ပြီးခဲ့တဲ့ သောကြာနေ့မှာ ကစား သွားခဲ့တဲ့ ခြေစမ်းပွဲ မှာ အာဂျင်တီးနား အသင်းက ဘရာဇီးလ် အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့လို့ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် က ရှုံးကြွေးကို ပြန်ဆပ်နိုင် ခဲ့ပါတယ်။အာဂျင်တီးနားအတွက် အနိုင်ဂိုးရှင်ကတော့ ဘာစီလိုနာအိုင်ကွန်မက်ဆီပဲ ဖြစ်ပါတယ်။

ဘရာဇီးလ်နည်းပြကြီး တီတေး နဲ့ မက်ဆီ တို့ဟာ အဆိုပါ ပွဲအတွင်း စကား အချေအတင် ဖြစ်ပွားခဲ့သေးပြီး အဝါကတ်ပြသဖို့ ကွင်းလယ်ဒိုင်ကိုအော်ဟစ်တောင်းဆိုနေတဲ့ တီတေးရဲ့ လုပ်ရပ်ကိုမက်ဆီက လက်နှုတ်ခမ်းမှာ လက်တေ့ပိတ်ထားတဲ့ အမူအယာကိုပြပြီး တိတ်တိတ်နေစမ်းလို့ အဓိပ္ပါယ်ရတဲ့ ပုံစံမျိုးလုပ်ပြခဲ့ပါသေးတယ်။

အာဂျင်တီးနား တို့ဟာ နောက်ထပ် ခြေစမ်းပွဲ အဖြစ် ယနေ့ နံနက်စောစောမှာဒေသတွင်းပြိုင်ဘက် ဥရုဂွေးအသင်းနဲ့ ကစားသွားခဲ့ပြီး ၂ဂိုးစီသရေကျခဲ့ပါတယ်။ဒီပွဲမှာ အာဂျင်တီးနား အသင်းအတွက် ချေပဂိုးကို နောက်ဆုံးမိနစ်အရောက်မှာ မက်ဆီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

တီတေးရဲ့ ဘရာဇီးလ် အသင်းကတော့ ယနေ့ ညနေပိုင်းမှာ နောက်ထပ်ခြေစမ်းပွဲ အဖြစ် အာရှ အင်အားကြီးအသင်း တသင်းဖြစ်တဲ့ တောင်ကိုရီးယားန့ ဲ ရင်ဆိုင်သွားမှာဖြစ်ပါတယ်။တိုက်ဆိုင်နေတာကတော့ ဒီနေ့ဟာဘရာဇီးလ်ဂန္တဝင်ကြီးပီလီရဲ့ ကစားသမား ဘဝ ဂိုး၁၀၀၀ ပြည့်ခဲ့တဲ့ နှစ်၅၀ မြောက် အထိမ်းအမှတ်နေ့လည်းဖြစ်ပါတယ်။

ပီပီဟာ ဘရာဇီးလ်နဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဆု ၃ ကြိမ်အထိရယူထားနိုင်ခဲ့ဖူးတဲ့ အကျော်အမော်ကြီးတဦးဖြစ်လို့ ဘယ်သူမှသူနဲ့ နှိုင်းယှဉ်လို့ မရဘူးလို့ တီတေးက ယူဆနေပုံပါပဲ။တောင်ကိုရီးယားနဲ့ ပွဲကြို အင်တာဗျူးတခုမှာ တီတေးက –

” ပီလီ ဟာ နှိုင်းယှဉ်လို့ ရတဲ့သူမဟုတ်ပါဘူး။ လူတယောက်ယောက်ကသာ ပီလီ နဲ့ အခြားကစားသမား တဦးကို ခိုင်းနှိုင်းတာတွေ လုပ်လာမယ်ဆိုရင် ကျွန်တော်ဘာလုပ်မယ်ထင်ပါသလဲ။ကြားနေရင်တောင် နားထောင်မှာ မဟုတ်ပါဘူး။

ဒါဟာ အဲ့ဒီလူက ပီလီဘယ်လောက် အထိကြီးကျယ်ခန်းနားတယ် ၊ သမိုင်းမှာ ဘယ်လို အရည်အသွေးတွေရှိထားခဲ့တယ် ဆိုတာကို မသိလို့ ပြောတာပဲဖြစ်ပါလိမ့်မယ်။မက်ဆီဟာ သာမန်ထက်ထူးကဲတဲ့ ကစားသမား တဦးဖြစ်တယ်ဆိုတာကို အရင်က ကျွန်တော်ပြောထားဖူးပါတယ်။

ကျွန်တော်ဆိုလိုတာက သူဟာ ဖန်တီးမှု စွမ်းရည်တွေကြောင့် လတ်တလောမှာသာမန်ထက်ထူးကဲ တဲ့ ကစားသမားဖြစ်တယ်ဆိုတာပဲဖြစ်ပါတယ်။ပီလီကတော့ သာမန်ပုံစံတွေကနေ ကွဲထွက်သူဖြစ်ပါတယ်။ကျွန်တော်ကဘရာဇီးလ်သားဖြစ်လို့ ဒီလိုပြောတမဟုတ်ပါဘူး။

တကယ်လို့ တယောက်ယောက်ကသာ ဒီကို ရောက်လာပြီး ပီလီ နဲ့ အခြားသူတဦးဦးကို ခိုင်းနှိုင်းတာတွေလာပြောမယ်ဆိုရင် ကျွန်တော်ကတော့ ဒါဟာ အများယုံကြည်လက်ခံနိုင်စရာ မဟုတ်ဘူးလို့ ပဲ ယူဆမှာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

လက်ရှိမှာ ၅ပွဲဆက် တိုက် နိုင်ပွဲပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး တီတေးက – ” ကျွန်တော့်အနေနဲ့ အရမ်းကြီးတော့ အနိုင်မလိုချင်ပါဘူး။ ရှိနေတဲ့ နေရာမှာပဲ ကျေနပ်ပျော်ရွှင်ချင်ပါတယ်။ဖိအားတွေ ကိုနားလည်ပေမယ့်အရဲစွန့်ပြီးတော့ ဘာမှ မလုပ်ပါဘူး။ကျွန်တော်လုပ်ချင်တာကတော့ ပွဲကြီးပွဲကောင်းဖြစ်ဖို့ပါပဲ ” လို့ပြောခဲ့ပါတယ်။

တောင်ကိုရီးယားတိုက်စစ်ကို ဦးဆောင်နေတဲ့ စပါး တိုက်စစ်မှူး ဆွန်ဟောင်မင်အပေါ် တီတေးက -” ကိုရီးယား အသင်းရဲ့ တောင့်တင်းမှု နဲ့ အင်အားကို ကျွန်တော်တို့နားလည်ပါတယ်။သူတို့ဟာ ကမ္ဘာ့ဖလားတုန်းကလည်း ဂျာမနီကို အရေးပါတဲ့ နိုင်ပွဲ ရယူခဲ့ဖူးပါတယ်။

သူတို့ကို လေးစားမှု ရှိပါတယ်။သူတို့ရဲ့ ကစားစမားတဦးချင်းစီတိုင်းကိုလည်းကျွန်တော်တို့ ရင်းနှီးသိကျွမ်းပါတယ်။ဆွန်ဟောင်မင်တဦးတည်းမှမဟုတ်ပါဘူး။
အခြားအသင်းသားတွေ အကုန်လုံးလည်းအတူူတူပါပဲ ” လို့ပြောခဲ့ပါတယ်။

SM