အာဆင်နယ် အသင်းရဲ့ လူငယ် အကယ်ဒမီ မန်နေဂျာ မာတီဆက်ကာ က လာမယ့် အနာဂတ်ကာလမှာ အသင်းဖော်ဟောင်း မိုက်ကယ် အာတီတာ နဲ့ အတူ အလုပ်တွဲလုပ်ချင်ကြောင်း ​ဝန်ခံ ပြောကြား လိုက်ပါတယ် ။

အာတီတာ နဲ့ မာတီဆက်ကာ တို့ နှစ်ဦးဟာ အာဆင်နယ် အသင်းမှာ ၂၀၁၁ ခုနှစ် ကနေ ၂၀၁၆ ခုနှစ် အထိ ငါးနှစ်တာ တွဲကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းတွေလည်း ဖြစ်ပါတယ် ။ စပိန် ကွင်းလယ်လူဟောင်း အာတီတာ ဟာ အာဆင်နယ် အသင်းမှာ ငါးနှစ်ကြာ ကစားခဲ့ပြီး ပွဲပေါင်း ၁၅၀ ကျော် ကစား ပေး ခဲ့ ပါ တယ် ။

၂၀၁၆ ခုနှစ် နွေရာသီ မှာတော့ အာတီတာ ဟာ ဘောလုံး ကစားသမား ဘဝကနေ အနားယူ ခဲ့ပြီး နည်းပြ လောကထဲ ဝင်ရောက် ခဲ့ပါတယ် ။ မိုက်ကယ် အာတီတာ ဟာ အခု လက်ရှိ အချိန်မှာ မန်စီးတီး နည်းပြ ဂွာဒီယိုလာ ရဲ့ လက်ထောက် အဖြစ် လုပ်ကိုင်နေပါတယ် ။

အာတီတာ ရဲ့ လက်ထောက် အသင်း ခေါင်းဆောင် အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ မာတီဆက်ကာ က တစ်နေ့တစ်ချိန်ကျရင် အသင်းဖော်ဟောင်း နဲ့ အတူ အာဆင်နယ် အသင်းမှာ အလုပ်တွဲလုပ်ချင်ကြောင်း Four Four Two နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။

” အာဆင်နယ်မှာတုန်းက ကျနော်က သူ(အာတီတာ) ရဲ့ လက်ထောက် အသင်းခေါင်းဆောင် အဖြစ် လုပ်ကိုင်ခဲ့ပါတယ် ၊ ကျနော့်ကို ယုံကြည်မှု အပြည့် ပေးခဲ့သူ ဖြစ်ပြီး အသင်း အစည်းအဝေးတွေမှာလည်း ကျနော့်ဘေးမှာ သူအမြဲ ရှိပါတယ် ။ ”

” ကျနော်တို့ နှစ်ယောက်ကြားမှာ တကယ့်ကို ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ် ၊ သူနဲ့ အတူ အလုပ် တွဲလုပ်ချင်ပါသေးတယ် ၊ တကယ့်ကို တော်တဲ့ သူပါဗျာ ။ ” လို့ ဖွင့်ဟ ပြော ကြား လိုက် ပါ တယ် ။

အာဆင်နယ် အသင်းဟာ နည်းပြကြီး အာဆင်ဝင်းဂါး ထွက်ခွာ သွားပြီးနောက်ပိုင်း ကစားသမားဟောင်း အာတီတာကို နည်းပြ အဖြစ် ခန့်အပ်ဖို့ ဆွေး​နွေးခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းတော့ မရှိပါဘူး ။

အာတီတာ ကတော့ SER Catalunta နဲ့ အင်တာဗျူးမှာ အာဆင်နယ် အသင်းရဲ့ ကမ်းလှမ်းမှုကို ဘာကြောင့် ငြင်းပယ်ခဲ့တာလဲဆိုတဲ့ မေးခွန်းကို ” အင်း ဟုတ်ပါတယ်၊အကြောင်းကိစ္စ အနည်းငယ် ရှိလို့ပါ။ကျနော် ဒီ(မန်စီးတီး) အသင်းမှာ ပျော်ရွှင်နေပြီး ကိုယ့်ကို တန်ဖိုးထားတယ်လို့ ခံစားရလို့ ဒီဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာပါ ။ ဒီအသင်းမှာပဲ ဆက်နေသွားချင်လို့ပါ။”

” တစ်ခါတစ်ရံမှာ မန်စီးတီး အသင်းကနေ ထွက်ခွာဖို့ နီးစပ်ခဲ့ပေမယ့် ကိုယ့်ကိုယ်ကို ထိန်းချုပ် နိုင်ခဲ့ပါတယ်။ ပထမတစ်ချက် အနေနဲ့ ကျနော် နည်းပြ ဘဝကို အလျင်စလို ကူးမပြောင်းချင်ပါဘူး ။ ဘယ်လောက်ပဲ ဘောလုံး အမြင်ရှိပါစေ … ကိုယ်ဖြစ်ချင်တဲ့ အရာ တစ်ခုကို အကောင်းဆုံး လုပ်နိုင်ဖို့ ကိုယ့်ဝမ်းစာကိုယ် အရင်ဖြည့်ရပါမယ်။”

“နောက်တစ်ခု က အသင်းအပေါ် သစ္စာရှိချင်လို့ပါ။နောက်တစ်နှစ်လည်း အသင်းမှာပဲ ဆက်နေမယ်လို့ တစ်စုံတစ်ယောက်ကို ကတိ ပေးပြီး သွားရင် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချဖို့ မသင့်တော်တော့ပါဘူး ။ ” လို့​ ဖြေကြား ထားခဲ့ဖူးပါတယ် ။

SPORTS MYANMAR