လီဗာပူး အသင်းဟာ ကာဒစ်ဖ် စီးတီး အသင်းကနေ အာရွန် ရမ်ဆေး ကို ခေါ်ယူဖို့ အခွင့်အရေး ရခဲ့ပေမယ့် အကြောင်းအရင်း တစ်ခုကြောင့် ငြင်းဆန် ပယ်ချ ခဲ့တာ ဖြစ်တယ်လို့ ဂျာနယ်လစ် ပေါလ်တွမ်ကင် က ထုတ်ဖော် ရေးသား လိုက်ပါတယ် ။

လီဗာပူး အသင်းဟာ ၂၀၀၈ ခုနှစ်တုန်းက ဝေးလ်စ် လူငယ် ကွင်းလယ်လူ ရမ်ဆေး ကို ခေါ်ယူမယ့် အစား အသင်းက လူငယ် ကြယ်ပွင့် ဂျေ စပီယာရင်း ကို နေရာပေးချင်တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ် သွားခဲ့တာလည်း ဖြစ်ပါတယ် ။

လီဗာပူး အသင်းဟာ ကာဒစ်ဖ် စီးတီး အသင်းက ရမ်ဆေး ကို ပေါင် ၁ သန်းထဲနဲ့ ခေါ်ယူဖို့ အခွင့်အရေး ရခဲ့တာ ဖြစ်ပြီး အကယ်ဒမီ က အင်္ဂလန် ကွင်းလယ်လူ စပီယာရင်း ကို အများကြီး မျှော်လင့်ထားတာကြောင့် ရမ်ဆေး ကို ခေါ်ယူဖို့ ငြင်းဆန် ခဲ့တာ ဖြစ်တယ်လို့ ပေါလ်တွမ်ကင် က ဆိုပါတယ် ။

ပေါလ်တွမ်ကင် က တွစ်တာမှာ ” ရာဖေးလ် ဘင်နီတက်ဇ် က ရမ်ဆေး အာဆင်နယ် အသင်းကို မပြောင်းခင် ပေါင် ၁ သန်း နဲ့ ခေါ်ဖို့ အခွင့်အရေး ရခဲ့တယ်လို့ ကျနော့်ကို ပြောဖူးပါတယ် ။ ဒါပေမယ့် သူက ဂျေစပီယာရင်း ရှိနေတာကြောင့် မခေါ်ဖြစ် ခဲ့တာလို့ ပြောပါတယ် ။ ” လို့ ထုတ်ဖော် ရေးသား ခဲ့ပါတယ် ။

လီဗာပူး အသင်းထံ မပြောင်းရွှေ့ဖြစ်ခဲ့တဲ့ ရမ်ဆေး ဟာ နောက်လ အနည်းငယ် အကြာမှာ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄.၈ သန်း နဲ့ ရောက်ရှိ သွားခဲ့ပြီး ဂန်းနားတို့ အတွက် ဆယ်စုနှစ် တစ်စု အကြာ ကစား ပေးခဲ့ပါတယ် ။

အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဝေးလ်စ် ကွင်းလယ်လူ အာရွန် ရမ်ဆေး ဟာ အာဆင်နယ် အသင်း အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၅၀ ကျော် ကစား ပေးခဲ့ပြီး အက်ဖ်အေ ဖလား ဗိုလ်လုပွဲ နှစ်ကြိမ်မှာလည်း အနိုင်ဂိုးတွေ သွင်းယူ ပေးခဲ့သူလည်း ဖြစ်ပါတယ် ။

ရမ်ဆေး ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံး သွားခဲ့ပြီး စီရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်းကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ် ။

လီဗာပူး တို့ အများကြီး မျှော်လင့် ထားခဲ့ကြတဲ့အင်္ဂလန် ကွင်းလယ်လူ ဂျေ စပီယာရင်း ကတော့ အန်ဖီးလ် မှာ ငါးနှစ်တာ ကစားခဲ့ပြီး ၅၅ ပွဲသာ ကစားခွင့် ရခဲ့ပါတယ် ။ စပီယာရင်း ဟာ အခု လက်ရှိ အချိန်မှာတော့ လိဂ်ဝမ်း ကလပ် ဘလက်ပူးလ် အသင်းမှာ ကစားနေပါတယ် ။

SPORTS MYANMAR