အီဂျစ် နိုင်ငံ က အိမ်ရှင် အဖြစ် လက်ခံကျင်းပနေခဲ့တဲ့ ၂၀၁၉ အာဖရိက နိုင်ငံများ ဖလားပြိုင်ပွဲကြီးဟာ ဖိုင်နယ် အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ဆီနီဂေါ နဲ့ အယ်ဂျီးရီးယား အသင်းတို့ ရင်ဆိုင်သွားကြဖို့ရှိနေတာ ဖြစ်ပြီး ဆုဖလား မျှော်လင့်ချက်တွေဟာအဓိက ကစားသမားတွေဖြစ်တဲ့ မာနေး နဲ့ မာရက်ဇ်တို့ရဲ့ ပုခုံးပေါ်ကို ကျရောက်နေပြီလည်းဖြစ်ပါတယ်။ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အဆိုပါကြယ်ပွင့် ၂ဦးစလုံးဟာ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူး ၊ မန်စီးတီး အစရှိတဲ့ ကလပ် အသင်းတွေနဲ့ အတူအောင်မြင်မှုတွေရရှိထားခဲ့တာဖြစ်ပါတယ်။မာနေးဟာ လီဗာပူး အသင်းရဲ့ ချန်ပီယံလိဂ်အောင်မြင်မှု လမ်းကြောင်းမှာ အဓိက နေရာက ပါဝင်ခဲ့သလို မာရက်ဇ်ကလည်း မန်စီးတီးနဲ့ပြည်တွင်းဖလား၃လုံးအထိရရှိခဲ့ပါတယ်။

သက်ဆိုင်ရာကလပ် အသင်းတွေ နဲ့အတူအောင်မြင်တဲ့ ဘောလုံးရာသီတခုပိုင်ဆိုင်ထားခဲ့တဲ့ အဆိုပါ ကစားသမား ၂ဦးစလုံး ဟာ အခုနှစ်အာဖရိပြိုင်ပွဲဝင် သူတို့ ရဲ့ နိုင်ငံတွေအတွက်လည်း ပုံစံကောင်းဆက်ပြီးပြသနေခဲ့တာဖြစ်ပါတယ်။မာနေးကဆီနီဂေါ အတွက် သွင်းဂိုး၃ဂိုးအထိသွင်းယူပေးထားသလို မာရက်ဇ် ရဲ့ နောက်ဆုံးမိနစ်ဂိုးကြောင့် အယ်ဂျီးရီးယားတို့ ဖိုင်နယ်ကို ရောက်လာတာဖြစ်ပါတယ်။သူတို့ ၂ဦးစလုံးဟာ လက်ရှိပြိုင်ပွဲမှာ ၃ဂိုးစီ ရရှိထားခဲ့ကြ ပြီ ဖြစ်ပြီး ၊ ဂိုးအများဆုံး ကစားသမားအဖြစ် ဦးဆောင်နေတဲ့ အီဂါလို( ၅ဂိုး-နိုက်ဂျီးရီးယား) ကို လိုက်မီကျော်လွန်နိုင်အောင် အပြိုင်ကြိုးပမ်းသွားရဦးမှာ လည်းဖြစ်ပါတယ်။မာနေး ဟာအစောပိုင်းပွဲတွေ မှာရရှိခဲ့တဲ့ ပင်နယ်တီ အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တာကြောင့် အခုလို သွင်းဂိုးအနည်းငယ် လျော့နေခဲ့ရတာဖြစ်ပါတယ်။

>>>နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု

ဒီနှစ်သင်းဟာ အုပ်စု C အတွင်းမှာ အတူကျရောက်ခဲ့တဲ့ အသင်းတွေ ဖြစ်ပြီးအဆို အုပ်စုတွင်းပွဲစဉ်မှာတော့ ပွဲချိန် ၄၉မိနစ်မှာ ရရှိတဲ့ ဘီလိုင်လီရဲ့ သွင်းဂိုးနဲ့ အတူ အယ်ဂျီးရီးယား အသင်းက အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ဆီနီဂေါ် အသင်းအတွက်တော့ အခုနှစ်ပြိုင်ပွဲရဲ့ တလုံးတည်းသော ပေးဂိုးကို ခွင့်ပြုခဲ့ရတဲ့ ပွဲလည်း ဖြစ်ခဲ့ပါတယ်။ဒီနှစ်သင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး လေးကြိမ် တွေ့ဆုံရာမှာတော့ အယ်ဂျီးရီးယားအသင်းက အပြတ်အသာရထားတာကိုတွေ့ရမှာဖြစ်ပါတယ်။စုစုပေါင်း ၃ပွဲအထိ အနိုင်ကစားထားနိုင် ခဲ့ပြီး ၂၀၁၇ အာဖရိ ဖလားပြိုင်ပွဲရဲ့ အုပ်စု B ပွဲစဉ်မှာသာ၂ ဂိုးစီ သရေ ကျထားခဲ့တာ ဖြစ်ပါတယ်။

