ပြီးခဲ့တဲ့ နှစ်တွေ အတွင်းကတည်းက သတင်းတွေကျယ်လောင်နေခဲ့တဲ့ ဂရစ်ဇ်မန်း ရဲ့အပြောင်းအရွှေ့ဟာအခုချိန်မှာတော့ တိတ်ဆိတ်ငြိမ်သက်သွားပြီဖြစ်ပါတယ်။သတင်းတွေ ကြိုတင်ထွက်နေခဲ့တဲ့ အတိုင်း ဘာစီလိုနာအသင်းက ယူရိုသန်း ၁၂၀ ပေးချေ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၄ ဇွန်လအထိ စာချုပ်ချုပ်ဆိုသွားခဲ့တာဖြစ်ပါတယ်။ဂရစ်ဇ်မန်းဟာ နောက်ပိုင်းနှစ်တွေ အတွင်း အေတီကို အသင်းရဲ့ အားအထားရ ဆုံး တိုက်စစ်မှူး တဦးဖြစ်သလို ပြင်သစ် အသင်းနဲ့ အတူလည်းကမ္ဘာ့ဖလား ချန်ပီယံ ဆုကြီးကို ရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ဒါကြောင့်လည်းသူနဲ့ အချိန်မတန်မီ လမ်းမခွဲရဖို့စာချုပ်ဖြတ်သိမ်းကြေးအဖြစ်လည်း ယူရို သန်း၈၀၀ အထိထည့်သွင်းထားတယ်လို့ သိရပါတယ်။
စပိန် ဘောလုံးအသင်းတွေဟာမြင့်မားတဲ့ စာချုပ်ဖြတ်သိမ်းကြေးတွေကို ထားရှိခဲ့တာအစဉ်အလာလိုဖြစ်နေပေမယ့် အခုပမာဏကတော့အတော်လေးကိုများပြားနေတာဖြစ်ပါတယ်။ဒါပေမယ့် အဆိုပါ ပမာဏထက်များတဲ့စာချုပ်ဖြတ်သိမ်းကြေးပိုင်ရှင်ကစားသမားတွေရှိနေသေးတယ်ဆိုတာကို အံ့အားသင့်ဖွယ်မြင်သိရှိရဦးမှာလည်းဖြစ်ပါတယ်။
ဘောလုံးသမိုင်းရဲ့ စာချုပ်ဖြတ်သိမ်းကြေး အများဆုံးကစားသမားတွေကတော့-
၅။ မက်ဆီ ( ဘာစီလိုနာ – ယူရိုသန်း ၇၀၀ )

လတ်တလော ဥရောပထိပ်တန်းလိဂ်၅ ခုမှာ လစာအများဆုံးရရှိနေသူဖြစ်ပြီး ၂၀၂၁ဇွန်လအထိသက်တမ်းရှိနေသူဖြစ်ပါတယ်။လက်ရှိလာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဖြစ်သလို ဘလွန်းဒီအောဆု ၅ဆုရှင်ဖြစ်လို့လည်း ဘာစီလိုနာအသင်းက ဒီအာဂျင်တီးနားသားကြီးကိုအခုလောက် တန်ဖိုးထားနေတာဖြစ်ပါတယ်။နူးကမ့်မြေကို စွန့်ခွာမှာမဟုတ်ဘူးလို့သူကိုယ်တိုင်က မကြာခဏထုတ်ပြောထားသလို ၊ ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ လည်းစာချုပ်ဖြတ်သိမ်ကြေးအဖြစ် ယူရိုသန်း ၇၀၀အထိ ပေးချေရမှာလည်းဖြစ်ပါတယ်။ရီးရဲလ်အသင်းသားတွေဖြစ်တဲ့ အဆန်စီယို၊ ဗင်နီရှပ်ဂျူနီယာ၊ အစ္စကိုယ်တို့ရဲ့စာချုပ်ဖြတ်သိမ်းကြေးတွေကလည်း ယူရိုသန်း
၇၀၀ စီအသီးသီးရှိနေပါတယ်။
၎။ဘရာဟင်ဒိုင်းယက်ဇ် ( ရီးရဲလ် – ယူရို သန်း ၇၅၀ )
မန်စီးတီး အသင်းထံကနေ ခေါ်ယူထားခဲ့ပြီး အသက် ၁၉နှစ်အရွယ်သာရှိနေတဲ့ဒီစပိန်ကြယ်ပွင့်လေးရဲ့ စာချုပ်ဖြတ်သိမ်းကြေးကတော့ အံ့မခန်းမြင့်မားနေတာဖြစ်ပါတယ်။လာလီဂါမှာပွဲအချို့ပါဝင်ခွင့်ရထားပေမယ့် အခုထိတော့ တစုံတရာထူးထူးခြားခြားလုပ်မပြဖူးသေးတဲ့သူ့ကို ခန့်မှန်းပြောဆိုဖို့ကစောနေသေးတာဖြစ်ပါတယ်။ဒါပေမယ့် အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့သူ့ကို၂၀၂၅မတိုက်မီ လက်မလွှတ်ရဖို့ ရီးရဲလ်အသင်းက စာချုပ်ဖြတ်သိမ်းကြေးအဖြစ် ယူရိုသန်း ၇၅၀ အထိသတ်မှတ်ထားတာဖြစ်ပါတယ်။
၃။မိုဒရစ်( ရီးရဲလ် – ယူရိုသန်း၇၅၀ )
ဘလွန်းဒီအောဆု ကိုလက်တလောပိုင်ဆိုင်ထားတဲ့ ဒီခရိုအေးရှားသားရဲ့ စာချုပ်ဖြတ်သိမ်းကြေးကလည်း အံ့မခန်းမြင့်မားနေတာဖြစ်ပါတယ်။သူဟာ ဘလွန်းဒီအောဆု စာရင်းမှာ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ လွှမ်းမိုးနေမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။သူဟာ လက်ရှိအချိန်မှာကစားသမားဘဝအကောင်းဆုံးအချိန်ရဲ့ အဆုံးသတ်ပိုင်းနားကို ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။သူ့ကို ရီးရဲလ်အသင်းက လက်လွှတ်မယ်ဆိုရင်တောင် စာချုပ်ဖြတ်သိမ်းကြေး ယူရို သန်း ၇၅၀ ကို ပေးချေလိုတဲ့အသင်းတွေတော့ ရှိမနေတာဖြစ်ပါတယ်။
၂။ ဂရစ်ဇ်မန်း ( ဘာစီလိုနာ – ယူရိုသန်း ၈၀၀ )
အေတီကို အသင်းရဲ့ ဂိုးသွင်းစက် တခုအဖြစ် နောက်ပိုင်း နှစ်တွေ အတွင်းရပ်တည်ခဲ့တဲ့ ဒီပြင်သစ်သားကို ဘာစီလိုနာအသင်းက စာချုပ်ဖြတ်သိမ်းကြေး ယူရို သန်း ၁၂၀ ပေးချေခေါ်ယူလိုက်တာဖြစ်ပါတယ်။အသက် ၂၈ နှစ် အရွယ်သာရှိသေးပြီး ကစားသမား ဘဝအကောင်းဆုံး အခိုက်အတန့် တွေကို ဆက်ပြီး ပိုင်ဆိုင် နိုင်ဖို့ ရှိနေသေးတဲ့ သူ့ကို ၂၀၂၄ဇွန်လအထိ စာချုပ်ချုပ်ဆိုထားသလိုအချိန်မတိုင်မီ လက်မလွှတ်ရစေဖို့ စာချုပ်ဖြတ်သိမ်းကြေး ယူရို သန်း ၈၀၀သတ်မှတ်ထည့်သွင်းထားပါတယ်။ မက်ဆီ၊ ဆွာရက်ဇ် တို့ နဲ့ တွဲဖက်ပြီး GSM တိုက်စစ်အဖြစ် ဘယ်လောက်အထိ လုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
၁။ ဘန်ဇီမာ ( ရီးရဲလ် – ယူရို သန်းတထောင် )
ဘောလုံးသမိုင်းရဲ့ အမြင့်မားဆုံး စာချုပ်ဖြတ်သိမ်းကြေး ပိုင်ရှင်ကို မြင်လိုက်ရချိန်မှာ အားလုံး အံ့အားသင့်သွားမယ်ဆိုတာသေချာပါတယ်။အသက် ၃၁နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ ဒီပြင်သစ်သားဟာကစားသမား ဘဝ အကောင်းဆုံး အချိန်တွေ ကျော်လွန်ခဲ့ပြီဖြစ်ပေမယ့် ရော်နယ်ဒို မရှိတော့တဲ့ ရီးရဲလ်အသင်းတိုက်စစ်ကို အကောင်းဆုံးဦးဆောင်ပေးနေတာဖြစ်ပါတယ်။ရော်နယ်ဒိုတုန်းကလည်း စာချုပ်ဖြတ်သိမ်းကြေးအဖြစ် ယူရို သန်း တထောင်အထိ သတ်မှတ်ထားခဲ့ပေမယ့် တကယ်တမ်းပြောင်းရွှေ့ချင်လာချိန်မှာတော့ ရီးရဲလ်အသင်းဘက်က ဖြေလျော့ပေးထားခဲ့တာဖြစ်ပါတယ်။
SM