အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ ဒီရာသီမှာ အသင်း ခေါင်းဆောင် ငါးဦးကို အသင်းသားတွေကို မဲပေးရွေးချယ်ခိုင်းခဲ့တာဖြစ်ပြီး ရှာကာ က ပထမ အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ် ။ တိုက်စစ်မှူး အူဘာမီယန်းကတော့ ဒုတိယ အသင်းခေါင်းဆောင် အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဘယ်လာရင်၊လာကာဇက်၊အိုဇေးလ် တို့လည်း အသင်း ခေါင်းဆောင် ငါးဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ် ။

ဒါပေမယ့်လည်း ဆွစ်ဇာလန် ကွင်းလယ်လူ ရှာကာ ဟာ ခရစ္စတယ်ပဲလေစ့် နဲ့ ပွဲမှာ လူစားလဲ ခံရတဲ့ အချိန် ပရိသတ်တွေကို ရိုင်းပျစွာ ပြုမူ ဆက်ဆံ ခဲ့တာကြောင့် နည်းပြ အမ်မရီ ဟာ ရှာကာ ကို အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှားပြီး တိုက်စစ်မှူး အူဘာမီယန်း ကို အသင်း ခေါင်းဆောင်သစ် အဖြစ် ပြောင်းလဲ ခန့်အပ် ခဲ့ပါတယ်။

အာဆင်နယ် အသင်း ပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေဟာ အမှားမကြာခဏ လုပ်လေ့ရှိတဲ့ ရှာကာ ထက်စာရင် ပုံမှန် ပွဲထွက်ခွင့် ရပြီး ဂိုးသွင်းကောင်းတဲ့ အူဘာမီယန်း ကို အမြဲတမ်း အသင်း ခေါင်းဆောင် အဖြစ် မြင်တွေ့ ချင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

တော့တင်ဟမ် နည်းပြဟောင်း ဟယ်ရီ ရက်နပ် ကတော့ အသင်းခေါင်းဆောင်ကို ကိုယ်တိုင် ကို မရွေးချယ်ဘဲ အသင်းသားတွေကို မဲပေးရွေးချယ်ခိုင်းခဲ့တဲ့ အူနိုင်း အမ်မရီ ရဲ့ လုပ်ရပ်ကို ဝေဖန် ပြစ်တင် သွားခဲ့ပါတယ် ။

” နည်းပြ ကိုယ်တိုင်က အသင်းခေါင်းဆောင် ဘယ်သူ့ကို ခန့်အပ်ရမလဲ ဆိုတာ အသင်းသားတွေကို ပြန်မေးနေတာက သိပ်တော့ အလုပ် မဟုတ်သေးပါဘူး ၊ နည်းပြ ကိုယ်တိုင်ကပဲ ဆုံးဖြတ်ချက် ချရမှာပါ ၊ ကစားသမားတွေကို ရွေးချယ် ခိုင်းရအောင် ပေါ်ပြူလာ အဖြစ်ဆုံးသူကို ရွေးချယ်နေတာမှ မဟုတ်တာဗျာ ။ ” လို့ ဝေဖန် သွားခဲ့ပါတယ် ။

ဆက်လက်ပြီး ရက်နပ် က အာဆင်နယ် အသင်းအနေနဲ့ နည်းပြ အပြောင်းအလဲ လုပ်သင့်နေပြီ ဖြစ်ကြောင်း နဲ့ အက်ဒီဟောင်း ဖြစ်ဖြစ် ခရစ် ဝိုင်ဒါ ဖြစ်ဖြစ် အစားထိုး ခန့်အပ် သင့်ကြောင်း တိုက်တွန်း အကြံဉာဏ် ပေးသွား ခဲ့ပါတယ် ။

” အာဆင်ဝင်းဂါး လက်ထက်တုန်းက အာဆင်နယ် အသင်းက ကစားသမားကောင်း အချို့ ခေါ်ခဲ့ပါတယ် ၊ တကယ့် လက်ဖျားခါးလောက်ရတဲ့ နောက်တန်း လေးယောက် နဲ့ ဂိုးသမား ကို ပိုင်ဆိုင်ခဲ့ပါတယ် ၊ ဒါပေမယ့် သူတို့ ထွက်ခွာသွားတဲ့ အချိန်မှာ သူတို့နေရာမှာ အစားထိုးဖို့ အာဆင်နယ် အသင်း ပျက်ကွက် ခဲ့ပါတယ် ။ ”

” အမ်မရီ က အာဆင်နယ် အသင်းကို ပြောင်းလဲအောင် လုပ်ပေးနိုင်မယ့်သူ မဟုတ်ပါဘူး ၊ ခရစ်ဝိုင်ဒါ ( ရှက်ဖီးယူနိုက်တက် နည်းပြ ) နဲ့ အက်ဒီဟောင်း ( ဘုန်းမောက် နည်းပြ ) တို့ကို ခန့်အပ် သင့်တာပါ ။ ” လို့ အကြံဉာဏ် ပေး သွား ခဲ့ ပါ တယ် ။

SPORTS MYANMAR