>>>လတ်တလော ဒဏ်ရာအခြေအနေနဲ့ ပွဲပယ်ကစားသမားစာရင်း

ဆီနီဂေါ အသင်းရဲ့ နာမည်ကျော် ခံစစ်မှူး တဦး ဖြစ်တဲ့ ကူလီဘာလေ ကတော့ အခု စနေနေ့ နံနက်အစောပွဲမှာကစားမယ့် ပွဲစဉ်ကို ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။အကြောင်းကတော့ သူဟာဆီမီးဖိုင်နယ် အထိ နောက်ဆုံး ၃ပွဲမှာ အဝါကတ် ၂ပွဲပြသခံထားခဲ့ရလို့ ပွဲပယ်ပြစ်ဒဏ်ကျခံသွားရဖို့ရှိနေတာဖြစ်ပါတယ်။သူဟာ ယူဂန္ဓာ အသင်းနဲ့ ပွဲစဉ် ၊ တူနီးရှား အသင်းနဲ့ ပွဲစဉ်တွေမှာအဝါကတ်တွေ ပြသခံထားခဲ့ရတာဖြစ်ပါတယ်။ဒဏ်ရာရကစားသမားတွေအဖြစ်တော့မန်ဒီ ( ဆီနီဂေါ ) နဲ့ အေတယ် ( အယ်ဂျီးရီးယား ) တို့သာရှိနေလို့ နှစ်သင်းလုံးရဲ့ အတောင့်တင်းဆုံးလူစာရင်းကိုမြင်ရဖို့ရှိနေတာဖြစ်ပါတယ်။

>>> ပွဲကြို စကားသံများ

လက်ရှိဆီနီဂေါ နည်းပြကြီး ဆစ်ဆီဟာ၂၀၀၂ ခုနှစ် အာဖရိကနိုင်ငံများဖလားမှာ အသင်းခေါင်းဆောင်အဖြစ်ဆီနီဂေါ အသင်းကို ဦးဆောင်ခဲ့ပေမယ့် ပင်နယ်တီ မှာကင်မရွန်းကိုအရေးနိမ့်ခဲ့လို့ ဒုတိယဆုနဲ့ကျေနပ်ခဲ့ရပါတယ်။အခုသူရဲ့ အသင်းဟာအဆိုပါ အသင်းထက်ပိုကောင်းနိုင်တယ်လို့ ဆစ်ဆီကဆိုပါတယ်။ဆစ်ဆီက – ” ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကတော့ အကောင်းဆုံးကစားပြီး၂၀၀၂က စိတ်ပျက်ထားခဲ့ရမှုကိုချေဖြတ်ဖို့ကြိုးစားသွားမှာဖြစ်ပါတယ်။အောင်မြင်မှုရဖို့အိပ်မက်ဟာ ကျွန်တော်တဦးတည်းအတွက် မဟုတ်ပါဘူး၊ ဆီနီဂေါ တမျိုးသားလုံးအတွက်ဖြစ်ပါတယ်။၂၀၀၂တုန်းကမရခဲ့တာကိုလုပ်နိုင်ဖို့ နီးစပ်နေပါပြီ ” လို့ပြောခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်နောင်ပိုင်း အယ်ဂျီးရီးယားအသင်းကို ဖိုင်နယ်ရောက်အောင်ပို့ဆောင်ပေးခဲ့တဲ့ မာရက်ဇ်ကလည်း-” အာဖရိက နိုင်ငံများဖလားပြိုင်ပွဲမှာဖိုင်နယ် အဆင့်ကိုရောက်နေပြီဖြစ်လို့အရမ်းပျော်မိပါတယ်။ဒါဟာ မယုံကြည်နိုင်စရာ ကိစ္စ တခုမျိုးလည်းဖြစ်ပါတယ်။ဒီပြိုင်ပွဲကြီးမှာ ကျွန်တော်တို့ အတော်ကောင်းကောင်း လုပ်ဆောင်ပြထားနိုင်ခဲ့ပြီလို့လည်း ယူဆပါတယ်။သွင်းဂိုး ၁၂ ဂိုးနဲ့ ပေးဂိုး ၂ဂိုးဆိုတာ လာမယ့် ပွဲ အတွက်ယုံကြည်မှု တွေဖြစ်စေပါတယ်။အခုဆိုရင် ဆီနီဂေါ နဲ့ ကစားရမယ့် အဲ့ဒီပွဲအကြောင်းကို တွေးနေပြီ ဖြစ်ပါတယ်။သူတို့နဲ့ အုပ်စုတွင်းမှာ ရင်ဆိုင်ထားခဲ့ပြီးသွားပါပြီ။နောက်ထပ် ပွဲကျပ် တပွဲ ထပ်ပြီး ကြုံတွေ့ရမယ်လို့တော့ မျှော်လင့်ထားပါတယ် ” လို့ ပြောသွားခဲ့ပါတယ်။

အာဖရိက နိုင်ငံများဖလားကို ကိုင်မြောက်ခွင့်ရမှာက မာနေး ? မာရက်ဇ် ?

SM