ယမန်နေ့ ညပိုင်းမှာ ကစား သွားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု အဆင့် ပွဲစဉ်မှာပေါ်တူဂီ အသင်းက လူဇင်ဘတ် အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးကို တိုက်ရိုက် တက်ရောက်ခွင့်ရောက်ဖို့ ဒီပွဲမှာ ရလဒ်ကောင်း ရယူသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိချန်ပီယံ ပေါ်တူဂီ အသင်းဟာပွဲအစကတည်းက ကြိုးစားခဲ့ပေမယ့် ပြိုင်ဘက် အသင်းသားတွေ ရဲ့ ပိတ်ဆို့ကစားမှု၊ ကွင်းရဲ့ ဆိုးရွားတဲ့ မျက်နှာပြင် အနေအထားတွေကြောင့် ရုန်းကန်ခဲ့ရသေးတာဖြစ်ပါတယ်။ဒါကြောင့်လည်း ပွဲချိန် ၃၉မိနစ်ရောက်မှ ဘရူနိုဖာနန်ဒက်စ် ရဲ့ အဖွင့်ဂိုးကို ရရှိခဲ့ပါတယ်။

ပေါ်တူဂီ နည်းပြကြီး ဆန်းတို့စ်အနေနဲ့ ပြတ်သားတဲ့ အနိုင်ရလဒ်ကို ရရှိစေဖို့ ဒုတိယပိုင်းပြန်စပြီးမကြာခင်မှာ မော်တင်ဟို၊ ဂျိုတာ တို့ကိုထည့်ပြီးတိုက်စစ်မြှင့်တင်ခဲ့ပါတယ်။ဒါပေမယ့် ပွဲချိန် ၈၆မိနစ် ရောက်မှ ရော်နယ်ဒိုရဲ့ သွင်းဂိုးကို ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ လစ်သူယေးနီးယားနဲ့ ပွဲမှာ ဟတ်ထရစ်သွင်းယူထားနိုင်ခဲ့သူဖြစ်ပြီး အခုပွဲက ဂိုးအပါအဝင် သူဟာနိုင်ငံအတွက် သွင်းဂိုး၉၉ ဂိုးအထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ရော်နယ်ဒိုတယောက်ဂိုးသွင်းနိုင်ခဲ့ပေမယ့်လူဇင်ဘတ် ကွင်းရဲ့အခြေအနေကိုအတော်လေးစိတ်ပျက်နေပုံပါပဲ။

ပွဲအပြီး အင်တာဗျူးတခုမှာ ရော်နယ်ဒိုက – ” နိုင်ငံ အသင်းအတွက် ကိုယ်စား ပြီး ပြိုင်ပွဲကြီးတွေ ဆက်တိုက်ပါဝင် ခွင့်ရတာ၊ ခြေစစ်ပွဲအောင်မြင်နိုင်ဖို့ အတွက် ဂိုးတွေ သွင်းယူပေးနိုင်တာဟာ အမြဲတမ်း အရေး ပါပြီး ဂုဏ်ယူစ ရာကောင်းတဲ့ ကိစ္စ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အနိုင်ရဖို့ လိုအပ်ခဲ့တဲ့ ၂ပွဲမှာ အနိုင်ကစားနိုင်ခဲ့လို့ လည်း ကျေနပ်ပျော်ရွှင်မိပါတယ်။ကျွန်တော့်အတွက် ၅ကြိမ်မြောက် ဥရောပချန်ပီယံရှစ် ပြိုင်ပွဲကြီးဆင်နွှဲသွားရဖို့ရှိနေတာလည်းစြဖ်ပါတယ်။

ဒီနေ့ ပွဲကလို ကွင်းအမျိုးအစားတွေ မှာ ဘောလုံးကစား ရတာတကယ်ခက်ပါတယ်၊ အာလူးစိုက်တဲ့ ကွင်းလို ကွင်းမျိုးဖြစ်ပါတယ်။ဒီလို အရည်အသွေးလောက်ပဲ ရှိတဲ့ ကွင်းမျိုးမှာ ဒီလိုအဆင့်ပွဲတွေ ကစားဖို့ဆိုတာ ဖြစ်နိုင် လားဆိုတာတောင် ကျွန်တော်မသိတော့ပါဘူး။

ခြေစွမ်းက မလှပခဲ့ ဘူးဆိုရင်တောင် ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ် လုပ်သွားနိုင်ခဲ့ပါတယ်။ဒီလို ကွင်းမျိုးနဲ့ ကစားခဲ့ရပေမယ့် ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီလို အနိုင်ရဖို့ဆိုတာကလည်း ကျွန်တော်တို့ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ နောက်ဆုံး ၂ပွဲဆက် ကြံံ့ခိုင်မှု မပြည့်ဝပဲ ပါဝင်ကစားသွားခဲ့တာဖြစ်တယ်လို့ ဝန်ခံသွားခဲ့ပြီး တင်ထားတဲ့ စံချိန်တွေကို ချိုးဖြတ်သွားမှာဖြစ်တယ်လို့ ကြံုးဝါးသွားခဲ့ပါတယ်။ရော်နယ်ဒိုက ဆက်လက်ပြီး – ” ယူရို ၂၀၂၀ အတွက် ခြေစစ်ပွဲအောင်မြင်ဖို့ မသေချာသေးတဲ့ အနေအထားမှာကျွန်တော်ကိုယ်ကိုယ့်ကို အနစ်နာခံခဲ့တာဖြစ်ပါတယ်။

ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ကစားသမား ဘဝတလျှောက်လုံးမှာ ဒဏ်ရာပြသနာ မရှိသလောက်နည်းပါးခဲ့ပါတယ်။ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ အသင်းကိုကူညီနိုင်ဖို့ဆိုပေမယ့် ကြံ့ခိုင်မှုအပြည့်ရှိမနေချိန်မှာ တခုခုဖြစ်သွားနိုင်ပါတယ်။

ကျွန်တော့်ရဲ့ နိုင်ငံအတွက် ရာပြည့်ဂိုးက အချိန်မီ ရောက်လာပါလိမ့်မယ်။ကျွန်တော်တင်ထားတဲ့ စံချိန်တွေဆိုတာ ကျွန်တော်ပြန်ချိုးဖြတ်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒီလို ချိုးဖြတ်ဖို့အတွက်လည်းကျွန်တော်သေချာ စီစဉ်ထားပါတယ်” လို့ပြောခဲ့ပါတယ်။

SM