အေဂျက်အကယ် ဒမီ ထွက် ကြယ်ပွင့်ဟောင်းကြီး တဦးဖြစ်တဲ့ ရှနိုက်ဒါဟာ ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန် အစရှိတဲ့ အသင်းတွေမှာလည်းကျော်ကြားခဲ့သူဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ ဂါလာတာဆာရေး၊ နိုက်စ် အစရှိတဲ့ အလယ်အလတ်အသင်းတွေကို ပြောင်းရွှေ့ခဲ့ပါသေးတယ်။

သူဟာ ကစားသမား ဘဝနောက်ဆုံး အသင်းအဖြစ်တော့ ကာတာကလပ် အယ်ဂါရာဖာ အသင်းမှာ နောက်ဆုံးကစားခဲ့ပြီး အခုချိန်မှာ ဘောလုံးကစားခြင်းကနေ အနားယူသွားခဲ့ပြီဖြစ်ပါတယ်။ရှနိုက်ဒါရဲ့ ဟာ ကစားသမားဘဝတလျှောက်ဆုဖလားအောင်မြင်မှုတွေအများအပြားရရှိထားခဲ့သူဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်ကတော့သူ့အတွက် အအောင်မြင်ဆုံးနှစ်တနှစ်ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နယ်သာလန်အသင်းနဲ့ အတူ ဒုတိယဆုရရှိခဲ့ပြီးအင်တာမီလန် အသင်းမှာလည်း ထိုနှစ်အတွင်းမှာ ချန်ပီယံလိဂ်ဖလား၊ စီးရီးအေ ချန်ပီယံဆု၊ ကိုပါအီတာလီယာဖလား၊ ကလပ်ကမ္ဘ႓႓ာ့ဖလား၊ အစရှိတဲ့ အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ထိုနှစ်ရဲ့ ဘလွန်းဒီအောဆု ကို ဘာစီလိုနာ တိုက်စစ် ကစားသမား မက်ဆီ က ဆွတ်ခူးသွားခဲ့ပြီး ရှနိုက်ဒါကတော့ အင်နီယေစတာ၊ ဇာဗီ တို့ရဲ့နောက်အဆင့်လေး နေရာမှာသာ အငြင်းပွားဖွယ်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ကာယကံရှင် နယ်သာလန်သားကြီးကတော့ သူပိုပြီးမကြိုးစားခဲ့လို့သာ ရော်နယ်ဒို၊ မက်ဆီတို့လို အဆင့်အတန်းမျိုးမရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Fox Sports နဲ့ အင်တာဗျူးမှာ ရှနိုက်ဒါက – ” ကျွန်တော့် အနေနဲ့ အရိုးသား ဆုံးဝန်ခံရမယ် ဆိုရင်တော့ ရော်နယ်ဒို၊ မက်ဆီ တို့နဲ့ တတန်းတည်း ဖော်ပြ ချီးကျူးပြောဆိုခံခဲ့ရနိုင်ခဲ့သေးတာဖြစ်ပါတယ်။အကယ်၍ ကျွန်တော်သာဟရာနှုန်းပြည့် ကြိုးစားခဲ့မယ်ဆိုရင်ပေါ့ဗျာ။ကျွန်တော်လည်းဒါကိုသိနားလည်ပါတယ်။

ဒါပေမယ့် လည်း ကျွန်တော် ဒီလို လုပ်ဆောင်ဖို့ ဆန္ဒ မရှိခဲ့သလို အဲ့ဒီလို မလုပ်ခဲ့တဲ့ အတွက် လည်း နောင်တတော့ မရပါဘူး။ ကျွန်တော့်ရဲ့ စိတ်ထဲမှာ ဒါမျိုးလုပ်ဖို့ မရှိခဲ့သလို ဒါကို လုပ်ချင်တာမျိုးလည်းမရှိခဲ့ပါဘူး။

ကျွန်တော်ဟာကိုယ့်ရဲ့ ကစားသမား ဘဝ တလျှောက်ဖြတ်သန်းထားခဲ့တဲ့ ကွင်းတွင်း ကွင်းပြင် ကအရာတိုင်းကို ကျေနပ်ပျော်ရွှင်မှုရှိခဲ့ပါတယ်။ကလပ် အသင်းအဆင့်အတန်းမှာ ရနိုင်သမျှ ဖလားအကုန်လုံးကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါကြောင့် လုံးဝ နောင်တမရပါဘူး။

ကျွန်တော်ဟာ အသင်းအတွက်ပဲကြည့်တဲ့ ကစားသမားဖြစ်လို့ အသင်းလိုက် အောင်မြင်မှုပဲရယူချင်တာဖြစ်ပါတယ်။၂၀၁၀ ခုနှစ် မှာ ဘလွန်းဒီအောဆုကို ကျွန်တော် ရသင့်တယ်ဆိုပြီး လူတွေက ကျွန်တော့်ကိုတီးတိုးပြောနေကြဆဲပါပဲ။ဒါပေမယ့် ချန်ပီယံလိဂ်ဖလားကို ရခဲ့တာက တဦးချင်းဆုတွေထက်ပိုကောင်းတယ်လို့ ကျွန်တော်ပြန်ဖြေခဲ့ပါတယ်။

ဘလွန်းဒီအော ဆုသာရလိုက်ရင်တော့ ကိတ်မုန့်ကို ရေခဲညှပ်လိုက်သလိုဖြစ်မယ်ဆိုတာတော့ အမှန်ပါပဲ။ဒါပေမယ့်လည်းဗျာ ကျွန်တော်ဒီဆုကို ရသင့်တယ်လို့ လူတွေပြောဆိုတာနဲ့တင် ကျွန်တော်လုံလုံလောက်လောက်ကို ကျေနပ်နေပါပြီ ” လို့ပြောခဲ့ပါတယ်။

ရှနိုက်ဒါဟာ ကစာသမား ဘဝကနေ အနားယူခဲ့အပြီးမှာတော့ မွေးရပ်မြေ နယ်သာလန် နိုင်ငံကို ပြန်ရောက်နေပြီဖြစ်ပါတယ်။သူဟာ နယ်သာလန် လိဂ်ပြိုင် ပွဲဝင် အသင်းတသင်းဖြစ်တဲ့ အူထရက်ချ် အသင်း မှာ လည်း အလုပ်ပြန်လုပ်ပေးနေပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရှနိုက်ဒါက -” ဒီမြို့ အပေါ် ကို ကျွန်တော့်အနေနဲ့ ချစ်ခင်မြတ်နိုးမှုတွေ အများကြီးရှိပါတယ်။ကျွန်တော်က အခုဆို ကစားသမား ဘဝကနေ အနားယူလိုက်ပြီဖြစ်လို့ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေကို ပြန်ပြီး မျှဝေပေးနိုင်မယ့် နေရာကောင်း တခုလိုချင်နေပါတယ် ” လို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ ပြောဆိုထားခဲ့ဖူးတာဖြစ်ပါတယ်။

SPORTS MYANMAR