ပရီးမီးယားလိဂ် ကလပ် စပါး အသင်း ဟာ သူတို့ အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ ကြီး ပိုချက်တီနို ကို ထုတ်ပယ်လိုက်ပြီ ဖြစ်တယ် လို့ ယနေ့ နံနက် အစောပိုင်းမှာ ကြေငြာ လိုက်ပါတယ်။ ပိုချက်တီနိုဟာ ၂၀၁၄ နွေရာသီမှာ ဆောက်သမ်တန်ကနေ ပြောင်းလာခဲ့တာဖြစ်ပြီး ၅နှစ်ခွဲနီးပါးအကြာမှာပဲ စပါးအသင်းကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ပိုချက်တီနို ဟာဥရောပထိပ်တန်း အသင်းကြီး အများစု ရဲ့ မျက်စိကျခြင်း ခံနေခဲ့ရ တဲ့ နည်းပြတဦး ဖြစ်ပြီး သူ့ရဲ့လက်ထက် မှာ စပါး အသင်းက တိုးတက် မှု တွေ အများကြီးရှိခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ ဦးဆောင်မှုအောက်မှာ စပါးတို့ နှစ်တိုင်းနီးပါး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဆုကြီးနဲ့ ပါအတော်လေး နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ရာသီ မှာတော့ အပြောင်း အရွှေ့စျေးကွက် ၂ခုဆက် တိုက် ကစားသမား သစ် တဦးတလေ တောင် မခေါ်ယူပဲ အသင်းကို ချန်ပီယံလိဂ်ဖိုင်နယ် တက်ရောက်စေနိုင်ခဲ့ပြီး ပရီးမီးယား လိဂ်မှာ လည်း အဆင့် ၄နေရာရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ ပါတယ်။

ဒါကြောင့် လည်း ဥက္ကဌကြီး လီဗိုင်းရဲ့ ယုံကြည်လေးစားမှုကို ပိုရခဲ့ပြီး အခုနွေမှာ ကစားသမား သစ်တွေကို အများအပြား အင်အားဖြည့်တင်းခွင့်ရရှိခဲ့ပါတယ်။ဒါပေမယ့် ထင်သလောက် အဆင်ပြေ ချောမွေ့ခြင်း မရှိပဲ ဆိုးရွားတဲ့ ရာသီအစကိုသာကြုံတွေ့နေခဲ့ရတာဖြစ်ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ပွဲဆက် တိုက် နိုင်ပွဲပျောက်ဆုံး ခဲ့ပြီး အဆင့် ၁၄ နေရာအထိ ကျဆင်း နေတာကြောင့် လည်း အသင်းတာဝန်ရှိသူတွေကသူနဲ့ အခုလို လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။ဒါပေမယ့် စပါးအသင်းမှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ကစားပေးခဲ့ဖူးတဲ့ တိုက်စစ်မှူး ပီတာခရောက်ချ်ကတော့ ဒီဆုံးဖြတ်ချက်ကို မယုံနိုင်အောင်ဖြစ်နေပုံပါပဲ။

စပါး အသင်းဟာ ဒီအာဂျင်တီးနား သား ကြီး ရယူစွမ်းဆောင်ပေးထားခဲ့ဖူးတဲ့ အရာတွေကို မြန်မြန်ဆန်ဆန်ပဲ မေ့ပစ်ခဲ့ကြတယ်လို့ သူက ပြစ်တင်သွားခဲ့ပါတယ်။ဒါ့အပြင် အခြားအသင်းတွေသာဆိုရင် ပိုချက်တီနို စွမ်းဆောင်ပေးထားခဲ့တဲ့အရာတွေကြောင့်ရုပ်တု ထုပြီးတောင်ဂုဏ်ပြုကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

Daily Mail သတင်းစာရဲ့ ကော်လံမှာ ခရောက်ချ်က – ” စပါးအသင်းရဲ့ ဆုံးဖြတ်ချက်ကြောင့်ကျွန်တော်အရမ်းအံ့အားသင့်မိပါတယ်။လတ်တလောမှာ သူတို့အသင်း ရလဒ်တွေက ဆိုးရွားနေတယ်ဆိုတာကို ကျွန်တော်သိပါတယ်။

ထိပ်တန်း အသင်းတွေဟာ သူတို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အလားအလာကို ထိခိုက်စေမယ့် အရိပ်အယောင်မြင်ရချိန်မှာ ဘာလို့ဒီလိုလုပ်တတ်တယ်ဆိုတာလည်းနားလည်ပါတယ်။ဒါပေမယ့် ပိုချက်တီနိုရဲ့ ထုတ်ပယ်ခံရမှုက ရုတ်တရတ် ဆန်လွန်းပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့တုန်းကမှ ဒီအသင်းကို ချန်ပီယံလိဂ် ဖိုင်နယ်ပို့ထားခဲ့တာပါ။ ဒီအဆင့်ကို မရောက်ဖူးတဲ့ အခြား အသင်းတွေ ဆိုရင် ပိုချက်တီနိုရဲ့ ဒီလိုစွမ်းဆောင်ပေးမှုအတွက် ရုပ်တုတောင်ထုပြီး ဂုဏ်ပြုပေးပါလိမ့်မယ်။

ဒါပေမယ့် စပါး အသင်းမှာ သူရလိုက် တာ ကတော့ သူရဲ့ လုပ်ပိုင်ခွင့်တွေ ရာထူးအာဏာတွေ လက်လွှတ်လိုက်ရတာပဲ ဖြစ်ပါတယ်။စပါး အသင်းအတွက်တော့ နောင်တရ စရာ ဆုံးဖြတ်ချက်မျိုးဖြစ်လာမယ်ဆိုပြီး ကျွန်တော်ကတော့ကြောက်နေပါပြီဗျာ။

ပိုချက်တီနိုက သူတို့ အသင်းအတွက် နှစ်ပေါင်း ၂၀ အတွင်း အကောင်းဆုံး ဆိုတဲ့ အရာကို ဖြစ်ပျက်စေထားခဲ့ဖူးတာဖြစ်ပါတယ်။ သူလိုနည်းပြထက်ပိုကောင်းတဲ့ သူကို ရှာတွေ့နိုင်ဖို့ ကံကောင်းပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ် ” လို့ရေးသားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေ အရတော့ စပါး အသင်းဟာ ပိုချက်တီနို ရဲ့ နေရာအတွက် ပေါ်တူဂီသားကြီး မော်ရင်ဟိုကို ခန့်အပ်သွားတော့မှာဖြစ်တယ်လို့သိရပါတယ်။မော်ရင်ဟိုဟာ ချဲဆီးလ်၊ ယူနိုက်တက် အသင်းတွေကိုကိုင်တွယ်ဖူးသူဖြစ်ပြီး ပရီးမီးယားလိဂ်အတွေ့အကြံုကြွယ်ဝသူလည်းဖြစ်ပါတယ်။

SPORTS MYANMAR