လန်ဒန်အခြေစိုက် စပါး အသင်းဟာ အသင်းကို ၅နှစ်ကျော်ကိုင်တွယ်ထားခဲ့တဲ့နည်းပြ ကြီး ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး မော်ရင်ဟိုနဲ့ အစားထိုးထားခဲ့တာဖြစ်ပါတယ်။ချဲဆီးလ်၊ယူနိုက်တက် အသင်းတွေနဲ့ အတူပရီးမီးယားလိဂ်အတွေ့အကြုံကြွယ်ဝတဲ့ မော်ရင်ဟိုကိုသုံးနှစ်ခွဲစာချုပ် နဲ့ တာဝန်ပေးထားတာလည်းဖြစ်ပါတယ်။

စပါး အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဒန်နီရယ် လီဗိုင်းဟာ အပြောင်းအရွှေ့စျေးကွက် တွေ အတွင်း ငွေသုံးဖို့ လက်တွန့်တတ်သူ တဦးအဖြစ်ကျော်ကြားသူဖြစ်ပြီး နည်းပြဟောင်းပို ချက်တီနိုလက်ထက်မှာ အပြောင်းအရွှေ့ စျေးကွက်၂ခုဆက်တိုက် ကစားသမားသစ် တဦးမှ မခေါ်ယူခဲ့ရဖူးတဲ့ သာဓက မျိုးတောင် ရှိထားတာဖြစ်ပါတယ်။

ပေါ်တူဂီသားကြီး မော်ရင်ဟိုကတော့ ချဲဆီးလ်၊ ရီးရဲလ်၊ ယူနိုက်တက် အသင်း တွေ မှာ အောင်မြင်မှု စီခြယ်တဲ့ နည်းပြ ဘဝ မျိုးကို ပိုင်ဆိုင်ထားနိုင်ခဲ့ပေမယ့် သူလို ချင်တဲ့ ကစားသမား တွေကို အရခေါ်ခိုင်းလေ့ရှိသူအဖြစ်နာမည်ကြီးပါတယ်။ဒီအတွက်ကြောင့်လည်း အသင်းဘုတ်အဖွဲ့ဝင်တွေနဲ့ အတိုက်အခံ မျိုးတွေတောင်ဖြစ်ခဲ့ဖူးပါတယ်။

အပြောင်းအရွှေ့ ရာသီတွေရောက်တိုင်းမှာ ငွေကို ကျစ်ကျစ်လစ်လစ် သုံးစွဲတတ်တဲ့ စပါး အသင်းဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံ လိဂ်ပြိုင်ပွဲမှာ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ အရှိန်ကြောင့် အင်အားဖြည့်တင်းမှုတွေကို နွေရာသီမှာ အတော်လေး အာကောင်းကောင်းနဲ့ ပြုလုပ်ပြီး အစဉ်အလာကို ချိုးဖြတ်ထားခဲ့ပါသေးတယ်။

အန်ဒွန်ဘီလီကို ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ယူထားခဲ့ပြီး အခြားကစားမားသစ် အချို့ကိုပါ အားဖြည့်ထားခဲ့တာဖြစ်ပါတယ်။နည်းပြသစ်ဖြစ်သူမော်ရင်ဟိုကတော့ သူအခြားအသင်းတွေမှာရှိစဉ်က ခေါ်ယူဖို့ကြိုးပမ်းဖူးတဲ့ ကစားသမားတွေကို ရရှိထားတာဖြစ်လို့ ဇန်နဝါရီမှာ လူခေါ်ဖို့ မလိုသေးဘူးလို့ဆိုပါတယ်။

စပါး နည်းပြဘဝ ပထမဆုံး မီဒီယာ တွေ့ဆုံ ပွဲမှာ မော်ရင်ဟိုက – ” ကျွန်တော့်အတွက် တော့ ဒီမှာရှိနေတဲ့ ကစားသမားတွေဟာ အကောင်းဆုံး လက်ဆောင်မွန်တွေပါပဲ။ကစားသမားသစ်တွေ ကျွန်တော်ထပ်မလိုပါဘူး။ဒီမှာရှိတဲ့ သူတွေရဲ့အကြောင်းကိုပဲပိုပြီးကောင်းကောင်းသိချင်ပါတယ်။

ကျွန်တော်သူတို့ကို သိပြီးသားဖြစ်ပေမယ့်လည်း မဆုံခင်အထိ တော့ ကောင်းကောင်းသိနိုင် ဦးမှာမဟုတ်ပါဘူး။သူတို့ကြောင့် ကျွန်တော်ဒီအသင်းကိုရောက်လာတယ်ဆိုတာကိုလည်းသူတို့ကိုပြောပြထားပါတယ်။

သူတို့ ထဲက အချို့ ကိုဆိုရင် ကျွန်တော့်ရဲ့ အသင်းဟောင်း တွေအတွက် ခေါ်ယူ ဖို့ တောင် ကြိုးပမ်းခဲ့ဖူးတာဖြစ်ပါတယ်။အချို့ကိုတော့ အဲ့ဒီလို မကြိုးပမ်းခဲ့ပါဘူး၊ဘာကြောင့်လည်းဆိုတော့ အဲ့ဒီလို လုပ်ဖို့ ဆိုတာ ဘယ်လောက်အထိခက်ခဲတယ်ဆိုတာ ခင်ဗျားတို့ အသိပဲလေ ” လို့ပြောခဲ့တာဖြစ်ပါတယ်။

စပါး အသင်းဟာ ပွဲစဉ် ၁၂ အပြီးမှာ အမှတ်ပေးဇယား အဆင့် ၁၄ နေရာအထိ ရောက်နေပြီး လာမယ့် စနေ နေ့မှာတော့ ဝက်စ်ဟမ်း အသင်းကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။မော်ရင်ဟိုအတွက်တော့ စပါးအသင်းကို ဇယားထိပ်ပိုင်းပြန်ပို့ပေးဖို့အပြင် အဲရစ်ဆင်၊ အယ်ဒါဝီရယ်၊ ဗာတွန်ဂန်တို့လို ကစားသမားတွေရဲ့ အနာဂတ် မတည်မငြိမ် ဖြစ်နေမှုတွေကိုဖြေရှင်းပေးဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ဟူနိုက်တက် အသင်းကနေ အရှက် တကွဲထုတ်ပယ် ခံရအပြီးမှာ စပါးအသင်းက သူ့ရဲ့ အောင်မြင်မှုနဲ့ ဂုဏ်သိက္ခာပြန်ရှာဖွေဖို့နေရာမှန်ဖြစ်နိုင်တယ်လို့ မော်ရင်ဟိုကယူဆနေပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီးမော်ရင်ဟိုက –

” ကျွန်တော် အတော်လေးကို ပျော်ရွှင်ကျေနပ်နေပါတယ်။ ကြီးကျယ်ကောင်းမွန်တဲ့ရွေးချယ်မှုတခုကို လုပ်နိုင်ခဲ့တယ်ဆိုတာကိုလည်း အပြည့်အဝ ယုံကြည်ပါတယ်။အသင်းတသင်းကရာသီအလယ်ခေါင်မှာအပြောင်းအလဲလုပ်တာဟာ အခြေအနေတွေမကောင်းလို့ဖြစ်ပါတယ်။အချို့ရလဒ်တွေကြောင့် ဒီလိုဆုံးဖြတ်ခဲ့တာဖြစ်ပြီး ကျွန်တော့်အတွက် ကြီးမားတဲ့ အလုပ်မျိုးတော့မဟုတ်ပါဘူး။ဒီအသင်းနဲ့ ဒီကစားသမားတွွေရဲ့ အလားအလာကောင်းတွေကတော့ကြီးကြီးမားမားရှိနေပါတယ်” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR