ယနေ့ နံနက် ပိုင်းမှာ ကစားသွားခဲ့တဲ့ နိုင်ငံ တကာခြေစမ်းပွဲမှာ ဥရုဂွေး အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ ၂ဂိုးစီ သရေ နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ဒီပွဲမှာ ဥရုဂွေး အသင်းက ၂ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် အနိုင်ရလဒ်ကို ပွဲပြီးအောင် မထိန်းနိုင်ခဲ့ လို့နစ်နာခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၃၄မိနစ် မှာ ကာဗာနီက ဥရုဂွေး အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ ပြီး ပွဲချိန် ၆၃ မိနစ် မှာ အဂွေရိုက အာဂျင်တီးနားအတွက် ပြန်ပြီးချေပခဲ့တာဖြစ်ပါတယ်။ပွဲချိန် ၆၉ မိနစ်မှာဆွာရက်ဇ်က ဥရုဂွေး အသင်းအတွက် နောက်ထပ် တဂိုးသွင်းပေးခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ ပင်နယ်တီကနေ မက်ဆီက ပြန်ချေပခဲ့တာဖြစ်ပါတယ်။

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ မှာကစား ခဲ့တဲ့ ဒီပွဲမှာ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ နဲ့ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီတို့ စကားအချေအတင်ဖြစ်ခဲ့ပြီး အပြန်အလှန်စိန်ခေါ်မှုတွေပြုလုပ်ခဲ့ကြတာလို့ သတင်းတွေကဆိုပါတယ်။ရုပ်သံမှတ်တမ်းတွေအရသူတို့ဟာ စကားများနေခဲ့ပြီး ဂိုဒင်က ဝင်ရောက်ဖျန်ဖြေပေးခဲ့ရတာကိုမြင်တွေ့ခဲ့ရပါတယ်။

အဆိုပါ စကားအချေအတင်ဖြစ်စဉ် အတွင်း မှာ ကာဗာနီက မက်ဆီကို ” ထွက်လာခဲ့စမ်းပါ ချရအောင် ” လို စိန်ခေါ်ခဲ့ပြီး မက်ဆီကလည်း ” အချိန် မရွေးပဲ သားကြီးရေ ” လို့ ပြန်ပြီး ပြောဆိုသွားခဲ့တယ် လို့ ရုပ်သံ မှတ်တမ်းတွေကို အခြေခံပြီး မီဒီယာတွေက ဖော်ပြပါတယ်။

တောင်အမေရိက တိုက်ရဲ့ အင်အားကြီး နှစ်သင်း တွေ့ဆုံ ခဲ့တဲ့ အခုပွဲ ဟာပွဲအတွင်း အကြိတ်အနယ် ရှိခဲ့သလို ပွဲအပြီး အဝတ်လဲခန်းအတွင်းသွားရာ လိုဏ်ခေါင်းအတွင်းမှာလည်းရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သေးတယ်လို့ သတင်းတွေကဆိုပါတယ်။ကာယကံရှင် တဦးအဖြစ်ပါဝင်ခဲ့တဲ့ ကာဗာနီကတော့ မက်ဆီ နဲ့ အမှန်တကယ် စကားစစ်ထိုး ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

သတင်းထောက်တွေ နဲ့ အင်တာဗျူးမှာ ကာဗာနီက – ” ဒီကိစ္စ က အမှန်တကယ်ကို ဖြစ်သွားခဲ့တာပါ။ ဒါဟာ ဘောလုံးပွဲတပွဲဖြစ်ပါတယ်။ဒေသတွင်းရဲ့ အယ်ကလက်စီကို ပွဲတပွဲမှာဒါမျိုးဖြစ်တတ်ပါတယ်။ ဘောလုံးပွဲတွေမှာ ဒါမျိုးက ဖြစ်တတ်ပါတယ် ” လို့ပြောသွားခဲ့ပါတာဖြစ်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ ကိုပါအမေရိက ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ဦးဆောင်ခဲ့ပေမယ့် တတိယနေရာသာရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။တောင်အမေရိကတိုက် ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေဟာ အိမ်ရှင်ဘရာဇီးလ်ကို မျက်နှာသာပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ၃လ ပွဲပယ်ခံထားခဲ့ရတာဖြစ်ပါတယ်။

ဒီ ဘာစီလိုနာ တိုက်စစ် ကစားသမားဟာ ပြီး ခဲ့တဲ့ ခြေစမ်းပွဲ မှာမှ အာဂျင်တီးနား အသင်းအတွက် ပြန်လည်ပါဝင်ခွင့်ရထားခဲ့တာဖြစ်ပါတယ်။ဘရာဇီးလ်နဲ့ ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာလည်း မက်ဆီက အာဂျင်တီးနားအတွက် တလုံးတည်းသောအနိုင်ဂိုးကိုသွင်းယူပေးခဲ့ပြီး ကိုပါဆီမီးဖိုင်နယ်ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။

မက်ဆီ အတွက် ပြီးခဲ့တဲ့ လတွေဟာ အဆင်မပြေ မှုတွေ ဆက်တိုက်ကြံုတွေ့ခွှဲရတဲ့ အခိုက်အတန့်တွေဖြစ်ခဲ့ပြီး ဘာစီလိုနာ အသင်းရဲ့ ရာသီအစပွဲတွေကိုလည်း ဒဏ်ရာကြောင့်လွဲချော်ခဲ့ပါတယ်။ဒါပေမယ့် ကြံ့ခိုင်မှုပြန်ရလာအပြီး လာလီဂါ 7 ပွဲ ပြန်လည်ကစားပေးထားရာမှာသွင်းဂိုး၈ဂိုးနဲ့ ဖန်တီးမှု ၄ ကြိမ်စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။