ယနေ့ နံနက် အစောပိုင်း မှာ ကစားသွားခဲ့တဲ့ ပြင်သစ် လီဂူး ပွဲစဉ် မှာ PSG အသင်းက လိုင်လီ အသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ပဲရစ်မှာကစားခဲ့တဲ့ ဒီပွဲမှာ အိမ်ရှင်အသင်းအတွက် အနိုင်ဂိုးတွေကို အိုက်ကာဒီနဲ့ ဒီမာရီယာ တို့ကသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲရဲ့ ပွဲထွက်လူစာရင်း မှာ PSG အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား နေမာ ပြန်လည်ပါဝင် လာခဲ့ပေမယ့် ခြေစွမ်းကောင်း သိပ်မပြသနိုင်ခဲ့ပဲ ပွဲချိန် ၆၄ မိနစ်မှာ အမ်ဘာပေ နဲ့ လူစားလဲခဲ့ရပါတယ်။ဒီဘရာဇီးလ်သားဟာ နိုင်ငံအသင်းအတွက်ကစားပေးရင်းထိခိုက်မှုကြုံတွေ့ခဲ့လို့ တလလောက်နားနေခဲ့ရတာဖြစ်ပြီး အခုပွဲမှာမှ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲအနိုင်ကြောင့် PSG တို့ ၁၁ မှတိအထိ အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင် သွားနိုင်ခဲ့ပေမယ့် နေမာအတွက်တော့ ကျေနပ်စရာပွဲမျိုးမဖြစ်ခဲ့ပါဘူး။သူဟာ ပွဲချိန် တနာရီကျော်ကြာအောင်ကစားခဲ့ရပေမယ့်ဂိုးပေါက်တည့်ကန်ချက် ၊ အရေးပါတဲ့ပေးပို့ မှု တကြိမ်တလေ တောင်မရှိခဲ့တာဖြစ်ပါတယ်။

ဘောလုံးပေးပို့မှုတွေကလည်း ၆၃ ရာခိုင်းနှုန်းကျော်ကျော်သာအောင်မြင်မှု ရှိခဲ့တဲ့ အထိအခြေအနေဆိုးခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် တူချယ်ကတော့ ဒဏ်ရာကြောင့် နားနေရတဲ့ ကစားသမား တဦးဆီကနေ ထိပ်တန်းအဆင့် ခြေစွမ်းကို မမျှော်လင့်ထားဘူးလို့ ဆိုပါတယ်။

ပွဲအပြီး အင်တာဗျူးတခုမှာ တူချယ်က – “နေမာရဲ့ ဆိုးရွားတဲ့ ခြေစွမ်း အပေါ် ကျွန်တော်ကတော့ မစိုးရိမ်ပါဘူး။ဒါဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်လားဆိုတာလည်း မသိပါဘူး။သူဟာ ပွဲတွေနဲ့ ၆ပတ်လောက် ဝေးနေခဲ့လို့ ကျွန်တော်အများကြီး မမျှော်လင့်ထားခဲ့ပါဘူး။

သူလို ကစားသမား မျိုးဟာ ဘာလုပ်လုပ် ကစားအား အဟုန် အများကြီး လိုအပ်တဲ့ ကစားသမားမျိုးဖြစ်လို့ အများကြီးမျှော်လင့်လို့မဖြစ်ပါဘူး။သူဟာဒီနေ့ပွဲမှာဆုံးဖြတ်ချက်တွေနဲ့ ချိန်သားကိုက်ဆောင်ရွက်မှုတွေမှာလွဲချော်ခဲ့ပါတယ်။သူ့အနေနဲ့ နောက်ထပ်ပွဲချိန်တွေ ထပ်ကစားရပါဦးမယ် “လို့ပြောခဲ့ပါတယ်။

လူစားလဲခံရအပြီးမှာ ပွဲကို ပြီးဆုံးအောင် မကြည့်ပဲ အဝတ်လဲခန်းဆီကို တန်းပြန်ခဲ့တဲ့ နေမာရဲ့ အပြုအမူအပေါ် တူချယ်က – ” ဒါဟာလည်း သာမန် ဖြစ်နေကြပါပဲ။ကစားသမားအများစုက အဝတ်လဲခန်းဆီကို တိုက်ရိုက် ဝင်သွားလေ့ရှိတတ်ကြတာဖြစ်ပါတယ်။

သူ့ကို ကျွန်တော် မမြင်တွေ့လိုက်ပါဘူး။ဘာကြောင့်လည်း ဆိုတော့ကျွန်တော်ဟာ နည်းစနစ် အပြောင်းအလဲတွေအတွက် ပွဲကို အာရုံစိုက်နေလို့ဖြစ်ပါတယ်။ဒီကိစ္စအပေါ် အသင်းအတွင်းမှာဆွေးနွေးမှုလုပ်မှာဖြစ်ပေမယ့်သိပ်အများကြီးတော့ပြောဆိုမှာမဟုတ်ပါဘူး ” လို့ပြောခဲ့ပါတယ်။

အနိုင်ဂိုးရှင်တွေဖြစ်တဲ့ အာဂျင်တီးနားသား နှစ်ဦးနဲ့ ပတ်သက်ပြီး တူချယ်က –
” သူတို့ဟာ ကြံ့ခိုင်မှု အပြည့်ရှိနေပြီး အတူတွဲကစားတဲ့ ပွဲတွေမှာပိုပြီး အားကောင်းတတ်ပါတယ်။နှစ်ယောက်လုံးဟာနိုင်ငံတကာပွဲစဉ်တွေရှိတဲ့အချိန်မှာကျွန်တော်တို့အသင်းနဲ့အတူရှိနေခဲ့တာဖြစ်ပါတယ်။

ဒါဟာ သူတို့ကို တက်ကြွ လန်းဆန်း နေစေလို တကယ်ကောင်းပါတယ်။သူတို့ဟာ ပွဲအတွင်းအဆုံးအဖြတ်တွေ လုပ်ဆောင်ပြီး ဂိုးတွေလည်းသွင်းယူနိုင်ပါတယ်။အသင်းအတွက်သူတို့ရဲ့ ကြိုးစားမှုကြောင့် ကြီးမားတဲ့ အပြောင်းအလဲမျိုးဖြစ်စေခဲ့ပါတယ် ” လို့ပြောခဲ့ပါတယ်။

SM