ဂန်းနားတို့ရဲ့ ကွင်းလယ်လူဟောင်း စတီးဝပ် ရော့ဘ်ဆင် က ခရစ္စတယ် ပဲလေစ့် အသင်း တောင်ပံ ကစားသမား ဝီလ်ဖရိုင်း ဇာဟာ ဟာ အာဆင်နယ် အသင်းမှာ ခြေစွမ်းပြ ကစားနိုင်မယ်လို့ မထင်တာကြောင့် ငွေကြေး အမြောက်အများ ပေးပြီး ခေါ်ယူတာမျိုး မလုပ်သင့်ကြောင်း ဆိုပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော် ခဲ့တာကြောင့် အသုံးစရိတ် များများ အသုံးပြုဖို့ အခက်အခဲ ရှိနေပြီး ယခုနွေရာသီ အပြောင်းအရွှေ့ ကာလမှာလည်း ဘရာဇီး လူငယ် တိုက်စစ်မှူး မာတီနယ်လီ တစ်ဦးတည်းကိုသာ ခေါ်ယူ ထားနိုင်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဆဲလ်တစ် ဘယ်နောက်ခံလူ တီယာနေး ကို ပေါင် ၁၅ သန်း နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချ ခံခဲ့ရသလို ခရစ္စတယ် ပဲလေစ့် တောင်ပံ ကစားသမား ဇာဟာ ကိုလည်း ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချ ခံခဲ့ရ ပြန်ပါတယ် ။ ခရစ္စတယ်ပဲလေစ့် အသင်း ကတော့ သူတို့ရဲ့ အားထား ရတဲ့ တောင်ပံ တိုက်စစ် ကစားသမား အတွက် ပေါင် သန်း ၁၀၀ အထိ ဈေး ခေါ် ထား ပါ တယ် ။

အာဆင်နယ် အသင်းဟာ ကစားသမားကောင်းတွေကို ဈေးသက်သက်သာသာ နဲ့ ခေါ်ယူ ချင်နေတာကြောင့် ပရိသတ်တွေ ကိုယ်တိုင်လည်း အားမလို အားမရ ဖြစ်နေကြသလို ကစားသမားဟောင်းတွေကလည်း အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ အပေါ် အကြီးအကျယ် ဝေဖန် နေကြပါတယ် ။

အာဆင်နယ် အသင်း ရဲ့ ကွင်းလယ်လူဟောင်း စတီးဝပ် ရော့ဘ်ဆင် ကတော့ ဇာဟာ ကို အကြောင်းအရင်း နှစ်ခုကြောင့် မခေါ်ယူသင့်ကြောင်း သုံးသပ် လိုက်ပါတယ် ။ ရောဘ့်ဆင် က ESPN မှာ ” ကျနော် စိုးရိမ်မိတာ တစ်ခုကတော့ တခြား ကစားသမား တစ်ဦးကို ခေါ်ယူနိုင်ဖို့ အတွက် အူဘာမီယန်းကို ရောင်းချမယ်လို့ သတင်းတွေ ထွက်နေတာကိုပါ ။ ”

” နောက်ပြီး အာဆင်နယ် အသင်း ရဲ့ ကမ်းလှမ်းချက်ကို ပဲလေစ့် အသင်းဘက်က ခါးခါးသီးသီး ငြင်းဆန် ထားပါတယ် ။ အာဖရိ နိုင်ငံများ ဖလားပွဲမှာ ကြည့်ရသလောက်တော့ ဇာဟာ ရဲ့ အဆင့်က ခရစ္စတယ်ပဲလေစ့် အသင်းမှာပဲ ကစားဖို့ ထိုက်တန်ပါတယ် ။

” သူက ခရစ္စတယ်ပဲလေစ့် အသင်း အတွက်တော့ ကစားသမားကောင်း တစ်ဦးပါ ။ သူ မန်ယူနိုက်တက် မှာလည်း ကစားခဲ့ဖူးပါတယ် ။ အာဆင်နယ် အသင်း သူ့ကို ငွေကြေး အမြောက်အများ သုံးစွဲပြီး ခေါ်လို့ ရောက်လာရင်တောင် ခြေစွမ်းပြနိုင်မယ်လို့ မထင်ပါဘူး ။ ” လို့ ဆိုပါတယ် ။

အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဇာဟာ ဟာ ပြီးခဲ့တဲ့ရာသီမှာ ခရစ္စတယ် ပဲလေစ့် အသင်းအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲ ကစားပေးထားပြီး ၁၀ ဂိုး သွင်းယူကာ ၅ ဂိုး ဖန်တီး ပေးထားပါတယ် ။ ဇာဟာ ဟာ ခရစ္စတယ် ပဲလေစ့် အသင်း ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို သုံးကြိမ် အထိ ရယူ ထားနိုင်သူပါ ။

ဇာဟာ ဟာ ကစားသမား ဘဝကို ခရစ္စတယ် ပဲလေစ့် အသင်းမှာ စတင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းမှာလည်း နှစ်ရာသီကြာ ကစားခဲ့ ဖူးပါတယ် ။ ၂၀၁၅ ခုနှစ်မှာတော့ ပဲလေစ့် အသင်းကို ပြန်လည် ရောက်ရှိလာကာ အဓိက ကစားသမား တစ်ဦး အဖြစ် ကစားခွင့် ရနေသူပါ ။

ဇာဟာ ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့ တုန်းကမှ ခရစ္စတယ် ပဲလေစ့် အသင်း နဲ့ ငါးနှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို ထားသူ ဖြစ်ပြီး တစ်ပတ် လုပ်ခ ပေါင် ၁၃၀၀၀၀ ဝန်း ကျင် ရ ရှိ နေ သူ လည်း ဖြစ် ပါ တယ် ။ ဇာဟာ ဟာ ပဲလေစ့် အသင်း အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၁၇၇ ပွဲ ကစားပေးထားပြီး ၃၂ ဂိုးသွင်းယူ ထားကာ ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ် ထားပါတယ် ။

SPORTS MYANMAR