စပါး အသင်းဟာ သူတို့ အသင်းကို ကိုင်တွယ်နေခဲ့တာ ၅နှစ်ကျော်ကြာ နေခဲ့ပြီ ဖြစ်တဲ့ နည်းပြ ကြီး ပိုချက်တီနို ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီ ဖြစ်ကြောင်း ယနေ့ နံနက်အစောပိုင်းမှာ ကြေငြာခဲ့ပါတယ်။ပိုချက်တီနိုအတွက်တော့ ဒီရာသီ ပရီးမီးယားလိဂ် မှာ ထုတ်ပယ်ခံရတဲ့ ဒုတိယမြောက် နည်းပြ အဖြစ်လည်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဒါကြောင့် လတ်တလောမှာ နောက်ထပ် ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး နည်းပြ အဖြစ် အာဆင်နယ် အသင်းရဲ့ နည်းပြ ကြီးအူနိုင်းအမ်မရီက ဦးဆောင်သွားခဲ့ ပြီလို့ သတင်းတွေကဆိုပါတယ်။မြောက်လန်ဒန် အခြေစိုက် ဒီအသင်းနှစ်သင်းလုံးဟာ အခုရာသီမှာ ရလဒ်ဆိုးတွေကြောင့် အပြိုင်ရုန်းကန်နေရတာဖြစ်ပြီး စပါး အသင်းကနည်းပြ အပြောင်းအလဲ အရင်ဆုံးပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

စပါး အသင်း ဟာ ပိုချက်တီနိုရဲ့ နေရာ အတွက် နာမည်ကျော် နည်းပြကြီး တဦး ဖြစ်တဲ့ မော်ရင်ဟိုကို ချက်ချင်းဆိုသလို ပဲ ခန့်အပ်ထားခဲ့ပြီလည်းဖြစ်ပါတယ်။ဒီပေါ်တူဂီသားကြီးဟာ ပရီးမီးယားလိဂ်အတွေ့အကြုံကြွယ်ဝသူဖြစ်ပြီးချဲဆီးလ်၊ ယူနိုက်တက် တို့ကို အောင်မြင်မှု တွေရရှိအောင်စွမ်းဆောင်ပေးနိုင် ခဲ့ဖူးသူလည်းဖြစ်ပါတယ်။

အာဆင်နယ် နည်းပြကြီး အူနိုင်းအမ်မရီ ကတော့ နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲ ၁၀ ပွဲ မှာ ၂ပွဲသာ အနိုင်ရအောင်စွမ်းဆောင်ပေးထားနိုင် ခဲ့ပြီး အသင်းကို အဆင့်၆နေရာ မှာ ရပ်တည်နိုင်အောင်သာစွမ်းဆောင်ပေးထားပါတယ်။ဒါကြောင့်လည်းလာမယ့် ရက်သတ္တပတ် တွေအတွင်း ထုတ်ပယ်ခြင်း ခံရတော့မယ်လို့ Tip ပေးခြင်း ခံနေရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်း ဟာသူတို့ကို ဆယ်စုနှစ် ၂ ခုကျော်ကြာကိုင်တွယ်ခဲ့တဲ့ နည်းပြကြီး အာဆင်ဝင်းဂါးနဲ့ လမ်းခွဲအပြီးမှာ စပိန်သားကြီး အူနိုင်းအမ်မရီကို တာဝန်ပေးထားတာဖြစ်ပါတယ်။အခုနှစ် နွေရာသီ စျေးကွက် အတွင်းမှာ ပေါင်သန်း ၁၀၀ ကျော်သုံးစွဲခွင့်ရထားပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ ရလဒ်တွေနဲ့ စွမ်းဆောင်ရည်တွေက တိုးတက်မှု မရှိထားသေးတာဖြစ်ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ လက်စတာ အသင်းကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ကြောင့်လည်း ချန်ပီယံလိဂ်ဝင်ခွင့် နေရာ နဲ့ ၉မှတိအထိကွာဟ ခဲ့ပြီဖြစ်ပါတယ်။ဒါဟာ နည်းပြကြီး အူနိုင်းအမ်မရီ အနေနဲ့ အလှည့်အပြောင်းတွေ လုပ်ဆောင်ပေးဖို့ လိုအပ်လာပြီး ဖိအားတွေ အောက်ရောက်နေပြီဆိုတဲ့ အချက်ပေးခေါင်းလောင်းသံလည်းဖြစ်လာပါတယ်။

အူနိုင်းအမ်မရီဟာ ရှာကာလို ပရိသတ် တွေ ကျေနပ် အားရသူ မဟုတ်တဲ့ ကစားသမား မျိုးကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တာကြောင့်လည်း ဝေဖန်ပြစ်တင်မှုတွေခံနေခဲ့ရပြီး ပြသနာတွေကို ပိုတောင်တိုးလာစေခဲ့ပါတယ်။ပြီးခဲ့တဲ့ အပတ်တွေအတွင်းထွက်ခဲ့တဲ့ သတင်းတွေအရ အာဆင်နယ်နည်းပြဖြစ်လာဖို့ မော်ရင်ဟိုက အတော်လေး နီးစပ်ခဲ့ပေမယ့် အခုချိန်မှာတော့ သူ စပါးအသင်းက လက်ဦးမှု ရယူပြီး သူ့ကိုတာဝန်ပေးခဲ့တာဖြစ်ပါတယ်။

အူနိုင်း အမ်မရီဟာ အာဆင်နယ်နဲ့ အဖွင့် ရာသီမှာ ဆုဖလား အောင်မြင်မှု တခုတလေတောင် ရအောင်စွမ်းဆောင်ပေးနိုင်ခြင်းမရှိသလို ချန်ပီယံလိဂ်ဝင်ခွင့်တောင် ရယူပေးနိုင်ခဲ့မရှိထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း ဒီရာသီ အစမှာပါ အခြေအနေဆိုးရွားနေတဲ့ သူ့ကို ထုတ်ပယ်ဖို့ တောင်းဆိုတဲ့ အာဆင်နယ် ဖန်တွေ အတော်လေးများပြားနေပြီဖြစ်ပါတယ်။

သူ့ရဲ့ နေရာမှာ အစားထိုးတာဝန်ယူသွားဖွယ်ရှိတဲ့ ဆန်ကာတင် နည်းပြ စာရင်း မှာတော့ အာဆင်နယ်အသင်းသားဟောင်းတဦးဖြစ်ပြီး မန်စီးတီးအသင်းမှာဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်နေတဲ့ အာတီတာက အသင့်တော်ဆုံးအဖြစ်ရှိနေပါတယ်။ဒါ့အပြင်လက်စတာအသင်းကို အကောင်းဆုံးစွမ်းဆောင်ပေးနေတဲ့ ဘရန်ဒန်ရော်ဂျာ ကလည်းအမ်းမရိတ်မှာမြင်ရဖို့ရေပန်းစားနေတယ်လို့ သိရပါတယ်။

SM