အက်စတွန်ဗီလာ လက်ထောက် မန်နေဂျာ ဂျွန်တယ်ရီက လီဗာပူ စတား မိုဟာမက် ဆာလား နဲ့ မန်စီးတီး စတား ကယ်ဗင်ဒီဘရိုင်း တို့ဟာ ချဲလ်ဆီး အသင်း အတွက် ပုံမှန် ပွဲကစားခွင့် ရဖို့ လုံလောက်အောင် ကောင်းမွန်မှု မရှိ ခဲ့ကြဘူးလို့ ဆိုလိုက် ပါတယ်။ အင်္ဂလန် နောက်ခံလူဟောင်း ဖြစ်သူဟာ နည်းပြ ဟိုဆေး မော်ရင်ညို ရဲ့ လက်အောက် စတန်းဖို့ဒရစ်ချ် မှာ ပုံမှန် နေရာ ရဖို့ ရုန်းကန် ခဲ့ကြရတဲ့ ဆာလား နဲ့ ဒီဘရိုင်း တို့ဟာ ဒါမီယန်ဒဖ် နဲ့ အာဂျန်ရော်ဘင် တို့ရဲ့ စံနှုန်းအောက်မှာသာ ရှိနေ ခဲ့တာကြောင့် လို့လည်း ဆိုသွား ပါတယ်။

ဒါပေမယ့် တယ်ရီရဲ့ စကားဟာ လူတော်တော် များများ ကို ရှုပ်ထွေး သွားစေ ခဲ့ပြီး အကြောင်းရင်း ကတော့ ဒဖ် နဲ့ ရော်ဘင် တို့ဟာ ဆာလား နဲ့ ဒီဘရိုင်း တို့ ချဲလ်ဆီး ကို မရောက်ခင် ကတည်းက စတန်းဖို့ဘရစ်ကို စွန့်ခွာ သွားခဲ့ ကြလို့ပဲ ဖြစ်ပါတယ်။

Dubai Eye Radio သို့ ပြောကြား သွားခဲ့ ရာမှာတော့ တယ်ရီက “ကျွန်တော့်ရဲ့ generation မှာ အခု ကျွန်တော် မြင်နေရတဲ့ ဆာလား နဲ့ ကယ်ဗင်ဒီဘရိုင်း တို့လို ကစားသမားတွေ ထွက်ပေါ် လာခဲ့ပြီး သူတို့ဟာ အဲဒီ အချိန်တုန်းက ချဲလ်ဆီး ရဲ့ စံနှုန်းကို မမှီ ခဲ့ကြပါဘူး။ အဲဒီ တုန်းက သူတို့ဟာ အရမ်းကို အရည်အသွေး မြင့်မားတဲ့ ကစားသမားတွေ ဖြစ်ကြပေမယ့် အရမ်းကို အတွေ့အကြုံ နုနယ်သေးတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။

ဒါပေမယ့် မော်ရင်ညို အနေနဲ့ ဒီနှစ်ဦးကို အသင်းမှာ နေရာ ပေးဖို့ အချိန် မရ ခဲ့ပါဘူး။ ဒါ့အပြင် သူတို့ကို နေရာပေးပြီး ဒဖ် နဲ့ ရော်ဘင် တို့ကို အရန်ခုံ ပို့လိုက်လို့လည်း မရပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ အပတ်တိုင်း နိုင်ပွဲတွေ ဆက်နေတဲ့ အသင်း ဖြစ်ပြီး သူ့ရဲ့ အလုပ် ကလည်း အန္တရာယ် များပါတယ်။

ဒါ့ကြောင့် ကျွန်တော် အရင် တုန်းက ပြောခဲ့ ဖူးသလိုပေါ့။ အကယ်၍ ခင်ဗျားဟာ ချဲလ်ဆီးကို ရောက်လာပြီး တစ်ဦးကို တစ်ရာသီ ဂိုး ၂၀ လောက် သွင်းယူ နေတဲ့ ဒဖ်နဲ့ ရော်ဘင် တို့ရဲ့ ခြေစွမ်း အဆင့်အတန်း အောက်ကို ၁၀ ဒါမှမဟုတ် ၂၀% လောက် ရောက်နေ ခဲ့မယ် ဆိုရင် ခင်ဗျား အနေနဲ့ အသင်းမှာ နေရာ ရနိုင်မှာ မဟုတ်ပါဘူး။ လုံးဝ အခွင့်အရေး မရှိ ပါဘူး။

ကောင်းတာ ကတော့ သူတို့ဟာ အခြား အသင်းတွေကို ထွက်သွား ခဲ့ကြပြီး သူတို့ဟာ ဘယ်လောက် ကောင်းသလဲ ဆိုတာ သက်သေ ပြခဲ့ ကြတာပါ။ ဒါပေမယ့် အဲဒီ အချိန် တုန်းကတော့ သူတို့ဟာ ချဲလ်ဆီး အတွက် လုံလောက်တဲ့ ကောင်းမွန်မှု မရှိ ခဲ့ပါဘူး။” လို့ ဆိုသွား ပါတယ်။

ဒါပေမယ့် တယ်ရီရဲ့ ထောက်ပြတဲ့ အချက်တွေ မှာတော့ လွဲချော်မှုတွေ ရှိနေတာကို တွေ့ခဲ့ ရပါတယ်။ ပထမ အချက် ကတော့ အာဂျန်ရော်ဘင် ချဲလ်ဆီးမှာ ၂၀၀၄ မှ ၂၀၀၇ ထိ ၊ ဒဖ်ဟာ ချဲလ်ဆီးမှာ ၂၀၀၃ မှ ၂၀၀၆ ထိ ကစား ခဲ့ကြတာ ဖြစ်ပြီး ဒီဘရိုင်း ဟာ စတန်းဖို့ဘရစ်ချ်ကို ၂၀၁၂ မှ ဂန့်အသင်း ကနေ ပြောင်းရွေ့ လာခဲ့တာ ဖြစ်ကာ ၊ ဆာလား ကလည်း ၂၀၁၄ ခုနှစ်မှာ ဘေဆယ် ကနေ ချဲလ်ဆီးကို ရောက်လာ ခဲ့တာ ဖြစ်ပြီး လက်ရှိ မန်စီးတီး နဲ့ ချဲလ်ဆီးစတား တို့ဟာ မော်ရင်ညိုရဲ့ ဒုတိယအကြိမ်မြောက် ချဲလ်ဆီး ကို ကိုင်တွယ်ခဲ့စဉ်မှာ ဆုံဆည်း ခဲ့ကြတာ ဖြစ်ပါတယ်။

နောက်တစ်ချက် ကတော့ လက်ရှိမှာ ကစားသမား ဘဝ ကနေ အနားယူ သွားကြပြီး ဖြစ်တဲ့ ဒဖ်နဲ့ တယ်ရီ တို့ဟာ ၎င်းတို့ ချဲလ်ဆီး မှာ ကစားခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း တစ်ဦးမှ သွင်းဂိုး ၂၀ ဆိုတဲ့ ဂိုးပမာဏကို မကျော်နိုင် ခဲ့ပါဘူး။ ၂၀၀၄ ခုနှစ်မှာ ချဲလ်ဆီးကို ရောက်လာခဲ့တဲ့ ရော်ဘင်ဟာ ရီးရဲယ်မက်ဒရစ် အသင်းကို မပြောင်းမီ ချဲလ်ဆီးမှာ ကစားခဲ့တဲ့ ၃ရာသီပေါင်း သွင်းဂိုး ၁၉ ဂိုးသာ သွင်းယူ နိူင်ခဲ့ပြီး အိုင်ယာလန် လက်ရွေးစင်ဟောင်း ဒဖ်ကလည်း စတန်းဖို့ဘရစ်ချ်မှာ ကစားခဲ့တဲ့ ၃ ရာသီမှာ သူလည်းပဲ စုစုပေါင်း ၁၉ ဂိုးပဲ ရရှိ ခဲ့ပါတယ်။ ချဲလ်ဆီး ဂန္တဝင် နောက်ခံလူကြီး အနေနဲ့ မော်ရင်ညို ရဲ့ စတန်းဖို့ဘရစ်ချ် မှာ နည်းပြ ခဲ့တဲ့ ၂ကြိမ်ကြား ရောထွေး နေဟန် ရှိတဲ့ ပုံပါပဲ။

SM