အဲရစ် အဘီဒယ်က ပြီးခဲ့တဲ့ ရာသီက လီဗာပူး ကို ဘာစီလိုနာ တို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရှံုးနိမ့် ခဲ့ခြင်းဟာ ကတ်တလန် ကလပ်ရဲ့ ခံယူချက်နဲ့ အဝေးကွင်းမှာ ဂိုးတစ်ဂိုးမှ သွင်းယူ နိုင်စွမ်း မရှိတဲ့ အကြောင်းရင်း တွေကြောင့် ဆိုပြီး ပြစ်တင် ဝေဖန် သွားခဲ့ ပါတယ်။ ယာဂန်ကလော့ရဲ့ လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ရာသီ ဆီမီးဖိုင်နယ် ဒုတိယ အကျော့ အန်ဖီးမှာ ချန်ပီယံလိဂ် သမိုင်းရဲ့ အကောင်းဆုံး comeback တွေထဲက တစ်ခုကို ဖန်တီး ပြနိုင် ခဲ့ပါတယ်။

ဘာကာဟာ ပထမအကျော့က နူးကမ့်မှာ လီယွန်နယ်မက်ဆီ ၊ လူးဝစ်ဆွာရက် တို့ရဲ့ ဂိုးတွေနဲ့ အတူ လီဗာပူး ကို ၃-၀ နဲ့ နိုင်ခဲ့ ပေမယ့်လည်း အန်ဖီးကလပ်ဟာ နောက်တစ်ကျော့မှာ ဒီဗို့အိုရီဂီ (၂ ဂိုး) ၊ ဂျီနီဝိုင်နယ်ဒန် (၂ ဂိုး) တို့ရဲ့ ဂိုးတွေနဲ့ အတူ ကတ်တလန် အင်အားကြီး ကလပ်ကို အံ့သြ မင်သက် စေခဲ့ပြီး ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက် သွားခဲ့ ပါတယ်။

ဘာစီလိုနာ အသင်းဟာ ၂၀၁၇-၁၈ ဘောလုံး ရာသီ တုန်းကလည်း ကွာတားဖိုင်နယ် ပထမအကျော့မှာ ရိုးမားကို ၄-၁ နဲ့ နိုင်ခဲ့ပေမယ့် အဝေးကွင်းမှာ ၃-၀ နဲ့ ရှံုးခဲ့တာကြောင့် ကွာတားဖိုင်နယ် ကနေ ထွက်ခွာ ခဲ့ရတဲ့ အဖြစ်မျိုး ကြံုတွေ့ ထားခဲ့ ပေမယ့် ဒါကို ကောင်းကောင်း သင်ခန်းစာ မယူ နိုင်ခဲ့ဘဲ နောက်တစ်နှစ်မှာ ဒီလို ပုံစံမျိုး ထပ်ကြံု ခဲ့ရပါတယ်။

ဘာစီလိုနာ ရဲ့ ဘောလုံး ဒါရိုက်တာ အဖြစ် လုပ်ကိုင် နေသူ အဘီဒယ် ကတော့ လီဗာပူး နဲ့ ပွဲမှာ သူတို့ အသင်း ဘာဖြစ် ခဲ့သလဲ ဆိုတာနဲ့ သူတို့ အသင်း အနေနဲ့ လက်ရှိ နည်းပြ အာနက်စတို ဗယ်ဗာဒီ နဲ့ ဆက်လက် လက်တွဲ သွားရန် ဘာကြောင့် ဆုံးဖြတ် ခဲ့သလဲ ဆိုတာကို ရှင်းပြ သွားခဲ့ ပါတယ်။

အဘီဒယ် က “ကျွန်တော် ပထမဦးဆုံး လီဗာပူး နဲ့ ကစား ခဲ့တဲ့ ပထမ အကျော့ အကြောင်း ပြောချင် ပါတယ်။ ဘာစီလိုနာ ပရိတ်သတ် အားလုံး ဒီပွဲရဲ့ ရလဒ်ထက် စာရင် ဒီပွဲဟာ ဘယ်လိုလဲ ဆိုတာ ကောင်းကောင်း မှတ်မိ နေကြမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာစီလိုနာ အတွက် အရမ်းကို ခက်ခဲတဲ့ ပွဲ ဖြစ်ခဲ့ ပါတယ်။ လီဗာပူး ရဲ့ ကစားပုံဟာ ဘာတွေ ဖြစ်လာ နိုင်သလဲ ဆိုတဲ့ ရှင်းလင်းတဲ့ သတိပေးချက် ဖြစ်ပါတယ်။

အန်ဖီးမှာ ကြံုတွေ့ ခဲ့ရတဲ့ ကပ်ဆိုး ကတော့ ဘာစီလိုနာ အသင်းသား တွေရဲ့ စိတ်သဘောထား ခံယူချက် နဲ့ သက်ဆိုင် ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဂိုးမသွင်း နိုင်ခဲ့ ပါဘူး။ သွင်းဂိုး တစ်ဂိုးသာ ရခဲ့မယ် ဆိုရင် လီဗာပူးမှာ ဖြစ်ခဲ့တဲ့ အရာ တွေကို ဘယ်သူမှ မှတ်မိမှာ မဟုတ် ပါဘူး။ ဒါဟာ ပွဲကြည့်စင် ပေါ်က ကျွန်တော့် တွေးခဲ့တဲ့ အရာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်ခဲ့ ရမှာပါ။

ဒါဟာ ရိုးမား နဲ့ တုန်းက မတူညီတဲ့ အဖြစ်အပျက်ပါ။ သူတို့ဟာ တူညီတဲ့ ပြိုင်ဘက်တွေ မဟုတ် ပါဘူး။ လီဗာပူးဟာ ရိုးမား မဟုတ်ပါဘူး။ ရိုးမား နဲ့ ပွဲက သင်ခန်းစာ ကို လေ့လာ သင်ယူ ရပါမယ်။ ဒါပေမယ့် ခြားနားမှု ဖြစ်သွား တာဟာ သွင်းဂိုး တစ်ဂိုးတည်း ဖြစ်ပါတယ်။ ပြီးတော့ ဒီသွင်းဂိုး တစ်ဂိုးဟာ တစ်ရာသီလုံး ကို ပြောင်းလဲ သွားစေ နိုင်ပါတယ်။

ဒီရလဒ်ဟာ ကစားသမားတွေနဲ့ နည်းပြ… နှစ်ဖက်စလုံး တာဝန် ရှိပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ကိစ္စ ပါပဲ။ ဘောလုံးမှာ ရှင်းပြလို့ မရ နိုင်တဲ့ အရာတွေ ဖြစ်တက် ပါတယ်။ အဲဒီ ပွဲမှာ ဝင်ကစား ခဲ့တဲ့ ကစားသမား တွေတောင် ရှင်းမပြ နိုင်လောက် ပါဘူး။” လို့ ပြောသွား ပါတယ်။

SM
ဗိုလ္ဗိုလ္ သီဟ