liverpool vs chelsea 2019

နည်းပြကြီး ယာဂန်ကလော့ပ်ရဲ့ လီဗာပူး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရပ်တန့်လို့ မရတဲ့ ပုံစံမျိုး ပြသနေပြီး ၁၂ ပွဲကစားအပြီးမှာ ရှုံးပွဲမရှိအနေအထားနဲ့ အမှတ်ပေးဇယား ကို ဦးဆောင်နေပါတယ်။သူတို့ရဲ့ နှစ်ပေါင်း ၃၀ ကြာ ပြည်တွင်းလိဂ်ချန်ပီယံဆုကြီးနဲ့ ဝေးကွာထားရမှုကိုအဆုံးသတ်နိုင်ဖို့ အတွက် အခုလို ကြိုးစားအားထုတ်နေခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ နောက်ပိုင်း နှစ်တွေ အတွင်း အယ်လီဆင်၊ ဆာလတ်၊ မာနေး၊ ဗန်ဒိုက် အစရှိတဲ့ ကစားသမားကောင်း တွေကို မြင့်မားတဲ့ ငွေကြေး ပမာဏတွေ နဲ့ ခေါ်ယူရင်းနှီးမြှပ်နှံထားပြီး အခု ချိန်မှာတော့ အောင်မြင်မှု အသီးအပွင့်တွေကို စတင်ပြီး ခံစားရဖို့ရှိနေပြီဖြစ်ပါတယ်။

သူတို့ ဟာ ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အတော်လေးနီးစပ် ခဲ့ပေမယ့် မန်စီးတီးအသင်းက တမှတ်အကွာနဲ့ နောက်ကောက်ချထားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ စပါးအသင်းကို အနိုင်ယူပြီး ကလော့ပ်လက်ထက်ပထမဆုံး ဆုဖလားကြီးအဖြစ် ကိုင်မြောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ နောက်ဆုံး ကစားခဲ့ တဲ့ပွဲစဉ် မှာ မန်စီးတီး အသင်းကို ၃-၁ ဂိုး နဲ့ အနိုင်ယူပြီး ၉မှတ်အထိဖြတ်လိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။နည်းပြကြီးဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ အင်္ဂလန်ရဲ့ ပြိုင်ဘက်မရှိအသင်းတသင်းဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့ ရာသီအတွင်းပြည်တွင်းဖလား အားလုံးရယူပြီး သက်သေပြထားခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်း မန်စီးတီးအသင်းကို ချေမှုန်းနိုင်ခဲ့တဲ့ လီဗာပူးအသင်းက အင်္ဂလန်ရဲ့ ဘုရင် အသစ်ဖြစ်လာနိုင်တော့မှာလားဆိုပြီး သုံးသပ်မှုတွေ ရှိလာပါတယ်။ဒါပေမယ့် လီဗာပူး ကစားသမားဟောင်း တဦးဖြစ်သလို နည်းပြဟောင်းလည်းဖြစ်တဲ့ ဂရေမီဆောင်းနက်စ်ကတော့ယူနိုက်တက်၊ မန်စီးတီးနဲ့ချဲဆီးလ်တို့ကပြန်ပြီး ပိုကောင်းလာကြဦးမှာဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

The Mirror နဲ့ အင်တာဗျူးမှာ ဆောင်းနက်စ်က – ” လီဗာပူး တို့ အင်္ဂလန် ဘောလုံးလောက ကို လွှမ်းမိုးတော့မယ့် အချိန်အခိုက်အတန့် အတွင်းကို ရောက်လာတော့မယ်လို့ ပြောလို့မရနိုင်ပါဘူး။ဘာကြောင့်လည်းဆိုတော့ မန်စီးတီး အသင်းဟာအကောင်းဆုံးအနေအထားမှာအကြာကြီးရှိနေဦးမှာဖြစ်လို့ပါပဲ။

ချဲဆီးလ်အသင်း လူငယ်တွေရဲ့ ထွက်ပေါ် လာမှုကလည်း အလားတူပဲ ဖြစ်ပါတယ်။လာမယ့်နှစ် အနည်းငယ်အတွင်းမှာ သူတို့ပိုတောင်ကောင်းလာဦးမှာလားမသိပါဘူး။ယူနိုက်တက် အသင်းကလည်းပြန်လာဦးမယ်ဆိုတာ အာမခံပါတယ်။

ဒါကြောင့် လည်း လီဗာပူး အသင်းက လွှမ်းမိုးတော့မယ် လို့ ပြောလို့ မရနိုင်ပါဘူး။ဒါပေမယ့် ပထမဆုံးအောင်မြင် မှုတခုခုကို မြည်းစမ်းလိုက်ရတဲ့ အသင်းတသင်းက အောင်မြင်မှုတွေကို ထပ်ရချင်ကြတာဖြစ်ပါတယ်။ကျွန်တော်အဲ့ဒီအသင်းမှာ ရှိတုန်းကလည်း ဒီလိုခံစားရတာဖြစ်ပါတယ်။လိဂ်ပြိုင်ပွဲတွေ မှာ ဗိုလ်စွဲနိုင်ဖို့ ဒါကိုလုပ်ရမှာဖြစ်ပါတယ်။ဒါဟာ ရာသီအသစ်ရဲ့ ပထမဆုံးနေ့ကတည်းက ထားရှိရမယ့် နံပါတ် တစ် ရည်မှန်းချက်လည်းဖြစ်ပါတယ်။

သူတို့တွေကလည်း အသင်းလိုက်ပဲ ဖြစ်ဖြစ် တဦးချင်းပဲ ဖြစ်ဖြစ် ခင်ဗျားတို့ ပြောတာထက်ပိုပြီး ဒါကိုခံစားသိရှိပြီးသားပါပဲ။ကျွန်တော့်တုန်းက မကြံုတွေ့ထားခဲ့ဖူးတဲ့ စိတ်လှုပ်ရှားမှုမျိုးကို အခုသူတို့ ပတ်ဝန်းကျင်မှာ ခံစားနေရပါတယ်။

ကျွန်တော်ဟာ ဘောလုံး ကစားခြင်းမှာ စိတ်ကို အလုံးစုံ ထည့်သွင်းထားခဲ့ပြီး အခြားအရာတွေကို ခေါင်းထဲကနေ ထုတ်ထား ခဲ့လို့လားတော့ မသိပါဘူး။အခုချိန်အထိ အဲ့ဒီနေရာကို သွားရောက်ချိန်တိုင်းမှာ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်ထိတ်လန့်မှု ခံစားချက်အစုံ ဖြစ်ပေါ်နေဆဲပါပဲ ” လို့ပြောခဲ့ပါတယ်။