ့ ကစားသမား တွေ များစွာ ရှိနေပါတယ် ။ ဒါကြောင့်မို့ ချယ်လ်ဆီး အသင်း မှာ ကစားခွင့် ရနေတာ ကျွန်တော့ အဖို့ စိတ်လှုပ်ရှားစရာ ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR