အင်္ဂလန် တောင်ပံ ကစားသမားဟောင်း ရှောင်ရိုက်ဖီးလစ် က အာဆင်နယ် အသင်း အနေနဲ့ နည်းပြ အမ်မရီ လက်အောက်မှာ ဆက်လက် ရုန်းကန် နေရပါက အူဘာမီယန်း တို့လို ကစားသမားကောင်းတွေကို ဆုံးရှုံး ရနိုင်ချေ ရှိကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

ဂန်းနားတို့ရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး နေရာကို ဆက်ခံခဲ့တဲ့ အူနိုင်း အမ်မရီ ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ခြင်း မရှိသလို ဒီရာသီမှာလည်း ပွဲစဉ် (၁၂) အပြီးမှာ ထိပ်ဆုံးလေးသင်းနဲ့ အနိမ့်ဆုံး အမှတ်ကွာဟချက်က ၈ မှတ်အထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းအနေနဲ့ အဓိက တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ အူဘာမီယန်း ၊ လာကာဇက် တို့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေတာ ကြာပြီ ဖြစ်ပေမယ့် အခု အချိန်အထိ အောင်မြင်ခြင်း မရှိသေးပါဘူး ။ ကစားသမား နှစ်ဦးစလုံးဟာ ချန်ပီယံလိဂ် ကစားချင်ကြတဲ့သူတွေ ဖြစ်တာကြောင့် ဒီရာသီမှ ချန်ပီယံလိဂ် ဝင်ခွင့် ရယူနိုင်ဖို့ အရေးကြီးနေတာလည်း ဖြစ်ပါတယ် ။

အူဘာမီယန်း ဟာ အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှာ အဓိကဂိုး သွင်းပေးနေတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်သလို လာကာဇက် ဟာလည်း မနှစ်က အာဆင်နယ် အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ပြီး ဥရောပ ထိပ်တန်းအသင်းကြီးတွေ မျက်စိကျနေကြတဲ့ ကစားသမားပါ ။

အူဘာမီယန်း ဟာ အာဆင်နယ် အသင်း နဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး လာကာဇက် ဟာလည်း စာချုပ် သက်တမ်း နှစ်နှစ်သာ ကျန်ရှိတော့သူပါ ။ သူတို့ နှစ်ဦးစလုံးကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့် ရယူနိုင်ဖို့ အရေးကြီးပြီး နည်းပြ အမ်မရီ အနေနဲ့ စွမ်းဆောင်နိုင်မယ့်ပုံ မရှိတာကြောင့် အချိန်မနှောင်းခင် ထုတ်ပယ်ဖို့ ရိုက်ဖီးလစ် က တိုက်တွန်း လိုက်တာပါ ။

မန်စီးတီး တောင်ပံ ကစားသမားဟောင်း ရိုက်ဖီးလစ် က Sportingbet နဲ့ တွေ့ဆုံရာမှာ ” အမ်မရီ အနေနဲ့ အာဆင်နယ်ကနေ ထွက်ခွာဖို့ အချိန်တန်ပါပြီ ၊ သူတို့ ရာသီအစမှာတင် ရလဒ် ဆိုးရွား နေတာကြောင့် အပြောင်းအလဲ လုပ်မှ ရတော့မှာပါ ။ ”

” ကျနော် ဒီလို ပြောတာ အဖေ( အီယန်ရိုက်) ပြန်ကြားရင် ကျနော့်ကို သတ်တော့မှာပါ ၊ ဒါပေမယ့် သူက တောထဲ ရောက်နေတော့ ကျနော် လုံခြုံပါတယ် ၊ အာဆင်နယ် က ထိပ်တန်း အသင်းကြီးတစ်သင်းပါ ၊ ပွဲကို လွှမ်းမိုး ကစားနိုင်ပြီး ပြိုင်ဘက်အသင်းကို အခက်တွေ့အောင် လုပ်နိုင်တဲ့ အသင်းပါ ။ ”

” အခု အချိန်မှာတော့ ဒါမျိုး လုံးဝ မမြင်တွေ့ရတော့တာကြောင့် ဝမ်းနည်းမိတာ အမှန်ပါပဲ ၊ အာဆင်နယ် အသင်း မှာ နည်းပြ အပြင် ပြောင်းလဲရမယ့် အရာတွေ အများကြီး ရှိပါတယ် ၊ အာဆင်နယ် အနေနဲ့ တိုနီအဒမ် ၊ ဖာဒီနန် ၊ တယ်ရီ ၊ လက်ဒလေကင်း တို့လို နောက်ခံလူမျိုး ရှာနေတာ နှစ်ပေါက် နေပါပြီ ။ ”

” အာဆင်နယ် ရဲ့ လက်ရှိ ပုံစံက အောင်မြင်မှု ရယူနိုင်မယ့် ပုံစံ မရှိတာကြောင့် သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေကို ထိန်းသိမ်းဖို့ အတော်လေး ခဲယဉ်းမှာပါ ၊ ချန်ပီယံလိဂ် ကစားချင်တဲ့ အူဘာမီယန်း လို ကစားသမားမျိုးကို ဆုံးရှုံး ရနိုင်ပါတယ် ။ ” လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR