စပါး အသင်းဟာ သူတို့အသင်းကို ၅နှစ်ကျော် ကိုင်တွယ်နေခဲ့တဲ့ နည်း ပြကြီး ပိုချက်တီနိုကို ထုတ်ပယ်လိုက် ပြီး ချဲဆီးလ်၊ ယူနိုက်တက် တို့ရဲ့ နည်းပြဟောင်း မော်ရင်ဟိုက တာဝန်ပေးခဲ့ပါတယ်။သတင်းတွေရဲ့ ဖော်ပြချက်အရ ဒီပေါ်တူဂီ သားကြီးလက်ထက် စပါး အသင်းရဲ့ ပထမဆုံး ခေါ်ယူမှု က ဆွီဒင် ဝါရင့် တိုက်စစ်မှူးကြီး မိုဗစ် ဖြစ်လာနိုင်တယ် လို့သိရပါတယ်။

မိုဗစ်ဟာ အသက် ၃၈ နှစ် အရွယ်ရှိနေပြီ ဖြစ်ပေမယ့် ဂိုးသွင်းခြေစွမ်းကောင်းကို ပြသနေဆဲ ဖြစ်ပြီး ဥရောပ ထိပ်တန်း အသင်းအချို့ရဲ့ မျက်စိကျခြင်းကို ခံနေရဆဲဖြစ်ပါတယ်။သူဟာ လတ်တလောမှာ LA ဂလက်စီ အသင်းနဲ့ စာချုပ်သက်တမ်း အနည်းငယ်ကျန်နေပေမယ့် ဇန်နဝါရီ စျေးကွက် အတွင်းမှာ အလွတ်ခေါ်ယူနိုင်ဖို့ရှိနေတာဖြစ်ပါတယ်။

ဒီဆွီဒင် သားကြီး နဲ့ မော်ရင်ဟို တို့ဟာ အင်တာမီလန်၊ ယူနိုက်တက် အသင်း တွေ မှာ အတူလက်တွဲခဲ့ဖူးတဲ့ ဆရာတပည့်တွေဖြစ်ကြပြီး အခုလန်ဒန်မြေမှာပါ တဖန်ပြန်ပြီး ဆုံတွေ့ဖွယ်ရှိနေတယ် လို့ သတင်းတွေက ဖော်ပြနေတာဖြစ်ပါတယ်။Telegraph သတင်းစာရဲ့ အဆိုအရ စပါးတို့ဟာမိုဗစ်အတွက် အေစီမီလန် အသင်းရဲ့ ကြိုးပမ်းနေမှုကိုကြား့ဖတ်ပြီး လုပ်ဆောင်သွားဖို့စဉ်းစားနေတယ်လို့ သိရပါတယ်။

မိုဗစ်ရဲ့ ကမ္ဘာကျော် အေးဂျင့် ဖြစ်သူ ရွိုင်အိုလာ အနေနဲ့ သူ့ရဲ့ ကစားသမားအတွက် အသင်းသစ်ကို ရှာဖွေပေးနေတာဖြစ်ပြီး အသင်းအများအပြားရဲ့ ချိတ်ဆက်မှုကို လည်း ခံထားခဲ့ရတာဖြစ်ပါတယ်။ဒီအသင်းတွေထဲမှာအေစီမီလန် အသင်းက သူတို့ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူမိုဗစ်ကို ခေါ်ယူဖို့ ရေပန်းအစားဆုံးအဖြစ်ရှိနေတာဖြစ်ပါတယ်။

အီတလီကလာတဲ့ သတင်းတွေ အရ အေစီမီလန် အသင်းတာဝန်ရှိသူတွေဟာ မိုဗစ်ကို ခေါ်ယူနိုင်ရေးအတွက် အခုအပတိ အစောပိုင်းအတွင်းမှာ ရွိုင်အိုလာနဲ့ ဆွေးနွေးမှုတွေပြုလုပ်ထားခဲ့သေးတယ်လို့ သိရပါတယ်။ဒါပေမယ့် မော်ရင်ဟို နဲ့ မိုဗစ် တို့ကြား ဆက်ဆံရေးကြောင့် စပါး အသင်းက သူ့ကိုခေါ်နိုင်ဖို့အဓိက ရေပန်းစားစေမယ်လို့ Telegraph သတင်းစာက သုံးသပ်ဖော်ပြပါတယ်။

သူ့ရဲ့ ကိုယ်ရေး ကိုယ်ရေး မှတ်တမ်းစာအုပ်မှာဆိုရင်မိုဗစ်က – ” မော်ရင်ဟိုဟာ လူကောင်းသူကောင်း တယောက်ဖြစ်ပါတယ်။သူဟာ လူတွေရဲ့ ခံစား ချက်တွေ ကို လည်း လှုပ်နှိုးပေးတတ်သူဖြစ်ပါတယ် ” လို့တောင် ချီးကျူးရေးသားထားခဲ့ဖူးတာဖြစ်ပါတယ်။

စပါး အသင်းဟာ နွေရာသီအတွင်းမှာ လော်ရန်တေး ထွက်သွားခဲ့ပြီး နောက်ပိုင်း ဟယ်ရီကိန်း ကိုအတွေ့အကြုံတွေ မျှဝေနိုင်မယ့် ကစားသမားမျိုးကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။မိုဗစ်အနေနဲ့ ကစားသမားဘဝ နှောင်းပိုင်းကိုရောက်နေပေမယ့် ဝါရင့်ကစားသမားကောင်းတဦးဖြစ်လို့ စပါးအသင်းနဲ့သင့်တော်မှုရှိနေဆဲဖြစ်ပါတယ်။

PSG ၊ ဘာစီလိနာတို့ရဲ့ ကစားသမား ဟောင်း တဦးဖြစ်တဲ့ မိုဗစ်ဟာ ယူနိုက်တက် အသင်းနဲ့ အတူအင်္ဂလန်မှာရှိခဲ့တဲ့ ပထမရာသီမှာ ပြိုင်ပွဲစုံ ၂၈ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါပေမယ့် ဒုတိယရာသီမှာတော့ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် စာချုပ်ဖြတ်သိမ်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ မေဂျာလိဂ်ကလပ် LA ဂလက်စီ အသင်းကိုပြောင်းသွားခဲ့ပြီး နှစ်ရာသီအတွင်းမှာ စုစုပေါင်း ၅၂ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။သူဟာ အဆိုပါ နှစ်ရာသီ အတွင်းမေဂျာ လိဂ်ရဲ့ အကောင်းဆုံး အသင်းမှာ ပါဝင်ခွင့်ရခဲ့တဲ့ အထိခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

မိုဗစ်ကိုခေါ်ယူရေးမှာစပါး အသင်း ကို လက်တွန့် စေဖွယ်ရှိနေတာကတော့ မိုဗစ်ရဲ့ ကြီးမြင့်လွန်းတဲ့ လစာငွေပမာဏပဲဖြစ်ပါတယ်။မိုဗစ်ဟာ တပတ်လုပ်ခ ပေါင် ၂သိန်းကျော်တောင်းဆိုဖွယ်ရှိနေပြီး ကိန်း နဲ့ အတူ အသင်းရဲ့ လစာအများဆုံးကစားသမားဖြစ်လာဖွယ်ရှိနေပါတယ်။

SPORTS MYANMAR