လက်စတာစီးတီးအသင်းရဲ့ မန်နေဂျာဖြစ်သူ ကလော်ဒီပေါလ်က နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားကို ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေက ခေါ်ယူရန် စိတ်ဝင်စားနေကြပေမယ့်လည်း အင်္ဂလန်နောက်ခံလူဟာ ယခုနွေရာသီအပြောင်းအရွေ့ကာလမှာ ကင်းပါဝါ ကနေထွက်ခွာသွားမှာမဟုတ်ဘူးလို့ ဆိုသွားပါတယ်။

မက်ဂွိုင်းယား ဟာ ပြီးခဲ့တဲ့ နွေရာသီက ဟူးစီးတီးမှ လက်စတာစီးတီးကို ပြောင်းရွေ့လာခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ပထမဦးဆုံး ရာသီမှာပဲ အထူးခြေစွမ်းပြကစားနိုင်ခဲ့ကာ လက်စတာအတွက် လိဂ်ပွဲစဉ်အားလုံးကို ကစားခဲ့ပြီး အဆင့်ကိုးနေရာနဲ့ အဆုံးသတ်နိုင်အောင်ကူညီပေးခဲ့ပါတယ်။ ဒီအတွက်ကြောင့်လည်း မက်ဂွိုင်းယားဟာ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အတွက် ကစားခွင့်ရခဲ့တာဖြစ်ပြီး ဂါရက်ဆောက်ဂိတ်ရဲ့ အသင်းကို ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။

ကလော်ဒီပေါလ်က “ဒီရာသီအတွက် မက်ဂွိုင်းယား အသင်းမှာ ဆက်ရှိနေမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။ သူဟာ ကျွန်တော်တို့အတွက် အလွန်အရေးပါတဲ့ ကစားသမားကောင်းတစ်ဦးပါ။ ကမ္ဘာ့ဖလားမှာတုန်းက သူ့ရဲ့ ခြေစွမ်းအတွက် ကျွန်တော် အံ့သြမိခြင်းတော့ မ၇ှိပါဘူး။ ပြီးခဲ့တဲ့ ဒုတိယရာသီဝက် အတွင်း သူ့ရဲ့ ခြေစွမ်းတိုးတက်မှုကို ကျွန်တော်တို့မြင်ခဲ့ရလို့ပါ။

နိုင်ငံတကာ ပွဲစဉ်မှာ သူဒီလို အဆင့်နဲ့ ပုံစံကောင်းပြသခဲ့တာကို ကျွန်တော် မအံ့သြမိပါဘူး။ အမှန်ပါပဲ။ သူဟာ အရမ်းကောင်းတဲ့ ကစားသမားပါ။ ကျွန်တော်သူ့ကို စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းနေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သူ့ကိုလိုအပ်ပြီး ဗာဒီကိုလည်း အသင်းမှာလိုအပ်ပါတယ်။ သူတို့ဟာ လက်စတာတွေ ဖြစ်နေလို့ပါ၊

ပေါလ်က အကယ်၍လက်စတာအသင်းကသာ မက်ဂွိုင်းယားကို ရောင်းထုတ်သွားခဲ့မယ်ဆိုရင် အပြောင်းအရွေ့ ဈေးကွက်ပိတ်သိမ်းမယ့် သြဂုတ်လ ၉ ရက်နေ့မတိုင်မီ အင်္ဂလန်နောက်ခံလူရဲ့ နေရာမှာ အစားထိုးရန် ကစားသမား ရှာဖွေသွားဖို့ မဖြစ်နိုင်ဘူးလို့ ပြောလိုက်ပါတယ်။

“အကယ်၍ ကျွန်တော်တို့ သူ့ကို ဆုံးရှုံးခဲ့မယ်ဆိုရင် အပြောင်းအရွေ့ဈေးကွက် မပိတ်မီ သူ့နေရာမှာ အစားထိုးမယ့် ကစားသမားကို ရှာဖွေဖို့ ရက်အနည်းငယ်သာ ရတာကြောင့် မဖြစ်နိုင်သလောက်ပါပဲ။ ရာသီမစတင်မီ အပြောင်းအလဲ ပြုလုပ်သွားဖို့ဟာ မဖြစ်နိုင်ပါဘူး။

မက်ဂွိုင်းယား အနေနဲ့ လက်စတာစီးတီးအသင်းမှာ ပုံစံကောင်းဆက်လက်ပြသနိုင်ပြီး တိုးတက်အောင် လုပ်သွားလို့ ရပါတယ်။ ဒါဟာ လူငယ်ကစားသမား တစ်ဦးအတွက် အမြဲတမ်း အရေးကြီးတဲ့ အရာ ဖြစ်ပါတယ်။” လို့ ပေါလ် ကပြောသွားပါတယ်။

ကမ္ဘာ့ဖလား မှာ ပါဝင်ခဲ့တာကြောင့် နားရက် ရနေတဲ့ မက်ဂွိုင်းယား နဲ့ ဗာဒီ တို့ဟာ ယခုတစ်ပတ်မှာပဲ လက်စတာကို ပြန်ရောက်လာတော့မှာ ဖြစ်ပြီး ယူနိုက်တက် နဲ့ သြဂုတ်လ ၁၀ ရက်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ မတိုင်မီ ပြင်ဆင်ကြမှာ ဖြစ်ပါတယ်။

Sports Myanmar