အာဆင်နယ် အသင်း ကွင်းလယ်လူ တော်ရီးယား ရဲ့အေးဂျင့် ဖြစ်သူက နည်းပြ အမ်မရီ ရဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲကြောင့် ဥရုဂွေးသားဟာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒ ရှိနေတယ် ဆိုတဲ့ သတင်းတွေဟာ မဟုတ်ကြောင်း တုန့်ပြန် ပြောကြား လိုက်ပါတယ် ။

ဥရုဂွေး ကွင်းလယ်လူ တော်ရီးယား ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့ ကမှ အာဆင်နယ် အသင်းကို စီရီးအေ ကလပ် ဆမ်ဒိုးရီးယား အသင်း ကနေ ပြောင်းရွှေ့ကြေး ယူရို ၂၆ သန်း ဝန်းကျင် နဲ့ ရောက်ရှိ လာတာပါ ။ တော်ရီးယား ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အသင်း အတွက် ပြိုင်ပွဲစုံ စုစုပေါင်း ပွဲ ၅၀ ကစား ပေးခဲ့ပြီး နှစ်ဂိုး သွင်းယူကာ သုံးဂိုး ဖန်တီး ပေးထားနိုင်ပါတယ် ။

တော်ရီးယား ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ် အသင်း အတွက် ၄ ပွဲသာ ပွဲထွက် ပါဝင် ကစားခွင့် ရထားပြီး နည်းပြ အမ်မရီ ဟာ တော်ရီးယားထက်စာရင် ရှာကာ ၊ ဂွမ်ဒူဇီ ၊ စီဘယ်လောစ့် တို့ကို ပွဲထွက်ခွင့် ပိုပေးထားတာလည်း ဖြစ်ပါတယ် ။

ဒါ့အပြင် နည်းပြ အူနိုင်း အမ်မရီ ဟာ တော်ရီးယား ကို သူ အားသန်တဲ့ ကွင်းလယ် ခံစစ် နေရာထက် တိုက်စစ်ကို ပိုမို လိုက်ပါ ကစားခိုင်း နေတာလည်း ဖြစ်ပါတယ် ။ နေရာပြောင်းကစားရတာကြောင့် တော်ရီးယား ဟာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာ ဖြစ်ကြောင်း ကစားသမားရဲ့ အေးဂျင့်ကိုယ်တိုင် ဝန်ခံ ပြောကြား ထားပါတယ် ။

တော်ရီးယား ရဲ့ အေးဂျင့် ဘန်တန်ကာ က Calciomercato နဲ့ အင်တာဗျူးမှာ ” နေရာ ပြောင်းကစားရတာက သူ့ကို အတော်လေး ထိခိုက် စေခဲ့ပါတယ် ။ သူ့အတွက် ကစားရ အရမ်း ခက်ခဲ စေခဲ့ပါတယ် ၊ ဒီလို ပြောင်းလဲ နိုင်တယ်ဆိိုတာ ကျနော်တို့ဘက်က မျှော်လင့်ထားပြီးသားပါ ။ ”

ဆက်လက်ပြီး ဘန်တန်ကာ က တော်ရီးယား အာဆင်နယ် အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်နေတဲ့ အပေါ် ” ကျနော်တို့ နဲ့ အာဆင်နယ် ကြားမှာ ဘာပြဿနာမှ မရှိပါဘူး ၊ သူတို့ကို ကျေးဇူးတင်စကားပဲ ဆိုချင်ပါတယ် ။ ”

” သူတို့က လူးကပ်စ် ကို ပရီးမီးယားလိဂ်လို ပြိုင်ပွဲမှာ ပါဝင် ကစားခွင့် ပေးခဲ့တာပါ ၊ နောက်ပြီး တော်ရီးယား ကလည်း အမြဲတမ်း ယုံကြည်မှု အပြည့်နဲ့ ကစားထားနိုင်ပါတယ် ။ တော်ရီးယား ကို ခေါ်ဖို့ စိတ်ဝင်စား နေကြတဲ့ အသင်းတွေ ရှိပါတယ် ၊ စပိန် အသင်းတွေပေါ့ဗျာ ။ ”

” ဒါပေမယ့် ကျနော်တို့ ဘယ်အသင်းနဲ့မှ အပြောင်းအရွှေ့ ကိစ္စ ပြောဆို ဆွေးနွေးတာမျိုး မရှိပါဘူး ၊ ကျနော်တို့ဘက်က အသင်းကိုကော အထွေထွေ မန်နေဂျာ ဆမ်လီဟီ ကိုပါ လေးစားမှု အပြည့် ထားပါတယ် ။ ” လို့ တုန့်ပြန် ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR