ဂန်းနားတို့ရဲ့ နောက်ခံလူဟောင်း မာတင်ကီယွန် က အာဆင်နယ် အသင်း အနေနဲ့  အောင်မြင်မှုတွေ မရယူနိုင်ပါက တိုက်စစ်မှူး တွေဖြစ်တဲ့ အူဘာမီယန်း ၊ လာကာဇက် တို့ကို လက်လွှတ် ဆုံးရှုံး ရနိုင်ချေ ရှိကြောင်း သတိပေး စကား ဆိုလိုက်ပါတယ် ။

အာဆင်နယ် အသင်းအနေနဲ့ အဓိက တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ အူဘာမီယန်း ၊ လာကာဇက် တို့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေတာ ကြာပြီ ဖြစ်ပေမယ့် အခု အချိန်အထိ အောင်မြင်ခြင်း မရှိသေးပါဘူး ။ ကစားသမား နှစ်ဦးစလုံးဟာ ချန်ပီယံလိဂ် ကစားချင်ကြတဲ့သူတွေ ဖြစ်တာကြောင့် ဒီရာသီမှ ချန်ပီယံလိဂ် ဝင်ခွင့် ရယူနိုင်ဖို့ အရေးကြီးနေတာလည်း ဖြစ်ပါတယ် ။

အူဘာမီယန်း ဟာ အာဆင်နယ် အသင်းရဲ့ အသင်းခေါင်းဆောင် တစ်ဦး ဖြစ်သလို တိုက်စစ်မှာ အဓိကဂိုး သွင်းပေးနေတဲ့ တိုက်စစ်မှူး တစ်ဦးပါ ။ လာကာဇက် ဟာလည်း မနှစ်က အာဆင်နယ် အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ပြီး ဥရောပ ထိပ်တန်းအသင်းကြီးတွေ မျက်စိကျနေကြတဲ့ ကစားသမား ဖြစ်ပါတယ် ။

အူဘာမီယန်း ဟာ အာဆင်နယ် အသင်း နဲ့ စာချုပ် သက်တမ်း နှစ်နှစ်သာ ကျန်ရှိတော့ပြီး လာကာဇက် ဟာလည်း ၂၀၂၀ မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာပါ ။ သူတို့ နှစ်ဦးစလုံးကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့် ရယူနိုင်ဖို့ အရေးကြီးနေပါတယ် ။

မာတင် ကီယွန် က ” ကိုယ့်အသင်းရဲ့အကောင်းဆုံး ကစားသမားတွေကို ထိန်းသိမ်းနိုင်ဖို့က သိပ်အရေးကြီးပါတယ် ၊ ဒါဟာ နွေရာသီ အပြောင်းအရွှေ့ကာလတွေမှာ ပထမဆုံး လုပ်ရမယ့် အရာပါ ၊ ကိုယ့်ကစားသမားတွေကို ထိန်းသိမ်းဖို့ အရင် ကြိုးစားပြီးမှ လူသစ် ထပ်ခေါ်ရမှာပါ ။ ”

” အာဆင်နယ် အသင်းအနေနဲ့ အူဘာမီယန်း နဲ့ လာကာဇက် တို့ကို ဆုံးရှုံးလိုက်ရလို့ မဖြစ်ပါဘူး ၊ဒါပေမယ့် သူတို့ ဘက်က ကြည့်ရင်လည်း အသင်း အောင်မြင်မှု ရမှ ဆက်နေချင်မှာပါ ၊ အာဆင်နယ် အသင်းမှာ အချိန် မရှိတော့ပါဘူး ။ ”

” သူတို့ အနေနဲ့ ကိုယ့်အလုပ်ကိုယ် အမြန်ဆုံး လုပ်ဆောင် ရမှာပါ ၊ ခက်ခဲတဲ့ ဆုံးဖြတ်ချက် အချို့ကို ချမှတ် ရတော့မှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၂) အပြီးမှာ ထိပ်ဆုံးလေးသင်းနဲ့ အနိမ့်ဆုံး အမှတ်ကွာဟချက်က ၈ မှတ်အထိ ရှိနေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရယူနိုင်ဖို့ ဆိုရင် ယူရိုပါလိဂ် ဖလား ကို အရယူ နိုင်ဖို့ လိုအပ် နေတာလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR