လာလီဂါ ထိပ်သီး ကလပ် အသင်းကြီးတွေ ဟာ အသင်းငယ်လေးတွေ အပေါ် ရလာဒ်ပိုင်းတင် အသာစီးရဖို့ ကြိုးစားရုံမျှ မကပဲ ၊ ကစားသမား အပြောင်းအရွှေ့ ပိုင်းဆိုင်ရာ လုပ်ငန်းမျိုးတွေ မှာပါ တဖြေးဖြေး နဲ့ ၀င်ရောက် စွက်ဖက်နိုင်ဖို့ အားယူလျှက် ရှိနေပါတယ်။

ဒါဟာ အသင်းကြီးတွေ အတွက် စီးပွားရေး လုပ်ကွက် ပိုထွက်လာတာ မှန်သော်လဲ ၊ ကိုယ်ပိုင်အင်အားနဲ့ ရပ်တည်ဖို့ ရုန်းကန်နေရတဲ့ အသင်းငယ်တွေ အတွက်တော့ စိုးရိမ်စရာပါ။

ဘာပဲဖြစ်ဖြစ် စီးပွားရေး အပြိုင်အဆိုင် လုပ်နေတဲ့ လုပ်ငန်းတွေ မို့လို့ ၊ တရားမျှတမှု ရှိတယ် ၊ မရှိဘူး ဆိုတာ မှတ်ချက်ပေးလို့ မဖြစ်နိုင်ပေမယ့် ၊ ထိပ်သီး ကလပ် အသင်းကြီး 3 သင်းဖြစ်တဲ့ ရီးရဲ မက်ဒရစ် ၊ ဘာစီလိုနာ နဲ့ အေတီကို တို့ဟာ လူကျခဲ့တာတော့ သေချာပါတယ်။

ဘာစီလိုနာ အသင်းဟာ ဇူလိုင်လ 1 ရက်နေ့ကမှာ အီဗာ အသင်းဟာ သူတို့ရဲ့ လူငယ် ဘယ်တောင်ပံ ကစားသမားလေး ကူကူရယ်လာ ကို ယူရို 2 သန်း နဲ့ ရောင်းချထားခဲ့တာပါ။ ကူကူရယ်လာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အငှားနဲ့ လာရောက် ကစားရင်း ခြေစွမ်းပြခဲ့တာကြောင့် ၊ အီဗာကလဲ ရာသီကုန်တာနဲ့ အပြီးသတ် ခေါ်ယူမှု ပြုလုပ် သွားခဲ့တာ ဖြစ်ပါတယ်။

သို့သော် ကူကူရယ်လာ ရဲ့ အပြောင်းအရွှေ့မှာ ဘာစီလိုနာ က ယူရို 4 သန်း နဲ့ ပြန်လည်ခေါ်ယူခွင့် သဘောတူညီချက် တစ်ချက် ထည့်သွင်းခဲ့ပါတယ်။

အဲဒီ အပြောင်းအရွှေ့ ပြီးမြောက်လို့ 15 ရက် အကြာမှာတော့ ကူကူရယ်လာ ကို ခေါ်ယူဖို့ ဂီတာဖေး အသင်းက စိတ်ဝင်စားနေတဲ့ သတင်းတွေ ထူးထူးခြားခြား ထွက်ပေါ် လာပါတယ်။ ဒါကို ဘာစီလိုနာ က ရိပ်မိ သွားချိန်မှာတော့ သူတို့ ကစားသမားကို 2 ပတ် အတွင်း 2 သန်း အရှုံးခံ ခေါ်ယူလိုက်ကာ ၊ ဂီတာဖေး ထံ ဈေးဈေးကောင်းနဲ့ ပြန်လည် ရောင်းချ သွားခဲ့ပါပြီ။

တရားဝင် ထုတ်ပြန်ချက်တွေ မှာတော့ ဂီတာဖေးဟာ ကနဦး အငှားနဲ့ ကစားသမားကို ခေါ်ယူတာ ဖြစ်တယ်လို့ ဖော်ပြထားပြီး ရာသီ အကုန်မှာ အပြီးသတ် ခေါ်ယူမယ် ဆိုပါက ယူရို 6 သန်း ပေးချေဖို့ သဘောတူခဲ့ကာ ၊ ကူကူရယ်လာ ကို ပြန်လည် ရောင်းချတဲ့ အချိန်ရောက်ရင် အဒီ ပြောင်းရွှေ့ကြေး ရဲ့ 40% ကို ဘာစီလိုနာ ထံ ထပ်မံ ပေးချေဖို့ စာချုပ်မှာ ထည့်သွင်းထားခဲ့ ပါတယ်။

