ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထား ရတဲ့ အတွက် အကယ်ဒမီ ထွက် လူငယ် ကစားသမား တွေကို နေရာ ပေးနေသလို ၊ ရာသီ မစတင်ခင် မှာပဲ လူငယ် ကစားသမား တွေကို ရဲရဲတင်းတင်း နေရာ ပေးတတ်တဲ့ ၄င်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ် ကို နည်းပြသစ် အဖြစ် ၃နှစ် စာချုပ် နဲ့ ခန့်အပ် ခဲ့ပါတယ် ။

လမ်းပတ် ဟာ ချယ်လ်ဆီး အသင်း မှာ ကစားသမား သစ် ခေါ်ယူခွင့် မရခဲ့သည့်တိုင် အပြောင်းအလဲ များစွာ ဖြစ်ပေါ်အောင် စွမ်းဆောင် နိုင်ခဲ့ပြီး အခက်အခဲ တွေ အကြား က ချယ်လ်ဆီး အသင်း ကို ပရီးမီးယားလိဂ် မှာ အဆင့် ၃ နေရာ မှာ ရပ်တည် နိုင်အောင် စွမ်းဆောင် ပေးခဲ့ပါတယ် ။ ဒါ့အပြင် ၄င်း လက်ထက် မှာ လူငယ် ကစားသမား အများအပြား အခွင့်အရေး ရလာကာ ၊ ခြေစွမ်း ထင်ပေါ် ခဲ့တဲ့ ကစားသမား များစွာ ထွက်ပေါ် လာပါတယ် ။

အဲ့ဒီ အထဲ မှာ ဒီရာသီ ချယ်လ်ဆီး အသင်း ရဲ့ တဦးတည်းသော ကစားသမား ခေါ်ယူမှု ဖြစ်တဲ့ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် လည်း အပါအဝင် ဖြစ်ပါတယ် ။ ကိုဗာဆစ် ဟာ ချယ်လ်ဆီး အသင်း အတွက် ပြီးခဲ့တဲ့ ရာသီ မှာ အငှား လာကစားခဲ့ပေမယ့် ဒီနှစ် ဘောလုံး ရာသီ က ခြေစွမ်းမျိုးတော့ မပြသ နိုင်ခဲ့ပါဘူး ။ ချယ်လ်ဆီး အသင်း တရားဝင် ဝက်ဘ်ဆိုက် နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ ကိုဗာဆစ် က လက်ရှိ နည်းပြ ဖရန့် လမ်းပတ် ဟာ ၄င်းတို့ အတွက် ပြီးပြည့်စုံ တံ့ ဆရာ တယောက် ဖြစ်တယ် လို့ ချီးကျူး ပြောဆို ခဲ့ပါတယ် ။

ကိုဗာဆစ် က ” ဟုတ်ပါတယ် ။ ဖရန့် နဲ့ ကျွန်တော် တို့ လက်တွဲ အလုပ်လုပ် လာတာ အတော်လေး အဆင်ပြေ နေပါပြီ ။ အခုဆို သူဟာ ကစားသမား ဘဝ တုန်းက ဘာကြောင့် အရမ်း ကြီးကျယ် ခဲ့လဲ ဆိုတာ ကျွန်တော် သိလိုက်ရပါပြီ ။ သူ့ရဲ့ စိတ်ဓာတ်ပိုင်း နဲ့ ခံယူချက် က အတော်လေး မြင့်မားပါတယ် ။ ဒါတွေကို သူ ကျွန်တော် တို့ ဆီကို ယူဆောင် ပေးနိုင်ဖို့ အမြဲ ကြိုးစားလေ့ ရှိပါတယ် ။ ”

” နောက်ပြီး သူဟာ ကလပ် အသင်း နဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ကို ဆွတ်ခူး ခဲ့ပါတယ် ။ ကစားသမား တွေနဲ့လည်း အရမ်း ကောင်းတဲ့ အချိတ်အဆက် တွေ ရှိပါတယ် ။ ဖရန့် ဟာ ဟာသ တွေလည်း ပြောတတ်တယ် ၊ ရယ်ရယ်မောမော နေတတ်တယ် ၊ သူဟာ ကျွန်တော် တို့ အတွက်တော့ တကယ် ပြီးပြည့်စုံ တဲ့ ဆရာ တယောက် ပါပဲ ။ ကျွန်တော် တို့ဟာ သူ့ဆီကနေ နောက်ထပ် သင်ယူ နေရဦးမှာ ဖြစ်ပါတယ် ။ ”

” အခုဆို ကျွန်တော် တို့ဟာ သူ့ လက်အောက် မှာ ကစား နေရတာ ပျော်ရွှင် နေကြသလို ၊ သူလည်း ကျွန်တော် တို့နဲ့ အတူ အလုပ်လုပ်ရလို့ လည်း သဘောကျ လိမ့်မယ် လို့ ထင်ပါတယ် ။ လောလောဆယ် မှာ ကျွန်တော် တို့ဟာ အရမ်း ကောင်းတဲ့ အခိုက်အတန့် တွေကို ကျော်ဖြတ် နေရပါတယ် ။ ဒါပေမယ့် အရမ်း ခက်ခဲတဲ့ အခိုက်အတန့် တွေ ၊ စိန်ခေါ်မှု တွေက ကျွန်တော် တို့ကို စောင့်ကြို နေတယ် ဆိုရင်တောင် ကျွန်တော် တို့ဟာ ကိုယ့်နည်းကိုယ့်ဟန် အတိုင်း ကြိုးစားပြီး အတူတကွ လုပ်ဆောင် သွားမှာပါ ။ ”

” ကျွန်တော် တို့ အားလုံး ပြင်းပြင်းထန်ထန် ကြိုးစား နေကြပါတယ် ။ အခု ဖရန့် နဲ့ ကျွန်တော် တို့ အတူတူ အလုပ်လုပ် လာတာ ၄လ ရှိပါပြီ ။ လေ့ကျင့်ရေး အစီအစဉ်တိုင်း ဟာ အရမ်း ခက်ခဲ ပေမယ့် ချယ်လ်ဆီး လို ကြီးကျယ်တဲ့ ကလပ် တသင်း မှာ ဒါတွေ ရှိဖို့ လိုပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး ကိုဗာဆစ် က ချယ်လ်ဆီး အသင်း ဟာ ချန်ပီယံ ဆုဖလား တွေနဲ့ နီးစပ် တဲ့ အသင်း ဖြစ်တာကြောင့် ဒီနှစ် ဘောလုံး ရာသီ မှာ ရဖို့ ဖြစ်နိုင်ခြေ ရှိတဲ့ ဆုဖလား တွေကို ပစ်မှတ် ထားဖို့ ကြိုးစား သွားမယ် လို့ ပြောကြား ခဲ့ပါတယ် ။

ကိုဗာဆစ် က ” ကျွန်တော့ မှာ တဦးချင်း စွမ်းဆောင်ရည် အတွက် အရင် က ဘာ အောင်မြင်မှု တွေ ဆွတ်ခူး ခဲ့တာ ၊ အနာဂတ် မှာ ဘယ်လို အောင်မြင်မှု တွေ ထပ်မံ ရယူချင်သေးလဲ ဆိုတဲ့ အတွေးတွေ မရှိပါဘူး ။ အသင်းလိုက် အောင်မြင်မှု ကိုပဲ အလေးထားပါတယ် ။ အဓိက ကတော့ ဆုဖလား အောင်မြင်မှု တွေပါ ။ ”

” ချယ်လ်ဆီး အသင်း ဟာ အမြဲတမ်း ချန်ပီယံဆု တွေနဲ့ ရင်းနှီး နေတဲ့ အသင်း ဖြစ်တာကြောင့် ဒီနှစ် ဘောလုံး ရာသီ မှာလည်း ကျွန်တော် တို့ ဆုဖလား တခုခု ယူပြနိုင်ဖို့ လိုပါတယ် ။ ကျွန်တော် ဟာ ဖြစ်နိုင်သမျှ ဆုဖလား တွေ အားလုံး ကို ပစ်မှတ် ထားသွားမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR