လီဗာပူး အသင်း ကတော့ ထုံးစံ အတိုင်း ၄-၃-၃ ပုံစံနဲ့ ပွဲထွက် လာခဲ့ပြီး အဓိက တိုက်စစ်မှုး မိုဟာမက်ဆာလား ကိုတော့ ကလော့ ဟာ အရန်ခုံမှာ ထိုင်ခိုင်း ထားခဲ့ပြီး နောက်ပိုင်း ပွဲစဉ် တွေမှာ ပုံစံကောင်း ပြသ နေတဲ့ အောက်စလိတ် ချိန်ဘာလိန် ကို ပွဲထွက် ကစားသမား စာရင်းမှာ အသုံးပြု ခဲ့ပါတယ်။ ဒဏ်ရာကြောင့် စကော့တလန် ရဲ့ ပွဲစဉ်တွေကို လွဲချော် ခဲ့တဲ့ ဘယ်နောက်ခံလူ အန်ဒီရောဘတ်ဆန် ကတော့ ပွဲထွက် ကစားသမား စာရင်းမှာ ပါ၀င် လာနိုင်ခဲ့ပြီး ဆာလားရဲ့ နေရာက လွဲလို့ ကျန်တာကတော့ ပြီးခဲ့တဲ့ မန်စီးတီး နဲ့ ပွဲက line-up အတိုင်းပဲ ဖြစ်ပါတယ်။

ခရစ်စတယ်ပဲလေ့စ် ကတော့ ခံစစ် အသားပေး ၄-၅-၁ ပုံစံ နဲ့ ပွဲထွက် လာခဲ့ပြီး ဂျော်ဒန်အယူး ကို အထောင် တိုက်စစ်မှာ တင်ကစားကာ ဒီပွဲအမှီ ကြံံ့ခိုင်မှု ပြည့်ဝလာတဲ့ ဇာဟာ နဲ့ တောင်ဆန်း တို့ကို တောင်ပံ တစ်ဖက်ဆီမှာ ထားကာ တန်ပြန် တိုက်စစ် အတွက် ပြင်ဆင် လာခဲ့ ပါတယ်။ လီဗာပူးဟာ ပွဲအစကတည်းက ဘောလုံး ပိုင်ဆို်င်မှု အသာစီး နဲ့ အလက်ဇန်းဒါးအာနိုး ၊ ရောဘတ်ဆန် တို့ရဲ့ တောင်ပံ တိုက်စစ်တွေနဲ့ ထိုးဖောက် ကစား သွားခဲ့ပြီး ပဲလေ့စ် ကတော့ ၄-၅-၁ shape ကို ကျစ်လစ်အောင် စုဖွဲ့ ကစားကာ တောင်ဆန်း ရဲ့ အတိုးအလှုပ်တွေနဲ့ တိုက်စစ် စတင် ခဲ့ကာ ပွဲချိန် ၁၂ မိနစ်မှာ ဇာဟာရဲ့ အားထုတ်မှု အလက်ဇန်းဒါးအာနိုး ပိတ်ဆို့မှု ကောင်းခဲ့တာကြောင့် လီဗာပူး တို့ သက်သာရာ ရခဲ့ပါတယ်။

ထို့နောက် အလက်ဇန်းဒါးအာနိုး ရဲ့ အမှားကနေ တဆင့် ပဲလေစ့်တို့ အခွင့်အရေး ထပ်ရခဲ့ပြီး အယူးရဲ့ ပိတ်သွင်းမှု ကပ်ပြီး လွဲချော် ခဲ့ပါတယ်။ အဲဒီနောက် ပွဲဟာ အပြန်အလှန် ဖြစ်လာ ခဲ့ကာ ပဲလေ့စ်ရဲ့ ထိုးဖောက်မှု တွေက ပိုမို အသက်ဝင် နေခဲ့ပြီး လီဗာပူး ခံစစ် ခက်ခက်ခဲခဲ ထိန်းချုပ် နေခဲ့ ရပါတယ်။ ပွဲချိန် ၄၃ မိနစ် မှာတော့ ထောင့်ကန်ဘော ကနေ တဆင့် တွန်ကင်း ခေါင်းတိုက်ဂိုး သွင်းယူ ခဲ့ပေမယ့်လည်း VAR နဲ့ ပြန်ကြည့်ရမှာတော့ အယူးဟာ လော့ဗရန် ကို တွန်းခဲ့တယ် ဆိုပြီး ဂိုးကို ပြန်လည် ပယ်ဖျက် ခဲ့ပြီး ပထမပိုင်းမှာ ၀-၀ နဲ့ပဲ ပြီးခဲ့ ပါတယ်။

ဒုတိယပိုင်း အစမှာတော့ တန်ပြန် တိုက်စစ် ကနေ တဆင့် ဟန်ဒါဆန် မျှောပေး လိုက်တဲ့ ဘောလုံးကို မာနေး ကန်သွင်းရာမှာ ဂိုးဘေး ကပ်ထွက် သွားခဲ့တာကြောင့် လီဗာပူး တို့ နစ်နာ ခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် စက္ကန့်ပိုင်း မှာပဲ ရောဘတ်ဆန် ရဲ့ ဖြတ်တင်ဘော ကနေ မာနေးကပဲ ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ ဒါဟာ ဒီပွဲမှာ လီဗာပူးရဲ့ ပထမဦးဆုံး ဂိုးပေါက် တည့်မှုကနေ ရခဲ့တာပဲ ဖြစ်ပါတယ်။ ထို့နောက် ပဲလေ့စ်ဟာ အဝေးကန်ချက် တွေနဲ့ လီဗာပူး ကို ဖိအား ပေးသွား ခဲ့ပါတယ်။

၆၁ မိနစ်မှာ ထောင့်ကန်ဘော ကနေ တဆင့် လီဗာပူး တို့ ဂိုးရဖို့ နီးစပ် ခဲ့သလို ၆၄ မိနစ် မှာလည်း ဖာမီနို ဂိုးသမားနဲ့ တစ်ဦးချင်း ရင်ဆိုင် ကန်သွင်းရာမှာ ဂွေတာ လက်စွမ်းပြ ကာကွယ် ပေးခဲ့တာကြောင့် လီဗာပူး တို့ နောက်ထပ် ဦးဆောင်ဂိုးနဲ့ ဝေးခဲ့ ရပါတယ်။ အဲဒီနောက် ပွဲဟာ အပြန်အလှန် ဖြစ်နေ ခဲ့ပြီး ရ၄ မိနစ်မှာ ရှလွတ်ရဲ့ အဝေးကန်ချက် ကောင်းခဲ့ပေမယ့် အလီဆွန် လက်စွမ်းပြ ခဲ့ပါတယ်။ ဆက်တိုက် ဖိကစား လာခဲ့တဲ့ ပဲလေ့စ်ဟာ ရ၇ မိနစ်မှာ လူစားဝင် ကစားသမား ဘန်တီကီ ရဲ့ လှပတဲ့ ကန်ချက် နဲ့ ဂိုးပေး ရလုနီးပါး ဖြစ်ခဲ့ပေမယ့် ဂိုးဘေး ကပ်ထွက် သွားခဲ့တာကြောင့် ကံကောင်း ခဲ့ပါတယ်။

အဲဒီနောက် ကလော့ဟာ ဟန်ဒါဆန် ကို ထုတ်ပြီး မီနာကို လူစားလဲကာ ကွင်းလယ် ကစားအားကို မြှင့်ကာ အနိုင်ဂိုးကို ထိိန်းကစားဖို့ ကြိုးစား လာခဲ့ ပါတယ်။ ဒါပေမယ့်လည်း မိနစ် ၈၀ ကျော်မှာ ဘန်တီကီ ရဲ့ ထိုးဖောက် မှုကနေ တဆင့် တောင်ဆန်း ဖန်တီး ပေးခဲ့တာကို ဂိုးဧရိယာထဲမှာ ရှိနေတဲ့ ဇာဟာက ကန်သွင်းယူကာ ချေပဂိုး ရယူ ပေးခဲ့ ပါတယ်။ ၈၅ မိနစ် မှာတော့ လီဗာပူး တို့ ထောင့်ကန်ဘော ရခဲ့ပြီး ဂိုးရှေ့မှာ ရှုပ်ရှက်ခတ် နေတာကနေ တဆင့် ဖာမီနို က သွင်းယူ ခဲ့ပါတယ်။ ချေပဂိုး ရဖို့ ဆက်တိုက် ဖိကစား လာခဲ့တဲ့ ပဲလေ့စ်ဟာ ၉၁ မိနစ် မှာ အကောင်းဆုံး အခွင့်အရေး ရရှိ ခဲ့ပြီး ဇာဟာရဲ့ ကန်ချက် ထောင်တက် သွားခဲ့တာကြောင့် ချေပဂိုး မရခဲ့တာ ဖြစ်ပြီး ပွဲအပြီး မှာတော့ လီဗာပူးဟာ အဖိုးတန် အနိုင် ၃ မှတ် ရယူ သွားနိုင် ခဲ့ပြီး အမှတ်ပေးဇယား ထိပ်မှာ အမှားအယွင်း မရှိ ဆက်လက် ဦးဆောင် နေခဲ့ပါတယ်။