ဂန်းနားတို့ရဲ့ နောက်ခံလူဟောင်း မက်သယူး အပ်ဆန်က ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေတာကြောင့် ဝေဖန်မှုတွေနဲ့ အပြင်းအထန် ရင်ဆိုင် နေရတဲ့ နည်းပြ အမ်မရီ ပြုလုပ်ခဲ့တဲ့ အမှားအယွင်း နှစ်ခုကို ဝေဖန် ထောက်ပြ လိုက်ပါတယ် ။

ဂန်းနားတို့ရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး နေရာကို ဆက်ခံခဲ့တဲ့ အူနိုင်း အမ်မရီ ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ခြင်း မရှိသလို ဒီရာသီမှာလည်း ပွဲစဉ် (၁၂) အပြီးမှာ ထိပ်ဆုံးလေးသင်းနဲ့ အနိမ့်ဆုံး အမှတ်ကွာဟချက်က ၈ မှတ်အထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ် ။

 

အာဆင်နယ် ၊ ဝက်စ်ဟမ်း နဲ့ အင်္ဂလန် နောက်ခံလူဟောင်း အပ်ဆန် က နည်းပြ အမ်မရီ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ခံစစ်ပိုင်းကို အင်အား ဖြည့်တင်းရမယ့်အစား နီကိုလပ်စ် ပေပေ ကို စျေးကြီးပေး ခေါ်ယူခဲ့တာ နဲ့ အာဆင်နယ် အသင်း နှစ်ကာလ ကြာရှည်စွာ ကစားခဲ့တဲ့ ကစားဟန်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့တာတွေဟာ မှားယွင်းကြောင်း ဝေဖန် ထောက်ပြ လိုက်ပါတယ် ။

အပ်ဆန်က BBC Radio 5 မှာ ” နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာ ကစားရမယ့် ဆောက်သမ်တန် အသင်း နဲ့ ပွဲမှာသာ ရှုံးနိမ့် သွားခဲ့ရင် နည်းပြ အမ်မရီ ထွက်ခွာ ရမယ့် အခြေအနေနဲ့ ဖြစ်သွားနိုင်ပါတယ် ။သူ အသင်းမှာ အတော်လေး ရုန်းကန် နေရတာပါ ။ ”

” လက်စတာ နဲ့ ပွဲကို ကျနော် ကြည့်လိုက် ရပါတယ် ၊အဲ့ပွဲမှာ အာဆင်နယ် အသင်းရဲ့ ကစားပုံက အတော်လေး ဆိုးရွား ခဲ့တာပါ ၊ သူ တို့ ပုံစံကောင်း ရနေတဲ့ လက်စတာကို မရှုံးအောင်ပဲ ဦးတည် ကစားနေတဲ့ ပုံပေါက်နေတာပါ ၊ သူတို့ နှစ်သင်းကြားမှာ အဲ့လောက်အထိ ခြေစွမ်းပိုင်း မကွာဟ သွားဖူးပါဘူး ။ ”

ဆက်လက်ပြီး အပ်ဆန် က အမ်မရီ ဟာ အဝတ်လဲခန်း ထဲမှာ ကစားသမားတွေရဲ့ ယုံကြည်မှု ပျောက်ဆုံး နေပြီလား ဆိုတဲ့ မေးခွန်းကို ” ဖြစ်နိုင်ချေ ရှိပါတယ် ၊ နည်းပြ အပေါ် ကစားသမားတွေ ယုံကြည်မှု မရှိတော့တာ ဖြစ်နိုင်ပါတယ် ၊ အမ်မရီ က အသင်းကို ရောက်လာတဲ့ အချိန်ကတည်းက စည်းကမ်းပိုင်ဆိုင်ရာ ကို အဓိက ပြင်ဆင် လုပ်ဆောင် ခဲ့ပါတယ် ။ ”

” နောက်ပြီး အသင်းမှာ အဓိက အင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ နေရာအတွက် ငွေမသုံးဘဲ တောင်ပံ တိုက်စစ် ကစားသမားအတွက် ငွေအများကြီး သုံးလိုက်ပါတယ် ။ သူ့ရဲ့ ပထမ ရာသီ အခြေအနေကတော့ ကောင်းပါတယ် ၊ ဒီရာသီ ပိုမို တိုးတက် ကောင်းမွန်လာဖို့ အားလုံးက မျှော်လင့် နေကြတာပါ ၊ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ နိုင်ငံတကာ ပွဲတွေ အပြီးမှာတော့ အမှတ်ပေး ဇယား အောက်ပိုင်းက ဆောက်သမ်တန် ၊ နောဝှစ်ချ် တို့နဲ့ ဆက်တိုက် ကစားရမှာ ဖြစ်တာကြောင့် ရလဒ်ကောင်းတွေ ပြန်လည် ရယူနိုင်ဖွယ် ရှိပါတယ် ။

SPORTS MYANMAR