အာဆင်နယ် အသင်း နောက်ခံလူဟောင်း မာတင်ကီယွန် က ဂန်းနားတို့ အနေနဲ့ စပါး အသင်းနဲ့ လမ်းခွဲခဲ့တဲ့ အာဂျင်တီးနား လူမျိုး နည်းပြ ပိုချက်တီနို ကို ခေါ်ယူ စာချူပ်ချုပ်သင့်ကြောင်း တိုက်တွန်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး လေးပွဲဆက်တိုက် နိုင်ပွဲ ​ပျောက်ဆုံးနေပြီး အဆင့် ၆ ကို ရောက်ရှိ နေသလို ပွဲစဉ် (၁၂) အပြီးမှာလည်း ထိပ်ဆုံး လေးသင်း နဲ့ အနိမ့်ဆုံး အမှတ်ကွာဟချက် ၈ မှတ် အထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် အာဆင်နယ် အသင်း ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၁၀ ပွဲမှာ နှစ်ပွဲသာ အနိုင်ရထားတာကြောင့် ပရိသတ်တွေ နဲ့ ဂန်းနား ဂန္တဝင် ကစားသမားဟောင်းတွေကတော့ အူနိုင်း အမ်မရီ ကို ထုတ်ပယ်ပြီး နည်းပြ အပြောင်းအလဲ လုပ်ဖို့ ဆန္ဒ ရှိနေကြပါတယ် ။

ဒါပေမယ့်လည်း အာဆင်နယ် အသင်းပိုင်ရှင် နဲ့ ဘုတ်အဖွဲ့ ကတော့ ပရိသတ်တွေ ဆန္ဒရဲ့ ဆန့်ကျင်ဘက် အဖြစ် နည်းပြ အမ်မရီ ကို အပြည့်အဝ အားပေး ထောက်ခံ နေဆဲ ဖြစ်ပြီး နည်းပြ ရာထူးကနေ ထုတ်ပယ်ဖို့ အစီစဉ် လုံးဝ မရှိသေးကြောင်း အတိအလင်း ပြောကြား ထားပါတယ် ။

ဂန်းနားတို့ရဲ့ နောက်ခံလူဟောင်း မာတင်ကီယွန် ကတော့ နည်းပြ အမ်မရီ ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး စဉ်းစား ဆုံးဖြတ်သင့်ပြီ ဖြစ်ကြောင်း Daily Mail မှာ ပြောကြား သွားခဲ့ပါတယ် ။ ” အခု အာဆင်နယ် အသင်းရဲ့ အခြေအနေက စိုးရိမ်စရာ အနေအထားပါ ၊ ထိပ်တန်း အသင်းကြီးတွေ အနေနဲ့ ပိုချက်တီနိုကို ခေါ်ယူဖို့ စဉ်းစား သင့်နေပါပြီ ။ ”

” တော့တင်ဟမ် မှာ ပိုချက်တီနို လုပ်ပြ ခဲ့တာတွေကို ကျနော် အတော်လေး လေးစားမိပါတယ် ။ လူငယ် ကစားသမားတွေကို နေရာပေး ပြုစု ပျိုးထောင် ပေးခဲ့ပြီး ငွေလည်း အများကြီး မသုံးခဲ့ပါဘူး ၊ တော့တင်ဟမ်က ငွေသိပ်မသုံးတဲ့ အသင်းပါ ။ ”

ဆက်လက်ပြီး ကီယွန်က တော့တင်ဟမ် အသင်းအနေနဲ့ ပိုချက်ကို အချိန်ပိုမို ပေးသင့်ကြောင်း တိုက်တွန်း ပြောကြား လိုက်ပါတယ် ။ ” ကျနော်ကတော့ ပိုချက်တီနိုဘက်က ရပ်တည်ပါတယ် ၊ သူ ဒီထက် ပိုမို ထိုက်တန် ခဲ့ပါတယ် ၊ တကယ့်ကို အံ့အားသင့်စရာ ကောင်းခဲ့တဲ့ ထုတ်ပယ်မှုပါ ။ ”

” တော့တင်ဟမ် အသင်း ရလဒ် ဆိုးနေပေမယ့် သူ့ကိုတော့ အချိန်ပေးသင့်ပါတယ် ၊ တော့တင်ဟမ်ရဲ့ လုပ်ရပ်ကို သဘောမကျပါဘူး၊အခုဆို ကလပ်အသင်းတွေရဲ့ ဥက္ကဌတွေက သူ့ကို ခေါ်ဖို့ စိတ်ဝင်စားနေကြပြီ ၊ မန်ယူနိုက်တက် အသင်းကလည်း မနှစ်က သူ့ကို ခေါ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အာဆင်နယ် အသင်းကလည်း အသင်းကို အထောက်အကူ ပေးနိုင်မယ့် သူ့ကို ခေါ်သင့်ပါတယ် ။ ” လို့ ပြာကြားပါတယ် ။

SPORTS MYANMAR