ဘာစီလိုနာ ဟာ သူတို့ရဲ့ လူငယ် ကစားသမားလေးကို အရောင်းစောသွားခဲ့ပေမယ့် ၊ 2 သန်း အရှုံးခံပြီး ပြန်လည် ခေါ်ယူပြီး ၊ နောက်ထပ် အမြတ်များစွာ ရလာနိုင်တဲ့ အနေအထား တစ်ခုကို ပီပီပြင်ပြင် အကောင်အထည် ဖော်သွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယ မြောက် လူလည် ကျခဲ့တဲ့ အသင်းက အေတီကို ပါ။

ပြီးခဲ့တဲ့ ရာသီက ဗီလာရီးရဲ မှာ ကစားနေတဲ့ သူတို့ ရဲ့ ကစားသမားဟောင်း ရိုဒရီ ကို အသင်းကြီးတွေက ခေါ်ယူချင်နေကြောင်း ရိပ်မိသွားချိန်မှာတော့ ၊ ပြန်လည် ခေါ်ယူခွင့် လျော်ကြေး ယူရို သန်း 20 ပေးကာ ချက်ခြင်း ခေါ်ယူခဲ့ ပါတယ်။

အေတီကိုဟာ လက်ရှိ ဘောလုံးရာသီမှာတော့ ရိုဒရီ ကို မန်စီးတီး ထံ ယူရို သန်း 70 နဲ့ ရောင်းချသွားခဲ့ပြီး ၊ အမြတ်တွေ အများကြီးကို လက်ဝယ်သိမ်းပိုက် သွားနိုင်ခဲ့ပါတယ်။

နောက်ဆုံး လူလည် ကျခဲ့တဲ့ အသင်းကတော့ ရီးရဲ မက်ဒရစ် ဆိုတာ ပြောစရာ လိုမယ် မထင်ပါဘူး။ ရီးရဲ ဟာ ဒီလို စီးပွားရေး မော်ဒယ် မျိုးနဲ့ လုပ်စားနေခဲ့တာ တော်တော်ကြာပါပြီ။ မိုရာတာ ကို ဂျူဗီ ကနေ ပြန်ခေါ် ၊ ပြီးရင် ချဲဆီး ထံ ဈေးကောင်းကောင်း နဲ့ ပြန်ရောင်းသွားတဲ့ အကွက်တွေဟာ သိပ်ကို လှပလွန်းခဲ့ ပါတယ်။

မနေ့ည ကလဲ ရီးရဲ မက်ဒရစ်ဟာ သူ့ အသင်းက ကစားသမား တစ်ယောက်မှ မထွက်ပဲ နဲ့ ယူရို 15 သန်းကို အလိုအလျှောက် ဘဏ်အကောင့်ထဲ ထည့်သွားခဲ့ပြန်ပြီ ဖြစ်ပါတယ်။

အဲဒီ ငွေတွေကတော့ သူတို့ အသင်းဟာ 2017 ခုနှစ် က အက်စ်ပန်ညော် အသင်းဆီ လူငယ် ကစားသမား ဟာမိုဆို ကို ရောင်းချတဲ့ အပြောင်းအရွှေ့ ကနေ ပေါ်ထွက်လာခဲ့တဲ့ အကျိုးအမြတ်တွေပါ။

အဲဒီ အချိန်က ဟာမိုဆို ကို ယူရို 4 သိန်း နဲ့သာ ရောင်းချပေးခဲ့တာ ဖြစ်ပြီး ၊ အက်စ်ပန်ညော်က ပြန်လည် ရောင်းချတဲ့ အချိန်ရောက်ရင် 50% ကို ခွဲပေးဖို့ သဘောတူညီချက် ထည်သွင်းခဲ့တာ ဖြစ်ပါတယ်။

မနေ့ညကတော့ အေတီကို ဟာ ဟာမိုဆိုကို ယူရို သန်း 30 နဲ့ ခေါ်ယူသွားခဲ့တာကြောင့် ၊ ရီးရဲ မက်ဒရစ်ဟာ နေရင်း ထိုင်ရင်း ယူရို 15 သန်းကို လက်ဝယ် ပိုက်သွားခဲ့တာ ဖြစ်ပါတယ်။

လူလည်ကျချက်နော်……….