မနေ့ည က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ရဲ့ အကောင်းဆုံး ပွဲစဉ် ဖြစ်တဲ့ မန်စီးတီး – ချယ်လ်ဆီး ပွဲစဉ် ကတော့ အိမ်ရှင် မန်စီးတီး တို့ ပြိုင်ဖက် ကို အဖွင့်ဂိုး ပေးခဲ့ရပေမယ့် ပထမပိုင်း မပြီးခင် ၊ ချေပဂိုး နဲ့ ဦးဆောင်ဂိုး တွေ ရယူခဲ့ကာ ၊ ၂ – ၁ နဲ့ အနိုင် ရခဲ့ပါတယ် ။ ဒီအတွက်ကြောင့် လက်ရှိ ချန်ပီယံ မန်စီးတီး တို့ ပရီးမီးယားလိဂ် ဖလား ကို ထပ်မံ ကာကွယ်ဖို့ ရုန်းထ လာပြီ လို့ ဆိုရမှာ ဖြစ်ပါတယ် ။

မန်စီးတီး ကို ရှုံးနိမ့် ခဲ့တဲ့ ချယ်လ်ဆီး အသင်း ကတော့ အဝေးကွင်း နိုင်ပွဲ ဆက်နေမှု ရပ်တန့် ခဲ့ရပြီ ဖြစ်သလို ၊ ဒီရာသီ ပရီးမီးယားလိဂ် ထိပ်သီး ၆သင်း နဲ့ ရင်ဆိုင် ခဲ့ရတဲ့ ပွဲစဉ်တိုင်း ကို အနိုင်မရထားပဲ ရှိနေခဲ့ပြီ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ဒီ ပွဲစဉ် မှာ ဦးဆောင်ဂိုး ရထားသည့်တိုင် ၊ သက်တောင့်သက်သာ နဲ့ ပေါ့ပျက်ပျက် ကစားဟန် တချို့ကြောင့် ပြစ်ဒဏ် ခံစားလိုက်ရတယ် လို့ သုံးသပ် ရမှာ ဖြစ်ပါတယ် ။

၂ဖက် အသင်း ရဲ့ ပွဲ အခင်းအကျင်း ကို ပြန်ကြည့်မယ် ဆိုရင် အိမ်ရှင် မန်စီးတီး အသင်း ဟာ ဒဏ်ရာကြောင့် လီဗာပူး နဲ့ ပွဲကို လွဲချော် ခဲ့တဲ့ ဂိုးသမား အီဒါဆင် ကို ပြန်လည် အသုံးပြု ခဲ့သလို ၊ နောက်တန်း မှာလည်း အိန်ဂျယ်လီနို အစား ဘင်ဂျမင် မန်ဒီ ၊ ကိုင်လီ ဝေါ်ကာ အစား ကန်ဆယ်လို တို့ကို ပြောင်းလဲ ထည့်သွင်း ခဲ့ပါတယ် ။ အဓိက တောင်ပံ ကစားသမား ဘာနာဒို ဆေးလ်ဗား ကလည်း ပွဲပယ် ထိထားတာကြောင့် မာရက်ဇ် ကို အသုံးပြု ခဲ့ရပါတယ် ။

အဓိက ကစားသမား တချို့ ကို ဆုံးရှုံး ထားရတာကြောင့် မန်စီးတီး ရဲ့ ကစားပုံ ဟာ ခါတိုင်းထက် စွဲမက်စရာ မကောင်းခဲ့ပေမယ့် ဒီဘရိုင်း ၊ မာရက်ဇ် တို့လို တဦးကောင်း ကစားသမား တွေရဲ့ အစွမ်း ၊ အတိုးအလှုပ် တွေကြောင့် ချယ်လ်ဆီး အသင်း ကို အနိုင်ရကာ ချန်ပီယံဆု ကို ကာကွယ်ဖို့ အသင့် အနေအထား ကို ပြန်လည် ရောက်ရှိ ခဲ့ပါတယ် ။

ဧည့်သည် ချယ်လ်ဆီး အသင်း ဖက်ကတော့ နောက်တန်း မှာ အက်ဇ်ပီလီကွီတာ နဲ့ အီမာဆင် တို့ကို ပြန်သုံးခဲ့သလို ၊ ဒဏ်ရာကြောင့် လက်ရွေးစင် အသင်း သို့ လိုက်ပါ ခဲ့ခြင်း မရှိခဲ့တဲ့ ပူလီဆစ် ကိုလည်း ပွဲထုတ် ခဲ့ပါတယ် ။ လီဗာပူး ကို အိမ်ကွင်း မှာ အရေးနိမ့် ခဲ့ပြီး နောက်ပိုင်း ပထမဆုံး ကွင်းလယ် ၃ ယောက်တန်း ပုံစံ ကို အသုံးပြု ခဲ့တာ ကို တွေ့ခဲ့ရပါတယ် ။ ကန်တေ ၊ ဂျော်ဂျင်ဟို ၊ ကိုဗာဆစ် တို့ရဲ့ အတွဲ ညီညီ ကစားပုံကြောင့် မန်စီးတီး တို့ ပထမပိုင်း မိနစ် ၂၀ ၊ ၂၅ မိနစ် လောက် အထိ ထူးထူးခြားခြား လုပ်ပြ နိုင်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ ဗွေဆော် ဦးဆောင်ဂိုး ဟာလည်း ဒီ ကွင်းလယ် ၃ဦး ရဲ့ အတိုးအလှုပ် ကောင်းမွန်မှု ၊ အပေးအယူ မျှတမှု ၊ အချိတ်အဆက် မိမှု ကြောင့် ဖြစ်တည် လာခဲကာ ၊ ကိုဗာဆစ် ရဲ့ လှပတဲ့ အမြင့်ဘော ဖန်တီးမှု ကို ကန်တေ က အကောင်းဆုံး ထိန်းချုပ်ကာ မန်ဒီ လိုက်လံ တားဆီး နေတဲ့ ကြားကနေ အဆုံးသတ်ဖို့ ကြိုးစား ခဲ့ရာ ၊ ထိချက် ကောင်းမွန်ခဲ့ခြင်း မရှိပေမယ့် ကံကောင်းစွာ နဲ့ ဘောလုံး က ဂိုးထဲကို လှိမ့်ဝင် ခဲ့လို့ အဖွင့်ဂိုး ကို ရခဲ့ပါတယ် ။

အဲ့ဒီနောက်ပိုင်း ချယ်လ်ဆီး အသင်း ရဲ့ ခံစစ် က အာရုံစိုက်မှု တွေ လျော့ကျ ခဲ့ပါတယ် ။ အထူးသဖြင့် နောက်တန်း နဲ့ ဂျော်ဂျင်ဟို တို့ ဆီကနေ တိုက်စစ် ပြန်စတက်တဲ့ နေရာ မှာ ဘောလုံး ပေးပို့ပုံ အတော် အမှား များခဲ့ပြီး ၊ ဒီ အမှား တွေကနေပဲ ချယ်လ်ဆီး တို့ ရထားတဲ့ ဦးဆောင်ဂိုး ကို ပြိုင်ဖက် ရဲ့ ချေပဂိုး ၊ အနိုင်ဂိုး တွေနဲ့ ပြန်လည် တုန့်ပြန်ခြင်း ခံခဲ့ရပါတယ် ။

ချေပဂိုး ဟာလည်း ဂျော်ဂျင်ဟို ရဲ့ တိုက်စစ် ကို ခပ်မြန်မြန် ဘောလုံး ပေးပို့မှု ပေါ့လျော့ ခဲ့ကာ ၊ မန်စီးတီး တို့ တဟုန်ထိုး တိုက်စစ် ဆင်ရာကနေ ၊ ဒီဘရိုင်း ပင်နယ်တီ ဧရိယာ ပြင်ပ ကနေ လှမ်းကန်သွင်းယူ နိုင်ခဲ့ပါတယ် ။ ၄င်းရဲ့ ကံချက် က ကံကောင်းစွာ နဲ့ပဲ ချယ်လ်ဆီး နောက်တန်း နဲ့ ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တယ် ဆိုပေမယ့် မန်စီးတီး အတွက် အတော်လေး အားတက်စရာ ဖြစ်စေခဲ့တဲ့ ဂိုး လည်း ဖြစ်ပါတယ် ။

ချေပဂိုး ရပြီးတဲ့နောက် မန်စီးတီး ရဲ့ ကစားအား ပိုကောင်း လာခဲ့ပြီး ၊ ၄င်းတို့ရဲ့ press တွေလည်း ချယ်လ်ဆီး နောက်ခံလူ တွေ မခံနိုင် ဖြစ်ခဲ့ရပါတယ် ။ ဦးဆောင်ဂိုး ဟာလည်း မာရက်ဇ် ရဲ့ solo ထိုးဖောက်မှု ကြောင့် ရလာခဲ့တာ ဖြစ်ပေမယ့် ချယ်လ်ဆီး အသင်း ရဲ့ လူပေးပုံ မှားယွင်းမှု ကနေပဲ စတင် ခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနောက် မာရက်ဇ် ဟာ အာရုံစိုက်မှု နည်းပါး နေတဲ့ ချယ်လ်ဆီး နောက်တန်း ကို အသာအယာ မွှေနှောက်ပြီး လှလှပပ အဆုံးသတ် သွင်းယူ နိုင်ခဲ့ပါတယ် ။

ပထမပိုင်း ပြီးခါနီးမှာလည်း ကီပါ ရဲ့ မဖြစ်သင့်တဲ့ လူပေးပုံ မှားယွင်းမှု ကနေ အဂွေရို ကန်သွင်း အဆုံးသတ် ဖို့ အကောင်းဆုံး အခွင့်အရေး ရခဲ့ပေမယ့် ၄င်းရဲ့ ကန်ချက် အံ့အားသင့်စွာ ပဲ တိုင်ထိ ထွက်ခဲ့လို့ ချယ်လ်ဆီး တို့ ကံကောင်း ခဲ့ရပါတယ် ။ ဒုတိယပိုင်း မှာတော့ ပွဲ အခြေအနေ က အတော်လေး ငြိမ်သက် ခဲ့တယ် လို့ ဆိုရမှာပါ ။ ချယ်လ်ဆီး အသင်း ဟာ ချေပဂိုး ရဖို့ ကြိုးစား ခဲ့ပေမယ့် အခွင့်အရေး ကောင်းတွေ မဖန်တီး နိုင်ခဲ့ပါဘူး ။

ဝီလီယံ ရဲ့ အဝေး ကန်ချက် တကြိမ် နဲ့ မေဆင်မောင့် ရဲ့ ဖရီးကစ် ကန်ချက် တကြိမ်လောက် သာ စိတ်လှုပ်ရှားမှု ပေးနိုင်ခဲ့ပြီး ၊ မန်စီးတီး ကတောင် တတိယ ဦးဆောင်ဂိုး ရဖို့ နီးစပ် ခဲ့ပြီး စတားလင်း ရဲ့ သွင်းဂိုး ကို VAR မှ လူကျွံဘော အဖြစ် သတ်မှတ်ကာ ၊ ဖယ်ရှား ခဲ့တာကြောင့် မန်စီးတီး တို့ နစ်နာ ခဲ့ရပါတယ် ။ ဒီ ရလဒ်ကြောင့် အဆင့် ၃ နဲ့ အဆင့် ၄ နေရာ က အပြောင်းအလဲ ဖြစ်ပေါ် ခဲ့ကြောင်း တင်ပြရင်း … ။

SPORTS MYANMAR