ဘာစီလိုနာ တိုက်စစ်မှုး လူးဝစ်ဆွာရက်က လီဗာပူး အသင်းဟာ ဒီရာသီ မှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်မှာ ၈ မှတ် အသာနဲ့ ဦးဆောင် နေမှု ကနေ ပြိုင်ဘက် အသင်း တွေကို ကျော်တက်ခွင့် ပြုမယ်လို့ သူမထင် မိကြောင်း ဆိုလိုက် ပါတယ်။ လီဗာပူး ဟာ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အမှတ်ပေး ဖလား အတွက် ဒီရာသီ လိဂ်ပြိုင်ပွဲမှာ အမြင့်ပျံသန်းလျက် ရှိနေပြီး မနှစ် ကတော့ ယာဂန်ကလော့ရဲ့ အသင်းဟာ ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်ချက်စတာစီးတီး အသင်းထက် ရမှတ် ၁ မှတ် လျော့နည်းကာ ဖလား လက်လွှတ် ခဲ့ရ ပါတယ်။

လက်ရှိ မှာတော့ လီဗာပူးဟာ ဒုတိယနဲ့ တတိယ နေရာ တွေမှာ ရှိနေတဲ့ လက်စတာ နဲ့ ချဲလ်ဆီး တို့ကို ရမှတ် ၈ မှတ် ဖြတ်ထား နိုင်ခဲ့ပြီး စတုတ္ထနေရာကို ရောက်နေတဲ့ မန်စီးတီး ကိုတော့ ၉ မှတ် ဖြတ်ထား ခဲ့ပြီး အဆင့် ၅ နေရာက ရှက်ဖီးယူနိုက်တက် ထက် ၁၇ မှတ်ထိတောင် သာနေ ပါတယ်။ ဒါပေမယ့် လီဗာပူး တိုက်စစ်မှုးဟောင်း ဆွာရက်က ယာဂန်ကလော့ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် ဖလား နဲ့ ဝေးကွာ နေမှုကို အဆုံးသတ် နိုင်ရန် အကောင်းဆုံး အခြေအနေမှာ ရှိနေကြောင်း နဲ့ ရာသီကုန်မှာ ဒီဖလား ကို ကိုင်မြှောက် နိုင်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။

ဆွာရက်က “ပရီးမီးယားလိဂ် ဖလား ကို ဆွတ်ခူး နိုင်ဖို့ ဆိုတာ ခက်ခဲ လှပါတယ်။ ဘာလို့လဲ ဆိုတော့ ရာသီ တစ်ခု ဆိုတာ အရမ်းကို ရှည်လျား လွန်းတာ ကြောင့်ပါ။ ဒါပေမယ့် သူတို့ဟာ ဒီအချိန်မှာ ကောင်းမွန်တဲ့ အသာစီးမှုကို ရယူ ထားခဲ့ ပါတယ်။ လက်ရှိ လီဗာပူး အသင်းရဲ့ အနေအထား အရ သူတို့ ခြေချော် သွားဖို့ ဆိုတာ မဖြစ် နိုင်သလောက် ပါပဲ။ ဒါပေမယ့် ဘောလုံး ဆိုတာ ဘယ်လိုလဲ ဆိုတာ ကျွန်တော်တို့ သိထား ကြတဲ့ အတိုင်း ပါပဲ။ သူတို့ဟာ ပြီးခဲ့တဲ့ ရာသီ တုန်းက ဒီလိုမျိုး အသာစီးမှု ရယူ နိုင်ခဲ့ ပါတယ်။ နောက်ဆုံး မှာတော့ မန်ချက်စတာစီးတီး တို့ ပရီးမီးယားလိဂ် ဖလား ရယူ သွားခဲ့တဲ့ သာဓက ရှိပါတယ်။” လို့ ဆိုလိုက် ပါတယ်။

ဘာစီလိုနာ ရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဆွာရက်ဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် လီဗာပူး တို့ ပရီးမီးယားလိဂ် ဆုဖလား ကို အကောင်းဆုံး စိန်ခေါ် နိုင်ခဲ့တုန်းက မာဆေးဆိုက် ကလပ် ရဲ့ အဓိက ကစားသမား ဖြစ်ခဲ့ ပါတယ်။ ဥရုဂွေး လက်ရွေးစင်ဟာ အဆိုပါ ရာသီမှာ ၃၁ ဂိုး သွင်းပြီး ရွှေဖိနပ်ဆု ရခဲ့ ပေမယ့်လည်း ဘရန်ဒန်ရော်ဂျာ ရဲ့ အသင်းဟာ ရာသီ နှောင်းပိုင်းမှာ ခြေချော် မှုတွေကြောင့် ရာသီ ကုန်မှာ စီးတီးရဲ့ အောက် ၂ မှတ် အကွာနဲ့ ဒုတိယနဲ့ပဲ ကျေနပ် ခဲ့ရ ပါတယ် ။


ဆွာရက်က “လီဗာပူး မှာ တုန်းက ကျွန်တော်တို့ဟာ လူငယ် ကစားသမား တွေနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ကို ဆွတ်ခူး နိုင်ဖို့ နီးစပ် ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဒီနေ့ လိုမျိုး ငွေကြေးတွေ သုံးစွဲ ထားခြင်း မရှိဘဲ ဖလား ဆွတ်ခူး နိုင်လု နီးပါး ဖြစ်ခဲ့ပါတယ်။ အခု လီဗာပူး ကတော့ ဒီဖလား ကို ဆွတ်ခူးဖို့ အတွက် ကြိုက်တာ လုပ်ခွင့် ရထားခဲ့ပြီး ကျွန်တော်တို့ တုန်းကထက် ပိုပြီး အခွင့်အရေးတွေ များပါတယ်။” လို့ ဆိုလိုက် ပါတယ်။

ဆွာရက်ဟာ လီဗာပူး တို့ ဖလား လွဲချော် ခဲ့ပြီးနောက် အဲဒီ နွေရာသီ မှာပဲ ဘာစီလိုနာ အသင်းကို ပေါင် ၆၅ သန်း နဲ့ ပြောင်းရွေ့ ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဆွာရက်ဟာ အသက် ၃၂ နှစ် ရှိနေပြီ ဖြစ်တဲ့ အပြင် လာမည့် ရာသီကုန်မှာလည်း ကတ်တလန် ကလပ်နဲ့ စာချုပ် ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာကာ နဲ့ စာချုပ် ကုန်ဆုံးတဲ့ အခါ ဆွာရက် အနေနဲ့ မေဂျာလိဂ် ကို ပြောင်းမယ် ဆိုပြီး သတင်းကြီး နေပါတယ်။

ဥရုဂွေး တိုက်စစ်မှုးက “မေဂျာလိဂ် ပြိုင်ပွဲဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း အများကြီး တိုးတက် လာခဲ့ပြီး ပြီးခဲ့တဲ့ ၂ နှစ် အတွင်း တောင်အမေရိက က လူငယ် ကစားသမားတွေ အပါအဝင် အခြား လူငယ်တွေ အဲဒီကို ပြောင်းကစား ခဲ့ကြ ပါတယ်။ ဒါဟာ ဒီလိဂ် ရဲ့ တိုးတက်ချင်မှုကို ပြသတာ ဖြစ်ပြီး သူတို့ဟာ ကစားသမား ဘဝ ကနေ ကုန်ဆုံး ခါနီး ဖြစ်တဲ့ နာမည်ကြီး ကစားသမား တွေကိုပဲ ခေါ်ယူ နေတဲ့ ပုံစံ မဟုတ်တော့ ပါဘူး။

ကျွန်တေ်ာ ဘာကာ နဲ့ စာချုပ် ရှိနေ ပါသေးတယ်။ ကျွန်တော် ဒီမှာ အရမ်း ပျော်ပါတယ်။ အနာဂတ် ကတော့ ဘယ်သူမှ မသိ နိုင်ပါဘူး ။ ဒါဟာ ဆွဲဆောင်မှု ရှိတဲ့ လိဂ်ပါ။ ကျွန်တော်ဟာ ထိပ်တန်း အဆင့်မှာ အကြာကြီး ကစား နေနိုင်တာ ကံကောင်းပါတယ်။ ကျွန်တော် နောက်ထပ် စဉ်းစား နေတာက ကျွန်တော့် မိသားစု အခြေတကျ ဖြစ်နေဖို့နဲ့ ကျွန်တော့်ရဲ့ ကလေးတွေ ကောင်းကျိုး ကိုပါ။ ဆုံးဖြတ်ချက် ချရာမှာ သူတို့လည်း ကျွန်တော်နဲ့ အတူ ပါဝင် မှာပါ။ အမေရိကဟာ ဖြစ်နိုင်ခြေ ရှိတဲ့ နေရာကောင်း ဖြစ်ပါတယ်။’ လို့ ဆိုလိုက်ပါတယ်။

SM