ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထား ရတဲ့ အတွက် အကယ်ဒမီ ထွက် လူငယ် ကစားသမား တွေကို နေရာ ပေးနေသလို ၊ ရာသီ မစတင်ခင် မှာပဲ လူငယ် ကစားသမား တွေကို ရဲရဲတင်းတင်း နေရာ ပေးတတ်တဲ့ ၄င်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ် ကို နည်းပြသစ် အဖြစ် ၃နှစ် စာချုပ် နဲ့ ခန့်အပ် ခဲ့ပါတယ် ။

လမ်းပတ် ဟာ ချယ်လ်ဆီး အသင်း မှာ ကစားသမား သစ် ခေါ်ယူခွင့် မရခဲ့သည့်တိုင် အပြောင်းအလဲ များစွာ ဖြစ်ပေါ်အောင် စွမ်းဆောင် နိုင်ခဲ့ပြီး အခက်အခဲ တွေ အကြား က ချယ်လ်ဆီး အသင်း ကို ပရီးမီးယားလိဂ် မှာ အဆင့် ၃ နေရာ မှာ ရပ်တည် နိုင်အောင် စွမ်းဆောင် ပေးခဲ့ပါတယ် ။ ဒါ့အပြင် ၄င်း လက်ထက် မှာ လူငယ် ကစားသမား အများအပြား အခွင့်အရေး ရလာကာ ၊ ခြေစွမ်း ထင်ပေါ် ခဲ့တဲ့ ကစားသမား များစွာ ထွက်ပေါ် လာပါတယ် ။

ဒါဟာ တချိန် က တော့တင်ဟမ် နည်းပြ မော်ရစ်စီယို ပိုချက်တီနို ရဲ့ လူငယ် စီမံကိန်း နဲ့ အတော်လေး ဆင်တူ နေတာ ကို တွေ့ရပါတယ် ။ ပိုချက်တီနို တော့တင်ဟမ် ကို စတင် ကိုင်တွယ် ခဲ့တဲ့ အချိန် က အခု လက်ရှိ မှာ ခြေစွမ်း တောက်ပ နေကြတဲ့ ဟယ်ရီကိန်း ၊ ဒယ်လ်ီ အလီ ၊ ခရစ်တီယန် အဲရစ်ဆင် ၊ ဆွန်ဟောင်မင် ၊ ဟယ်ရီဝင့်ခ် အစရှိတဲ့ အစရှိတဲ့ ထိပ်တန်း ခြေစွမ်း ရှိ ကစားသမား တွေ ထွက်ပေါ် လာပါတယ် ။

သို့ပေမယ့် အာဆင်နယ် အသင်း နောက်ခံလူ ဟောင်း လီဒစ်ဆင် ကတော့ လက်ရှိ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ရဲ့ လူငယ် စီမံကိန်း က အလားအလာ ပိုကောင်း သလို ၊ အောင်မြင်မှု တွေနဲ့ ပိုနီးစပ်ကြောင်း ၊ တော့တင်ဟမ် ရဲ့ စီမံကိန်း က အပျက်အစီး တခု သာ ဖြစ်လာဖို့ ရှိကြောင်း သုံးသပ် ပြောဆို ခဲ့ပါတယ် ။

လီဒစ်ဆင် က ” လွန်ခဲ့တဲ့ ၂နှစ် ၊ ၃နှစ် လောက်က တော့တင်ဟမ် ရဲ့ စီမံကိန်း ကိုပဲ လူတိုင်း အတော်လေး စိတ်ဝင်စား ခဲ့ကြပါတယ် ။ ဒါဟာလည်း သူတို့ရဲ့ ဘောလုံးကွင်းသစ် ကြောင့် ၊ ပိုချက်တီနို ရဲ့ လမ်းညွှန်မှု တွေနဲ့ တဟုန်ထိုး တိုးတက်လာမှု တွေကြောင့် ဖြစ်ပါတယ် ။ သူတို့ဟာ လက်စတာ အသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ နှစ်က ပရီးမီးယားလိဂ် ဖလား ကို ရရှိခဲ့သင့်တယ် လို့ လူတွေက ထင်ကြပါတယ် ။ ”

” ကျွန်တော အမြင်မှာတော့ တော့တင်ဟမ် လုပ်ဆောင် နေတဲ့ ပရောဂျက် က အပျက်အစီး တခု ဖြစ်လာဖို့ပါပဲ ။ အခု အချိန် တော့တင်ဟမ် မှာ ဘာတွေ ဖြစ်နေလဲ ကျွန်တော် မသိပါဘူး ။ ဒီ ပရောဂျက်ကြီး ဖြစ်တည် လာခဲ့ပြီးနောက် အခု အချိန် အထိ သူတို့ဟာ ဘာမှ မထူးခြားလာပါဘူး ။ လက်ရှိ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် စီမံကိန်း ကမှဖြင့် နောင်တချိန် အတွက် အလားအလာကောင်း ဖြစ်နိုင်ပြီး စိတ်ဝင်စားစရာ လည်း ကောင်းတဲ့ စီမံကိန်း ဖြစ်ပါတယ် ။ ”

” ဒီလို လူငယ် ကစားသမားကောင်း တွေ ပေါ်ထွက် လာတာကလည်း ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံရတာ ၊ မန်နေဂျာသစ် ခန့်အပ်မှု မှန်ကန် တာတွေကြောင့် ဖြစ်ပေါ်လာတာပါ ။ ဖရန့် လမ်းပတ် ပိုင်ဆိုင်ထားတဲ့ လူငယ် အစုအဖွဲ့ ဟာ အရမ်း ပြိုင်ဆိုင်မှု ပြင်းထန် ပါတယ် ။ အခု အချိန် မှာ မန်စီးတီး ၊ လီဗာပူး တို့လို တည်ငြိမ်တဲ့ စွမ်းဆောင်ရည် တွေကို မတုန်လှုပ်ပဲ ပြသ နိုင်တဲ့ အသင်း တွေ ရှိနေတာကြောင့် ချယ်လ်ဆီး အသင်း ရဲ့ အခု အနေအထား က သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းတဲ့ အခြေအနေ မှာ ရှိကောင်း ရှိနိုင်ပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော် ကတော့ သူတို့ရဲ့ လုပ်ဆောင်ပုံတွေ ၊ ကစားပုံ တွေကို ဆက်လက် စောင့်ကြည့်ပါ လို့ပဲ ပြောချင်ပါတယ် ။ သူတို့ရဲ့ အရည်အသွေး တွေကို ကြည့်ရတာ ကျွန်တော့ အတွက် တကယ် နှစ်သက်စရာ ကောင်းပါတယ် ။ သူတို့မှာ ကိုယ်ပိုင် စတိုင်လ် ရှိတယ် ၊ သူတို့ရဲ့ ကစားပုံ ထဲမှာ မာကျောမှု ၊ ကိုယ်ရည်ကိုယ်သွေးကောင်း တွေ ရှိနေပါတယ် ။ ဒါကြောင့် ကျွန်တော် တယောက်တည်း ရဲ့ အမြင် အရ ဖရန့် လမ်းပတ် ရဲ့ စီမံကိန်း က ပိုပြီး ဆွဲဆောင်မှု ရှိတယ် လို့ ထင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR