ချယ်လ်ဆီး အသင်း ရဲ့ နည်းပြဟောင်း တဦး ဖြစ်တဲ့ ဟိုဆေး မော်ရင်ဟို ဟာ မနေ့ကပဲ လန်ဒန် ဒါဘီ ပြိုင်ဖက် အသင်း တသင်း ဖြစ်တဲ့ တော့တင်ဟမ် အသင်း ရဲ့ နည်းပြသစ် ဖြစ်လာ ခဲ့ပါတယ် ။ တချိန် က မော်ရင်ဟို ဟာ ချယ်လ်ဆီး အသင်း ကို ချစ်မြတ်နိုး တာကြောင့် လန်ဒန် သို့ ၂ကြိမ် တိုင်တိုင် ရောက်ရှိ လာခဲ့ကာ ၊ အောင်မြင်မှု များစွာ ကို ဆွတ်ခူး ပေးခဲ့ပေမယ့် အဖုအထစ် နဲ့ အဆင်မပြေမှု များစွာ လည်း ဖန်တီး သွားခဲ့ပါတယ် ။

၂၀၁၅ ခုနှစ် က ချယ်လ်ဆီး အသင်း မှာ မော်ရင်ဟို ရှိစဉ် က ၄င်း ကိုယ်တိုင် ချယ်လ်ဆီး အသင်း ရဲ့ လန်ဒန် ဒါဘီ ပြိုင်ဖက် တော့တင်ဟမ် အသင်း ကို ကိုင်တွယ်ဖို့ စိတ်ကူး မရှိဘူးလို့ ဖွင့်ဟ ပြောကြား ခဲ့ဖူးပါတယ် ။ သို့ပေမယ့် လည်း မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ လမ်းခွဲ အပြီး မှာတော့ မော်ရင်ဟို ကို မန်နေဂျာ အဖြစ် ကမ်းလှမ်းလာတဲ့ အသင်းကြီး တွေ နည်းပါး လာခဲ့ပါတယ် ။

တော့တင်ဟမ် အသင်း ဟာ မနေ့ကပဲ ၄င်းတို့ကို ချန်ပီယံလိဂ် ဖိုင်နယ် သို့ ပို့ဆောင် ပေးခဲ့တဲ့ မော်ရစ်စီယို ပိုချက်တီနို ကို ရာထူး ကနေ ဖယ်ရှားခဲ့ကာ ၊ တရက် တောင် မကြာခဲ့ပဲ ၊ မော်ရင်ဟို ကို ခန့်အပ်ဖို့ သဘော တူညီမှု ရရှိ ခဲ့ပါတယ် ။ ပိုချက်တီနို ဟာ တော့တင်ဟမ် အသင်း ကို အောင်မြင်မှု ကြီးကြီးမားမား မရယူ ပေးခဲ့ပေမယ့် တကယ့် ထိပ်တန်း ကစားသမား တွေ ဖြစ်ကြတဲ့ ဟယ်ရီကိန်း ၊ ဆွန်ဟောင်မင် ၊ ခရစ်တီယန် အဲရစ်ဆင် အစရှိတဲ့ သူတွေကို မွေးထုတ် ပေးနိုင်ခဲ့ပါတယ် ။

သို့ပေမယ့် အခုလို ပိုချက်တီနို အထုတ်ခံ ခဲ့ရတဲ့ အဓိက အကြောင်းအရင်း ကလည်း တော့တင်ဟမ် ကို ဆုဖလား အောင်မြင်မှု မယူ ပေးခဲ့သလို ၊ လောလောဆယ် ပရီးမီးယားလိဂ် ရပ်တည်မှု ဟာလည်း အသင်းကြီး ၆ သင်း အနက် အနိမ့်ဆုံး ဖြစ်နေတာကြောင့် ဖြစ်တယ် လို့ ယေဘူယျ ဆိုလို့ ရပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ တော့တင်ဟမ် အသင်း ဟာ ပိုချက်တီနို အစား ၊ ဆုဖလား တွေနဲ့ ယဉ်ပါး နေတဲ့ နည်းပြ ဟိုဆေး မော်ရင်ဟို ကို ခန့်အပ် ခဲ့တာကြောင့် ဘယ်လိုမျိုး ရလဒ် တွေ ထွက်ပေါ် လာမလဲ ဆိုတာ ရင်ခုန်စရာ ကောင်းနေပါတယ် ။

ချယ်လ်ဆီး အသင်း ကို ကိုင်တွယ်စဉ် က မော်ရင်ဟို ရဲ့ အဓိက လက်ရုံး ကစားသမား တွေ ဖြစ်ခဲ့ကြတဲ့ နောက်ခံလူ အက်ဇ်ပီလီကွီတာ ၊ ဂိုးသမားဟောင်း လည်း ဖြစ် ၊ လက်ရှိ ချယ်လ်ဆီး အသင်း ရဲ့ နည်းစနစ် ဒါရိုက်တာ လည်း ဖြစ်တဲ့ ပီတာချက် တို့က မော်ရင်ဟို တော့တင်ဟမ် မှာ အဆင်ပြေ စေဖို့ ၊ ကံကောင်းစေဖို့ ဆုတောင်း ပေးခဲ့ပါတယ် ။

Sky Sports နဲ့ အင်တာဗျူး မှာ အက်ဇ်ပီလီကွီတာ က ” ကျွန်တော့ အနေနဲ့ ဟိုဆေး အကြောင်း အပြည့်အစုံ ကို သူ ချယ်လ်ဆီး ကို ကိုင်တွယ်မှပဲ ပြောလို့ ရမှာပါ ။ ကျွန်တော် တို့ အတူတူ ဆုဖလားတွေ ဆွတ်ခူး ခဲ့ပါတယ် ။ ဒါပေမယ့် ဘောလုံး မှာ အရာရာ ဖြစ်နိုင်လို့ ၊ ကျွန်တော် တို့တွေ ဘာကိုမှ ဂရုမစိုက်ပဲ ရှေ့ဆက် ရမှာ ဖြစ်ပါတယ် ။ ဟိုဆေး ဟာ အခု အချိန် မှာ ကျွန်တော် တို့ရဲ့ ပြိုင်ဖက် ဖြစ်နေပြီ ဆိုရင် သူ့ကို ကံကောင်းစေဖို့ ကျွန်တော် ဆုတောင်း ပေးပါတယ် ။ ”

” ကျွန်တော့ မှာ သူနဲ့ အမှတ်တရကောင်း တွေ ရှိခဲ့ဖူးပါတယ် ။ ကျွန်တော် သူ့ရဲ့ လက်အောက် မှာရော ၊ ပြိုင်ဖက် အနေနဲ့ ပါ အကြိမ် များစွာ ကစားခဲ့ဖူးပါတယ် ။ အခုတော့ ကျွန်တော် တို့ဟာ ပြိုင်ဖက် တွေ ဖြစ်ကြတဲ့ အသင်း ၂သင်း မှာ ရှိနေကြပြီး ၊ သူ ကလည်း သူ့ အသင်း အတွက် အောင်မြင်မှု ရအောင် ကြိုးစားမှာ ဖြစ်သလို ၊ ကျွန်တော် ကလည်း ကိုယ့်အသင်း ရဲ့ အောင်မြင်မှု အတွက် ကြိုးစားမှာ ဖြစ်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သူ ကံကောင်းစေဖို့ ကျွန်တော် ဆုတောင်း ပေးပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ပီတာချက် ကလည်း ” ဟိုဆေး ဟာ ကြီးကျယ်တဲ့ မန်နေဂျာ တဦး ဖြစ်ပါတယ် ။ အမှန်အတိုင်း ပြောရရင် သူ ပြန်လာတာ ပရီးမီးယားလိဂ် အတွက် အရမ်း ကောင်းပါတယ် ။ နောက်ဆုံး ၁၅ နှစ် အတွင်း မှာ သူဟာ ဒီ လိဂ် ရဲ့ အအောင်မြင်ဆုံး မန်နေဂျာ တဦး ဖြစ်ခဲ့ပါတယ် ။ ဒါကြောင့် ကျွန်တော် တို့ဟာ သူ့ အတွက် အဆင်ပြေစေဖို့ ဆုတောင်း ပေးပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR