အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ တုန်းက ဘရာဇီး ကွင်းလယ်လူဟောင်း အီဒူး ကို နည်းစနစ် ဒါရိုက်တာ အဖြစ် ခန့်အပ် ခဲ့ပြီးနောက် တောင်အမေရိကတိုက်က လူငယ် ကြယ်ပွင့်တွေကို စောင့်ကြည့် ခေါ်ယူမှုတွေ ပြု လုပ် လာခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ နွေရာသီတုန်းက ဘရာဇီး ကလပ် အီတူယာနို အသင်းကနေ လူငယ် တိုက်စစ်မှူး မာတီနယ်လီ ကို ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းနဲ့ ခေါ်ယူ ခဲ့ပါတယ် ။ မာတီနယ်လီ ဟာ အာဆင်နယ် အတွက် ပွဲထွက် ကစားခွင့် ရတဲ့ ငါးပွဲမှာ အာဆင်နယ် အသင်း အတွက် သွင်းဂိုး ၇ ဂိုး ၊ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပြီး ဂိုးသွင်း စံချိန်ကောင်း တစ်ခုကိုလည်း ပိုင်ဆိုင်ထားပါတယ် ။

အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ မာတီနယ်လီ ဟာ ဥရောပကို ရောက်ပြီး ပထမဆုံး ကစားတဲ့ မိနစ် ၄၀၀ မှာ ဂိုးသွင်းအများဆုံး ဘရာဇီး ကစားသမား အဖြစ် ရိုနယ်ဒို နဲ့ အတူ ပူးတွဲ ရပ်တည် နေနိုင်ပါတယ် ။

ယခုအခါမှာလည်း အာဆင်နယ် အသင်းဟာ မာတီနယ်လီ ကို ခေါ်ယူပြီးနောက် နောက်ထပ် ဘရာဇီး လူငယ် ကြယ်ပွင့် တစ်ဦးကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ် ထားတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

အာဆင်နယ် အသင်းဟာ ဖလာမင်ဂို အသင်းရဲ့ ဘရာဇီး လူငယ် ကြယ်ပွင့် ရီနီယာ ဂျီးဆပ် ( Reinier Jesus ) ကို ခေါ်ယူနိုင်ဖို့ အတွက် ကစားသမားရဲ့ ဖခင် ဖြစ်သူကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ် ။ အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ ဂျီးဆပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ ဖလာမင်ဂို အတွက် ပွဲထွက် ကစားခွင့် ရတာ ဖြစ်ပေမယ့် ဥရောပ ထိပ်တန်း အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီလည်း ဖြစ်ပါတယ် ။

ပီအက်စ်ဂျီ ၊ ရီးရဲလ် မက်ဒရစ် ၊ ဂျူဗင်တပ်စ် ၊ မန်စီးတီး အသင်းတို့ဟာ ဂျီးဆပ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြပြီး အာဆင်နယ် အသင်းကတော့ အားလုံးထက် လက်ဦးမှု ရယူကာ ဂျီးဆပ် ရဲ့ ဖခင်ကို ဆက်သွယ် ကမ်းလှမ်းထားတယ်လို့ Mundo Deportivo က ဖော်ပြ လိုက်ပါတယ် ။

ဂျီးဆပ် ရဲ့ တန်ကြေးဟာ ပြီးခဲ့တဲ့ နွေရာသီမှာ နှစ်ဆ အထိ ခုန်တက် သွားခဲ့ပြီး ပေါင် ၁၇ သန်း အထိ ရှိလာ ခဲ့ပါတယ် ။ ဒါ့အပြင် ရီနီယာ ဂျီးဆပ် ဟာ ဒီလမှာမှ ဖလာမင်ဂို အသင်း နဲ့ စာချုပ် သက်တမ်းတိုးထားသူ ဖြစ်ပြီး စာချုပ် ဖျက်သိမ်းကြေး ပေါင် သန်း ၆၀ ရှိတယ်လို့လည်း သိရပါတယ် ။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကလည်း အက်သလက်တီကို မက်ဒရစ် အသင်းဟာလည်း ရီနီယာ ဂျီးဆပ် ကို ခေါ်ယူဖို့ ဆက်သွယ် ကမ်းလှမ်းခဲ့ပြီး ကာယကံရှင် ကတော့ ” အက်သလက်တီကို မက်ဒရစ်လို အသင်းကြီးတစ်သင်းက ကျနော့်ကို စိတ်ဝင်စားနေတာ ဂုဏ်ယူစရာပါ။ဒါပေမယ့် ကျနော် က ဖလာမင်ဂို ကစားသမားပါ ၊ ကျနော့် ရည်မှန်းချက် က ဒီမှာ အကောင်းဆုံး ကစားပြီး အောင်မြင်မှုတွေ ရယူနိုင်ဖို့ပါပဲ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR