ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် မရှိနေတာကြောင့် အကယ်ဒမီ ထွက် လူငယ် ကစားသမား အတော် များများ ကို နေရာ ပေးလာ ခဲ့ကာ ၊ ဒီ ကစားသမား တွေရဲ့ ပင်ကို အစွမ်းအစ ၊ ကြိုးစားမှု တွေနဲ့ ပေါင်းစပ် လိုက်တဲ့ အခါမှာတော့ ရလဒ်ကောင်း များစွာ ကို ချယ်လ်ဆီး အသင်း ရရှိ လာပါတယ် ။

ရိုမန် အေဘရာမိုဗစ်ချ် လက်ထက် ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က အထိ အသင့်သုံး ကစားသမား တွေကို စျေးကြီးပေး ခေါ်ယူ ခဲ့တာ ကို တွေ့ခဲ့ရပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ မှာတော့ အဓိက ကစားသမား တဦး ဖြစ်တဲ့ အီဒင် ဟာဇတ် ထွက်ခွာ သွားတာကြောင့် ချယ်လ်ဆီး အသင်း ဟာ မန်နေဂျာသစ် ဖရန့် လမ်းပတ် ရဲ့ အကူအညီ နဲ့ လူငယ် ကစားသမားကောင်း များစွာ ကို အရဲစွန့် နေရာ ပေးလာခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ချယ်လ်ဆီး အသင်း ကို ကိုင်တွယ် ခဲ့တဲ့ အီတလီ လူမျိုး နည်းပြ မော်ရစ်ဇီယို ဆာရီ ဟာ အရင် ချယ်လ်ဆီး နည်းပြ တွေလိုပဲ လူငယ် ကစားသမား တွေကို အခွင့်အရေး ပေးခဲ့ခြင်း မရှိပဲ ၊ အငှားချတဲ့ နည်းစနစ် ကိုပဲ ဆက်လက် ကျင့်သုံးခဲ့ပါတယ် ။ သို့ပေမယ့် လည်း အဲ့ဒီ အငှား ချ ကစားသမား တွေကို ဆာရီ စောင့်ကြည့်ခဲ့တယ် လို့ မနှစ် က ချယ်လ်ဆီး လက်ထောက် မန်နေဂျာ ဂျီယန်ဖရန်ကို ဇိုလာ ရဲ့ အဆို အရ သိရပါတယ် ။

Soccer AM နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ ဇိုလာ က ပြီးခဲ့တဲ့ ရာသီ က ၄င်း နဲ့ ဆာရီ တို့ဟာ အငှားစနစ် ထဲက ကစားသမား တွေရဲ့ အနေအထား တွေကို ပြန်လည် သုံးသပ် ကြည့်တဲ့ အခါ ၊ လက်ရှိ မှာ အသင်း အတွက် အထူး ခြေစွမ်းပြနေတဲ့ လူငယ် ခံစစ်မှူး ဖီကာယို တိုမိုရီ ရဲ့ ခြေစွမ်း အပေါ် အထင်သေးခဲ့မိကြောင်း ၊ ဒါ့အပြင် ၄င်းက ဒီနှစ် ဘောလုံး ရာသီ မှာ မေဆင်မောင့် ၊ အေဘရာဟမ် တို့ ခြေစွမ်း ပြနေတာကိုလည်း သူ့ အနေနဲ့ မအံ့သြမိကြောင်း ဆိုခဲ့ပါတယ် ။

ဇိုလာ က ” ဒီနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း ဟာ အံ့သြဖွယ်ရာ စွမ်းဆောင်ရည် တွေ ပြသ နေပါတယ် ။ အဲ့ဒီ အထဲကမှ ကျွန်တော့ ကို အထင်ကြီး စေတဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင် ထားတဲ့ ကစားသမား တချို့ လည်း ရှိနေပါတယ် ။ ကျွန်တော် တို့ ပြီးခဲ့တဲ့ ရာသီ ကတည်းက စောင့်ကြည့် လာခဲ့တဲ့ ကစားသမား တွေမှာ ဖီကာယို ( တိုမိုရီ ) လည်း တယောက် အပါအဝင် ပါ ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ရဲ့ ရာသီကြို ခြေစမ်း ခရီးစဉ် မှာတော့ သူ ပါဝင် ခဲ့ပါတယ် ။ ”

” ဒါပေမယ့် သူ့ရဲ့ ခြေစွမ်း ကို အခုလောက် အထိ ကောင်းမယ် ဆိုတာ မသိခဲ့တဲ့ အပြင် ၊ သူ ရဲ့ အပြင်ပန်း ပုံစံ ကို ကြည့်ရတာလည်း ကျွန်တော် တို့ အတွက် သိပ်ပြီး အဆင်မပြေ ခဲ့ပါဘူး ။ အခုလို အထူး ခြေစွမ်း ပြနေတာ နဲ့ ပတ်သက်ပြီး ကျွန်တော် အတော်လေး အံ့သြ မိသလို ၊ ကျွန်တော့ အတွက်တော့ တကယ် ကြီးမားတဲ့ သင်ခန်းစား ဖြစ်ခဲ့ပါတယ် ။ သူတို့ တွေဟာ ကျွန်တော် မျှော်မှန်း ထားတာထက် ကို အတော်လေး ထူးချွန် နေကြပါတယ် ။ ”

” မေဆင်မောင့် ခြေစွမ်း ပြနေတာ ကတော့ ကျွန်တော့ ကို မအ့ံသြစေပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဟာ သူ နယ်သာလန် နဲ့ ဒါဘီ မှာ အငှား ကစားခဲ့တုန်း က ဗီဒီယို တွေကို ကြည့်ဖူးခဲ့တာကြောင့်ပါ ။ သူ့ အတွက် လိုက်လျော ညီထွေ ရှိဖို့ လိုသေးပေမယ့် အလားအလာကောင်း များစွာ ပိုင်ဆိုင် ထားတဲ့ လူငယ် တယောက် ဖြစ်ပါတယ် ။ နောက်ပြီး ကျွန်တော့ ကို အံ့သြစေခြင်း မရှိခဲ့တဲ့ လူငယ် တယောက် က တမ်မီ ( အေဘရာဟမ် ) ပါ ။ ”

” ကျွန်တော် တို့ ရာသီ မစတင်ခင် အစောပိုင်းတုန်း က သူ့ကို လေ့ကျင့်ရေး အစီအစဉ် တွေမှာ တွေ့ဖူးတာကြောင့် သူ့ရဲ့ အကြမ်းဖျင်း ကစားပုံ နဲ့ အစွမ်းအစ တချို့ ကို ကျွန်တော် တို့ လေ့လာ သိရှိထားခဲ့ပြီးပါပြီ ။ နောက်ပြီး တမ်မီ ရဲ့ ခံယူချက် နဲ့ ကြိုးစား ပြလိုစိတ် တွေကိုလည်း သဘောကျ မိပါတယ် ။ တမ်မီ မှ မဟုတ်ပါဘူး ။ ချယ်လ်ဆီး လူငယ်လေး တွေ အားလုံး မှာ ကြီးမားတဲ့ ခံယူချက် ကိုယ်စီ ရှိကြပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR