လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီမာဖီက ယာဂန်ကလော့ အနေနဲ့ ယခု နွေရာသီ အပြောင်းအရွေ့မှာ ဘာစီလိုနာ တောင်ပံ တိုက်စစ်ကစားသမား အူစမာနီဒမ်ဘီလီ ကို ခေါ်ယူဖို့ ကြိုးစား သင့်တယ်လို့ ယုံကြည် နေပါတယ်။

လီဗာပူးဟာ ယခု နွေရာသီ အပြောင်းအရွေ့မှာ ငွေကြေးများစွာ နဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်သွားဖို့ အလားအလာ မရှိဘဲ ယာဂန်ကလော့ ကိုယ်တိုင်က သူဟာ အသင်းရဲ့ လက်ရှိ ကစားသမား အင်အားကို ကျေနပ်မိတယ်လို့ ဆိုထား ခဲ့ကာ ပရိတ်သတ်တွေ အနေနဲ့ မနှစ်ကလို big transfers တွေ မြင်တွေ့ ရဖို့ သိပ်ပြီး မမျှော်လင့်ရန် အသိပေး ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း မာဖီ ကတော့ ဒမ်ဘီလီ ဟာ ဥရောပ ချန်ပီယံအသင်းရဲ့ တိုက်စစ်အင်အားပိုင်းမှာ အရမ်း ကောင်းတဲ့ အားဖြည့်မှု ဖြစ်လာ လိမ့်မယ်လို့ ယုံကြည် နေပါတယ်။

မာဖီ က “ဒမ်ဘီလီ ဟာ လီဗာပူး အတွက် အရမ်းကို ကောင်းတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လာမှာပါ။ သူဟာ ဘာစီလိုနာ မှာ အကောင်းဆုံး အချိန်ကို မရ ခဲ့ပါဘူး။ ဒါပေမယ့် သူ့မှာ အရည်အသွေးကောင်းတွေ နဲ့ ပွဲတစ်ပွဲကို အဆုံးအဖြတ် ပေးနိုင်စွမ်း ရှိတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင် ထားတယ် ဆိုတာ ရှင်းပါတယ်။

အကယ်၍ သူဟာ ကိုယ့်ရဲ့ စွမ်းရည်အပေါ် ယုံကြည်မှု အပြည့်အ၀ ပြန်ရခဲ့မယ် ဆိုရင် လီဗာပူး ဟာ မာနေး ဆာလား တို့နဲ့ အတူ ပြိုင်ဘက်တွေ အတွက် အလွန် ကြောက်စရာ ကောင်းတဲ့ ၃ ဦး တိုက်စစ်ကို ပုံဖော် နိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းရည်ကောင်းနဲ့ ကစား နိုင်ခဲ့မယ် ဆိုရင် ကျွန်တော် ကတော့ ဒမ်ဘီလီ ဟာ ဖာမီနို ကို အရန်ခုံ ပို့ဆောင် နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ဒမ်ဘီလီ သာ အသင်းကို ရောက်လာ ခဲ့မယ် ဆိုရင် ဖာမီနို ဟာ သူ့ရဲ့ အရည်အသွေး နဲ့ စွမ်းရည်ကို တိုးတက်စေ နိုင်မယ့် ကစားသမားမျိုး ဖြစ်တဲ့ အပြင် ကျန်တဲ့ ကစားသမား အားလုံး ကလည်း ဒီလိုမျိုး ပါပဲ။ သူ့အနေနဲ့ အပတ်တိုင်း အပတ်တိုင်း နေရာ တစ်နေရာ အတွက် တိုက်ပွဲ ၀င်သွား ရမှာ ဖြစ်ပြီး အကယ်၍များ သူ့အနေနဲ့ ကွင်းထဲမှာ အစွမ်းကုန် အားမထုတ်ဘူး ဆိုရင် ဖာမီနိုဟာ ဒီနေရာကို ပြန်ယူဖို့ အသင့် ဖြစ်နေ ပါလိမ့်မယ်။” လို့ ဆိုသွား ပါတယ် ။

ဖိလစ်ပီ ကော်တင်ညို လီဗာပူး ကို ပြန်ရောက် လာဖို့ ရှိနေတာနဲ့ ပက်သက်ပြီး မာဖီ က “ အကယ်၍ လီဗာပူး အသင်းကသာ ကော်တင်ညို ကို ပြန်ခေါ် သွားမယ် ဆိုရင် ဒီအပြောင်းအရွေ့ဟာ သူတို့ကို နောက်ပြန် ဆွဲစေ ပါလိမ့်မယ်။ ကော်တင်ညို ဟာ ကွင်းလယ် ၃ ဦးတန်း နေရာမှာ ကစားခွင့် ရရင် အရမ်းကို ကောင်းပါတယ်။ ဘယ်တောင်ပံ မှာ မဟုတ်ပါဘူး။ အကယ်၍ သူပြန်လာမယ် ဆိုရင် သူဟာ အသင်းရဲ့ ကစားအားကို အပြောင်းအလဲ ဖြစ်သွား စေမယ့် အပြင် ဟန်ချက်ကိုလည်း ယိမ်းယိုင် စေပါလိမ့်မယ်။

လီဗာပူးရဲ့ ကွင်းလယ် ၃ ဦးတန်း ဟာ တိုက်စစ်ကော ခံစစ်မှာပါ အကောင်းဆုံး လုပ်အားနဲ့ ကစား နိုင်စွမ်းရှိတဲ့ စူပါကစားသမားတွေပါ။ အကယ်၍ ဒီနေရာမှာ ကော်တင်ညို ၀င်ကစား ခဲ့မယ် ဆိုရင်တော့ ဒါတွေ ဆုံးရှုံး သွားပါလိမ့်မယ်။ ကလော့ဟာ ကော်တင်ညို ထွက်ခွာ သွားတာနဲ့ ကစားကွက်သစ်ကို ပြောင်းလဲ ခဲ့ပြီး အောင်မြင်မှု ရမရ ဆိုတာ ကတော့ ရလဒ်တွေက သက်သေပါပဲ။ ကော်တင်ညိုကို ဗဟိုပြုပြီး ကစားတဲ့ ပုံစံကို ပြန်ပြောင်း ခဲ့မယ် ဆိုရင် အန္တရာယ် များပါလိမ့်မယ်။

ကွင်းလယ် ဖန်တီးရှင် တစ်ဦး အတွက် အခန်းကဏ္ဍ ဆိုတာ အမြဲ ရှိပါတယ်။ ဒါပေမယ့် လီဗာပူး အနေနဲ့ ဒမ်ဘီလီ ဒါမှမဟုတ် ဇာဟာ လို ကစားသမားမျိုးကို ကြိုးစားသင့်ပြီး ကော်တင်ညိုကိုတော့ မစဉ်းစား သင့်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

SM