အာဆင်နယ် အသင်းမှာဆယ်စုနှစ်တခုကျော်ကြာ ကစားခဲ့တဲ့ ဝေးလ်ကွင်းလယ်လူအာရွန်ရမ်ဆေးလ်ဟာ အခုနွေမှာတော့ အီတလီ ထိပ်သီး ဂျူဗီ အသင်းကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ကစားသမား ကောင်းတွေကို အလွတ် ခေါ်ယူရာမှာ ထူးချွန်လေ့ရှိတဲ့ ဂျူဗီအသင်းဟာ ရမ်ဆေးလ်ကို ၂၀၂၃ ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ရမ်းဆေးလ်ဟာ အတွေ့အကြုံကောင်းတွေ အများအပြားရရှိနေပြီဖြစ်သလို ကစားသမားဘဝရဲ့ အကောင်းဆုံးအခိုက်အတန့်မျိုးကိုရောက်နေချိန်လက်လွှတ်ခဲ့ရလို့ အာဆင်နယ်အသင်း အတွက်တကယ်ကို နစ်နာဖို့ကောင်းတာဖြစ်ပါတယ်။ကာယကံရှင် ကစားသမား ကတော့ ရော်နယ်ဒို ၊ ဒိုင်ဘာလာ အစရှိတဲ့ ကြယ်ပွင့် တွေနဲ့ မကြာခင်မှာတွဲဖက် ကစားရတော့မှာဖြစ်ပါတယ်။

ဒီဝေးလ် သားဟာ တူရင်မြေကို မကြာသေးမီက ပဲ ရောက်ရှိလာခဲ့ပြီး ဘာတွေ လေ့လာသင်ယူထားခဲ့ပြီးပြီဆိုတာကို မီဒီယာ တွေ့ဆုံပွဲမှာ ထုတ်ပြောသွားခဲ့ပါတယ်။သူဟာ အီတလီ ဘာသာစကား ကို လေ့လာသင်ယူနေပြီဖြစ်ပြီး အနည်းငယ် ရှုပ်ထွေးနေတယ်ဆိုတာကို ဝန်ခံသွားခဲ့ပါတယ်။

အင်္ဂလိပ် စကားကို အဓိက ထားပြောဆိုတတ်တဲ့ ဗြိတိန် ကျွန်းစု နိုင်ငံတွေရဲ့ ကစား သမားတွေဟာ ပုံမှန်အားဖြင့် ဒုတိယ ဘာသာစကားတခုကိုလေ့လာသင်ယူဖို့ စိတ်သိပ်မပါလေ့ရှိတာဖြစ်ပါတယ်။ဒါပေမယ့် ရမ်ဆေးလ်ကတော့ အီတလီ မြေကိုရောက်ရောက်ချင်းမှာပဲ ဒေသခံ ဘာသာစကားကို လေ့လာသင်ယူနေပြီဆိုတာကိုပြောလိုက်ပြီး မြို့မေတ္တာခံယူလိုက်တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာချဲဆီးလ် အသင်းရဲ့ နည်းပြအဖြစ် ရင်ဆိုင်ခဲ့ရဖူးတဲ့ဆာရီ ရဲ့ လက်အောက်မှာကစားသွားရမှာကို လည်း ရမ်ဆေးလ်စိတ်လှုပ်ရှားနေပါတယ်။ဒါပေမယ့် ဂျူဗီ အသင်းမှာ ကာလရှည် ကစားသွားခဲ့ဖူးတဲ့ ဝေးလ် ဂန္တဝင်ကြီး ဂျွန်ချားလ်စ်ရဲ့ ခြေရာနင်းချင်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

BBC နဲ့ အင်တာဗျူးမှာ – ” ကျွန်တော်ဟာ အသင်းရဲ့ နည်းပြကြီး ယမန် နှစ်အင်္ဂလန် မြေမှာကတည်းက သိထားတာဖြစ်ပါတယ်။သူဟာဘောလုံး ကိုလုံးဝကစားတာကို ကြိုက်နှစ်သက်သူဖြစ်ပါတယ်။သူဟာ ကိုယ်ပိုင်အတွေးအခေါ်ကောင်းရှိထားသူဖြစ်ပြီး ကစားသမားတွေ အားလုံးဟာလည်းသူ့ရဲ့နည်းစနစ်မှကောင်းကောင်း အသားကျမယ်လို့ ကျွန်တော်အာမခံပါတယ်။

သူဟာ ချဲဆီးလ် အသင်းနဲ့ အတူကောင်းမွန်တဲ့ရာသီတခုပိုင်ဆိုင်ခဲ့ပြီး ဖိုင်နယ်၂ ခုတက်ရောက်နိုင်ခဲ့ကာ ဆုဖလားတလုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။ထိပ်ဆုံးလေးသင်းလည်းဝင်ရောက်နိုင်အောင်စွမ်းဆောင်ပေးခဲ့ပါတယ်။ဒီလို လုပ်ပေးဖို့ဆိုတာမလွယ်လို့ ဒါတွေဟာအဲ့ဒီမှာသူ့ရဲ့အောင်မြင်မှုတွေလည်းဖြစ်ပါတယ်။သူ့ရဲ့ အတွေးအခေါ်နဲ့ စတိုင်ကို ဒီအသင်းကိုလည်းသယ်ဆောင်ပေးလာနိုင်မယ်လို့ မျှော်လင့်ပါတယ် “လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

၁၉၅၇ ခုနှစ်ကနေ ၁၉၆၂ အထိဂျူဗီမှာကစားခဲ့ပြီး စီးရီးအေ ချန်ပီယံဆု၃ကြိမ်၊ ကိုပါဒယ်ရေးဖလား ၂ကြိမ် ရယူပေးခဲ့ဖူးတဲ့ ဂျွန်ချားလ်စ်ရဲ့ ခြေရာကိုလိုက်နင်းချင်တယ်လို့လည်း ရမ်ဆေးလ်ကဆိုပါတယ်။သူကဆက်လက်ပြီး –

” ဂျွန်ချားလ်စ်ဟာ ဒီအသင်းမှာကော ဝေးလ် အသင်းအတွက်ပါ သူရဲကောင်းတဦးဖြစ်ပါတယ်။သူဟာ ဒီအသင်းကိုကျွန်တော်ရောက်လာအပြီးမှာ အတုယူကြိုစားသွားဖို့ ၊ ခြေရာနင်းနိုင်ဖို့ မျက်စိကျနေတဲ့ တဦးတည်းသော ကစားသမားလည်းဖြစ်ပါတယ်။သူဟာအရာရာတိုင်းကို ဒီအသင်းအတွက် ယူဆောင်ပေးခဲ့ပြီး အမှတ်တရတွေ ချန်ထားရစ်ခဲ့ပါတယ်။သူဟာ ဒီအသင်းရဲ့ သမိုင်းမှာဘယ်လောက်အထိ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာကျွန်တော်နားလည်ပါတယ်။သူလိုအံ့မခန်းကစားသမားကို ကျွန်တော်အတုခိုးနိုင်ဖို့ မျှော်လင့်ထားပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။