အာဆင်နယ် အသင်း နဲ့ နယ်သာလန် လက်ရွေးစင် အသင်း တိုက်စစ်မှူးဟောင်း ဗန်ပါစီ ဟာ ကစားသမား ဘဝ ကနေ အနားယူသွားခဲ့ပြီ ဖြစ်ပြီး ဘောလုံးပွဲ ဝေဖန် သုံးသပ်သူ အဖြစ် စတင် လုပ်ကိုင်နေပြီလည်း ဖြစ်ပါတယ် ။

၂၀၀၄ ခုနှစ်တုန်းက ဖီယင်နု အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ လာခဲ့တဲ့ ဗန်ပါစီဟာ ပထမဆုံး ရာသီ မှာတင် အက်ဖ်အေ ဖလား ရယူ နိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်းမှာ ခြေစွမ်းပြ ဂိုးတွေ သွင်းယူ နိုင်ခဲ့ပြီး နောက် ယူနိုက်တက် အသင်းကို ထပ်မံ ပြောင်းရွှေ့ သွားခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ရယူ နိုင်ခဲ့ပါတယ် ။

ဗန်ပါစီ ဟာ နယ်သာလန် လက်ရွေးစင် အသင်းနဲ့ အတူ ၂၀၁၀ ခုနှစ်တုန်းက ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အထိ တက်ရောက် နိုင်ခဲ့သူလည်း ဖြစ်ပါတယ် ။ ဗန်ပါစီ ဟာ အာဆင်နယ် အသင်းကနေ မထွက်ခွာမှီ နောက်ဆုံး ရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၃၀ အထိ ရယူ နိုင်ခဲ့သလို ဂန်းနားတို့ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ် ။

ဒါပေမယ့်လည်း ဗန်ပါစီဟာ နောက်တစ်ရာသီမှာတော့ အာဆင်နယ် အသင်းရဲ့ မဟာပြိုင်ဘက် မန်ယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲတာကြောင့် ပရိသတ်တွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဗန်ပါစီ ဟာ အာဆင်နယ် အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာပါ ။

ဗန်ပါစီ ကတော့ အာဆင်နယ် အသင်းကနေ ထွက်ခွာခဲ့ရတာဟာ အသင်းဘက်က စာချုပ်သစ် မချုပ်တာကြောင့် ဖြစ်ကြောင်း ထုတ်​ဖော် ပြောကြား လိုက်ပါတယ် ။ ” ကျနော်က ရည်မှန်းချက် ကြီးမားတဲ့သူ တစ်ယောက်ပါ ၊ ကျနော့်မှာ လိဂ်ဖလား ဆွတ်ခူး ရယူချင်တဲ့ စိတ်ဆန္ဒ ရှိပါတယ် ။ ”

” ကျနော့်မှာ ရွေးချယ်စရာ သုံးခု ရှိခဲ့ပါတယ် ၊ အင်္ဂလန်က ထွက်ပြီး တခြား နိုင်ငံ သွားကစားဖို့ လုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး ၊ နောက်နှစ်ခုကတော့ စီးတီး နဲ့ ယူနိုက်တက် ပါ ။ ဒါပေမယ့် အဲ့ဒီ အပြောင်းအရွှေ့ရဲ့ နောက်ကွယ်မှာ လူတွေ မသိတဲ့ အကြောင်းအရာတွေ အများကြီး ရှိပါတယ် ။ ”

” ပရိသတ်တွေ မမြင်နိုင် မသိနိုင်တဲ့ အခြေအနေတွေ ဖြစ်ပျက် သွားခဲ့တာပါ ၊ ကျနော် မဖြစ်မနေ ရွေးချယ် ရတော့မယ့် အခြေအနေမျိုးပါ ၊ အဓိက အကြောင်းအရင်းကတော့ အာဆင်နယ်ဘက်က ကျနော့်ကို အလို မရှိတော့တာပါပဲ ၊ သူတို့ဘက်က ကျနော့်ကို စာချူပ်သစ်အတွက် ကမ်းလှမ်းမှု မလုပ်ခဲ့ပါဘူး ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR