ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ခါတိုင်းလို မဟုတ်ပဲ အဓိက ကစားသမား တချို့ ကာလရှည် ဒဏ်ရာ ပြဿနာ တွေနဲ့ ရင်ဆိုင် နေရကာ ၊ ပွဲစဉ်တိုင်း လိုလို မှာ တခု မဟုတ် ၊ တခု အားနည်းချက် တွေ ရှိနေဆဲ ဖြစ်ပါတယ် ။ အထူးသဖြင့် နောက်ခံလူ ရူဒီဂါ ၊ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ၊ ကွင်းလယ် တိုက်စစ် ကစားသမား ရူဘင် လော့ဖ်တပ်စ်ချိခ် တို့လို ကစားသမား တွေ ကာလရှည် ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ချယ်လ်ဆီး အသင်း အတွက် အဖက်ဖက် က အားနည်း ခဲ့ရပါတယ် ။

ဒါ့အပြင် ရော့စ် ဘာကလေ ၊ မတ်တီယို ကိုဗာဆစ် တို့ဟာလည်း ဒဏ်ရာ အသေးစား တချို့ ရရှိခဲ့ဖူးပါတယ် ။ အခုအခါ မှာတော့ ထို ကစားသမား တွေ အစုံအလင် ပြန်လာတော့မှာ ဖြစ်ပါတယ် ။ အထူးသဖြင့် ကွင်းလယ်ပိုင်း မှာ ကန်တေ ၊ ဂျော်ဂျင်ဟို ၊ ကိုဗာဆစ် ၊ ဘာကလေ ၊ မေဆင်မောင့် အစရှိတဲ့ ကစားသမား တွေကို လမ်းပတ် အနေနဲ့ ရွေးချယ် အသုံးပြုခွင့် ရှိလာပြီ ဖြစ်သလို ၊ လော့ဖ်တပ်စ်ချိခ် ၊ ဗန်ဂျင်ကယ် တို့ကလည်း ကာလရှည် ဒဏ်ရာ တွေကနေ အသီးသီး ပြန်လာဖို့ တဖြည်းဖြည်း နီးကပ် လာပြီ ဖြစ်ပါတယ် ။

အခုလို ကွင်းလယ်ပိုင်း က ကစားသမား ပြန်စုံလာခြင်း နဲ့ ပတ်သက်ပြီး မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာ လမ်းပတ် က ” ကျွန်တော့ အတွက် ပွဲထွက် ကစားသမား ရွေးချယ် တဲ့ နေရာ မှာ အပေါင်း လက္ခဏာ ဆောင်တဲ့ ရွေးချယ်မှု တွေပဲ လိုချင်ပါတယ် ။ ဒီလို ရွေးချယ်ဖို့ အကြောင်း မပြောခင် ၊ မတ်တီီယို ကိုဗာဆစ် ရဲ့ ဒီရာသီ ခြေစွမ်း အတော်လေး တိုးတက် လာတာ ကို ကျွန်တော် ချီးကျူး ပြောဆိုချင်ပါတယ် ။ ”

” လူတွေကလည်း အခု တလော မှာ သူ့ရဲ့ ခြေစွမ်း အတော်လေး မြင့်မား လာတာကို သတိထား မိကြမှာပါ ။ နောက်ပြီး သူဟာ ကျွန်တော် တို့ အသင်း ရဲ့ စွမ်းဆောင်ရည် အမြင့်မားဆုံး ကစားသမား တွေက တယောက် ဖြစ်သလို ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တွေ အမြဲ ချမှတ် နိုင်တဲ့သူ လည်း ဖြစ်ပါတယ် ။ အခုဆို ကျွန်တော် တို့ဟာ ကွင်းလယ်မှာ မေဆင်မောင့် ၊ ရော့စ် ဘာကလေ တို့ အပြင် ၊ ရူဘင် ( လော့ဖ်တပ်စ်ချိခ် ) ကလည်း ဒဏ်ရာ က ပြန်လာတော့မှာ ဖြစ်ပါတယ် ။ ”

” အခု လက်ရှိ အချိန် ကွင်းလယ် မှာ ပွဲထွက် ကစားပေးထားတဲ့ အသင်းသား တွေရဲ့ ခြေစွမ်း ကလည်း အရမ်း ကောင်းပါတယ် ။ ဒါပေမယ့် ဒီနှစ် ဘောလုံး ရာသီ အတွက် ကျွန်တော် တို့ဟာ ကွင်းလယ် နေရာ အတွက် ကစားသမား တွေကို အလှည့်ကျ စနစ် နဲ့ အသုံးပြုဖို့ လိုမှာ ဖြစ်သလို ၊ ကစားသမား အားလုံး ကိုလည်း မတူညီတဲ့ ပုံစံ တွေမှာ ကျင့်သား ရစေဖို့ ၊ တနေရာတည်း မှာ ကစားတတ်တာမျိုး မဖြစ်စေဖို့ စီစဉ် ထားပါတယ် ။ ”

” ဒီလို ပုံစံမျိုး ကွင်းလယ်လူ တွေ အနေနဲ့ ရှေ့ဆက် လုပ်ဆောင်နိုင်ဖို့ နဲဲ့ သူတို့ ဆီက အကောင်းဆုံး အရည်အသွေး တွေ သုံးစွဲနိုင်ဖို့ ကျွန်တော် မျှော်လင့် ထားပါတယ် ။ အခု လက်ရှိ အချိန် မှာလည်း သူတို့ တွေဟာ ကွင်းလယ်လူ တယောက် အတွက် ကစားလို့ ရနိုင်တဲ့ မတူညီတဲ့ ပုံစံ တွေကို ပိုင်ဆိုင် ထားပြီးသား လို့ ထင်ပါတယ် ။ သူတို့ အားလုံး ဟာ ကွင်းလယ် ခံစစ် ရော ၊ ကွင်းလယ် တိုက်စစ် ကိုပါ ကစား နိုင်စွမ်း ရှိကြပါတယ် ။ တကွင်းလုံး ဆော့ ဆိုရင်လည်း ဆော့ပြ နိုင်ကြပါတယ် ။ ဒါကြောင့်မို့ ကျွန်တော် တို့ဟာ သူတို့ကို ပုံစံ အမျိုးမျိုး မှာ အသုံးပြုလို့ ရနေပါပြီ ။ ”

 

” ကွင်းလယ် တိုက်စစ် နေရာ အတွက် ဂျော်ဂျင်ဟို ကစားပေး နိုင်မလား ဆိုရင် ကျွန်တော် ကတော့ Yes လို့ ဖြေရမှာပါ ။ ဒါပေမယ့် သူ့ကို နံပါတ် ၁၀ နေရာ မှာ ထားကစားဖို့ အကြောင်း မရှိဘူး လို့ ကျွန်တော် ထင်ပါတယ် ။ သူ ကွင်းလယ် အတွင်း မှာ ကစားနေရင် ခင်ဗျား အနေနဲ့ သူ လွတ်လွတ်လပ်လပ် ကစားလို့ ရအောင် နေရာလွတ် တွေ များများ ပေးထားသင့်ပါတယ် ။ သူဟာ ဘောလုံး ထိန်းသိမ်းပုံ ကောင်းရုံတင်မက ၊ တချို့ သေသပ် လှပတဲ့ ပေးပို့မှု တွေကို လည်း လုပ်ဆောင် နိုင်ပါတယ် ။ ”

” ဒါကို ခင်ဗျား တို့ဟာ ဝက်ဖို့ဒ် နဲ့ ပွဲက အေဘရာဟမ် ကို ဂိုးဖန်တီး ပေးနိုင်ခဲ့တဲ့ အနေအထား ကို ပြန်ကြည့်ပြီး သိနိုင်ပါတယ် ။ ဒါ့အပြင် သူဟာ ဘောလုံး ဆုံးရှုံး နေတဲ့ အချိန် မှာလည်း ကစားပုံ အရမ်း ကောင်းသလို ၊ ပြိုင်ဖက် ကစားသမား တွေကိုလည်း ခွန်အား အပြည့် နဲ့ ဖိအား ပေးနိုင်စွမ်း ရှိပါတယ် ။ ဒါကြောင့်မို့ ကျွန်တော် ပြောချင်တာ က ခင်ဗျား အနေနဲ့ ဂျော်ဂျင်ဟို ကို ခံစစ် လေးယောက် ရဲ့ အရှေ့ မှာ ထားပြီး ကွင်းလယ် အဖျက် အဖြစ် ကစားစေမယ် ဆိုရင် သူ့ဆီကနေ ဒီလို အရည်အသွေးမျိုး တွေ ရမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR