အာဆင်နယ် အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ အီဒူး ဟာ ဂရီမီယို အသင်းရဲ့ တောင်ပံ ကစားသမား အဲဗာတန် ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပြီး ကာယကံရှင် ကိုယ်တိုင်ကလည်း အသင်းတစ်သင်းရဲ့ ကမ်းလှမ်းမှု တစ်ခုကို တရားဝင် လက်ခံ ရရှိထားကြောင်း အတည်ပြု ပြောကြား လိုက်ပါတယ် ။
ဘရာဇီးအသင်း ကိုပါအမေရိက ဖလား ချန်ပီယံဆု ရရှိရာမှာ အဓိက ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ တောင်ပံ ကစားသမား အဲဗာတန် ကို ခေါ်ယူဖို့ အာဆင်နယ် အသင်း အပြင် အေစီမီလန် ၊ အက်သလက်တီကို မက်ဒရစ် အသင်းတို့ကလည်း စိတ်ဝင်စား နေကြပါတယ် ။
အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အဲဗာတန် ကတော့သူ့ကို ခေါ်ယူဖို့ အသင်းတစ်သင်းက တရားဝင် ကမ်းလှမ်း ထားတယ်လို့ ဝန်ခံ ပြောကြားလိုက်ပြီး အသင်း နာမည် ကိုတော့ ပြောလို့ မရကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အဲဗာတန် ဟာ ပြီးခဲ့တဲ့ ရာသီက ဘရာဇီး စီရီးအေ လိဂ်မှာ ပုံစံကောင်း ပြသနိုင်ခဲ့ပြီး ၂၈ ပွဲ ကစားရာမှာ သွင်းဂိုး ၁၀ ဂိုး ၊ ဂိုးဖန်တီးမှု သုံးကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် အဲဗာတန် ဟာ ကိုပါအမေရိက ပြိုင်ပွဲမှာလည်း ဘရာဇီး အသင်းအတွက်လည်း သွင်းဂိုး ၃ ဂိုး ၊ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။
အဲဗာတန် က အင်တာဗျူး တစ်ခုမှာ ” အခု လောလောဆယ် ကျနော် ကမ်းလှမ်းမှု တစ်ခုကို တရားဝင် လက်ခံ ရရှိ ထားပါတယ် ။ ဒါပေမယ့် အသင်း နာမည် ကိုတော့ ကျနော် ပြောပြလို့ မရပါဘူး ။ ကြာသပတေး နေ့မှာ ကစားမယ့် ပွဲမှာလည်း ကျနော် ပါဝင် ကစားမှာလား ဆိုတာကိုလည်း ပြောလို့ မရသေးပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
အာဆင်နယ် အသင်းဟာ ဝဲလ်ကော့ ၊ ချိန်ဘာလိန် ၊ ဆန်းချက်ဇ် တို့ အသင်းကနေ ထွက်ခွာ သွားပြီး နောက်ပိုင်း တောင်ပံ တိုက်စစ် စစ်စစ် ကစားသမား တစ်ဦး လိုအပ် နေတာလည်း ဖြစ်ပါတယ် ။ ဂန်းနား တို့ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့ ကတည်းက တောင်ပံ ကစားသမားသစ် တစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ပေမယ့်လည်း ခေါ်ယူနိုင် ခဲ့ခြင်းတော့ မရှိပါဘူး ။
အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ တောင်ပံ တိုက်စစ် နေရာမှာ အီဝိုဘီ ၊ မီခီတာရန်း တို့ ထားကစား နေပေမယ့်လည်း သိပ်တော့ အဆင်မပြေ ပါဘူး ။ အမ်မရီ ကိုယ်တိုင်ကလည်း အသင်းမှာ တောင်ပံ တိုက်စစ် ကစားသမား တစ်ဦးလောက် ခေါ်ယူဖို့ လိုအပ်နေကြောင်း ဝန်ခံ ထားပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ မာတီနယ်လီတစ်ဦးတည်းကိုသာ ပြောင်းရွေ့ကြေး ပေါင် ၆ သန်း နဲ့ ခေါ်ယူ ထားပါတယ် ။
အမ်မရီ ရဲ့ နည်းစနစ်ပိုင်း အရ တိုက်စစ်ကို အလျင်အမြန် သွားနိုင်တဲ့ ပြေးအား ၊ တိုးအား ကောင်းတဲ့ ကစားသမားတွေ လိုသလို လုပ်အားနှုန်းကောင်းတဲ့ ကစားသမားတွေလည်း လိုအပ်နေပါတယ် ။ အာဆင်နယ် အသင်းဟာ ဇာဟာ ၊ ကာရက်စ်ကို ၊ ဖရေစာ တို့ကို ခေါ်ယူဖို့ ချဉ်းကပ် ခဲ့ပေမယ့် အဆင်မပြေတာကြောင့် အဲဗာတန် ကို ပြောင်းလဲ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ် ။
SPORTS MYANMAR