မနေ့ည က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ရဲ့ အကောင်းဆုံး ပွဲစဉ် ဖြစ်တဲ့ မန်စီးတီး – ချယ်လ်ဆီး ပွဲစဉ် ကတော့ အိမ်ရှင် မန်စီးတီး တို့ ပြိုင်ဖက် ကို အဖွင့်ဂိုး ပေးခဲ့ရပေမယ့် ပထမပိုင်း မပြီးခင် ၊ ချေပဂိုး နဲ့ ဦးဆောင်ဂိုး တွေ ရယူခဲ့ကာ ၊ ၂ – ၁ နဲ့ အနိုင် ရခဲ့ပါတယ် ။ ဒီအတွက်ကြောင့် လက်ရှိ ချန်ပီယံ မန်စီးတီး တို့ ပရီးမီးယားလိဂ် ဖလား ကို ထပ်မံ ကာကွယ်ဖို့ ရုန်းထ လာပြီ လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ထို ပွဲစဉ် မှ ၂ဖက် အသင်းသား တွေရဲ့ စွမ်းဆောင်ရည် တွေကို အခုလိုပဲ တင်ပြ ပေးလိုက် ရပါတယ် ။

မန်စီးတီး

ဂိုးသမား – အီဒါဆင် ( Rating – 7 )

ကန်တေ ရဲ့ အဖွင့်ဂိုး ကို မလွှဲသာ လို့ ခွင့်ပြု ပေးခဲ့ရတဲ့ အီဒါဆင် ဟာ မနေ့ည က ပွဲမှာ ဘာမှ ထွေထွေထူးထူး ဖမ်းခဲ့ရတာတော့ မရှိပါဘူး ။ ဒုတိယပိုင်း မှာ ဝီလီယံ ရဲ့ အဝေး ကန်ချက် ကို လက်ဖျား နဲ့ ထိခဲ့တဲ့ တကြိမ် သာ ကာကွယ် ခဲ့ရပါတယ် ။

နောက်တန်း – ယာအို ကန်ဆယ်လို ၊ ဘင်ဂျမင် မန်ဒီ ( Rating – 6 ) ၊ ဂျွန်စတုန်း ( Rating – 7 ) ၊ ဖာနန်ဒင်ဟို ( Rating – 8 )

မန်စီးတီး ရဲ့ အစွန် နောက်ခံလူ ၂ဦး ဖြစ်တဲ့ မန်ဒီ နဲ့ ကန်ဆယ်လို တို့ အတွက် ကတော့ မနေ့ည က ပွဲမှာ လိုအပ်ချက် တချို့ ရှိနေခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ကန်ဆယ်လို ရဲ့ ခြေစွမ်း ဟာ အရမ်း မဆိုးရွား ခဲ့ပေမယ့် အရမ်း လည်း မကောင်းခဲ့ပါဘူး ။ တဖက် မှာ မန်ဒီ ကတော့ ကန်တေ ရဲ့ အဖွင့်ဂိုး ပေးခဲ့ရချိန် မှာ လူကပ်ပုံ အားနည်းချက် ရှိခဲ့ပါတယ် ။ ကျန်တဲ့ နေရာ တွေမှာတော့ အပြစ် ပြောစရာ မရှိခဲ့ပါဘူး ။

ခံစစ်မှူး ၂ဦး အဖြစ် တာဝန်ယူ ခဲ့တဲ့ စတုန်း နဲ့ ဖာနန်ဒင်ဟို တို့ရဲ့ ခြေစွမ်း က ချီးကျူးစရာ မကောင်းဘူး ဆိုရင်တောင် စိတ်ကျေနပ်စရာ ကောင်းတဲ့ ခြေစွမ်းမျိုး ရခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ကို ဘောလုံး ပေးကိုင် ထားရုံ က လွဲပြီး ကျန်တဲ့ အချိန် တွေမှာ ၄င်းကို လှုပ်မရအောင် ထိန်းနိုင်ခဲ့ ကြပါတယ် ။ ဒါ့အပြင် တောင်ပံ က ဖြတ်တင်ဘော ၊ အနိမ့်ဘော ပေးပို့မှု တွေကိုလည်း တားဆီး နိုင်ခဲ့ ကြပါတယ် ။

ကွင်းလယ် – ရိုဒရီ ( Rating – 5 ) ၊ ဒေးဗစ် ဆေးလ်ဗား ( Rating – 6 ) ၊ ကီဗင် ဒီဘရိုင်း ( Rating – 9 )

ရိုဒရီ အတွက် ကတော့ ကွင်းလယ် အဖျက်ပိုင်း မှာ ခြေစွမ်း တိုးတက်ဖို့ လိုအပ် နေပြီး ချယ်လ်ဆီး အသင်း ရဲ့ တန်ပြန် တိုက်စစ် နဲ့ ကွင်းလယ် က ကန်တေ ၊ ကိုဗာဆစ် တို့ရဲ့ ထိုးဖောက်မှု ကို တားဆီး ဖို့ ရုန်းကန် ခဲ့ရပါတယ် ။ ဆေးလ်ဗား ကတော့ အသက်အရွယ် ရလာတာ ကို ထည့်တွက်မယ် ဆိုရင် သူ့ အတွက် ဒီပွဲ ဟာ ပုံမှန် ခြေစွမ်း ပြသ ခဲ့တဲ့ ပွဲလို့ ဆိုရမှာ ဖြစ်ပါတယ် ။ သို့ပေမယ့် ဂွာဒီယိုလာ ကတော့ ၄င်းတို့ ၂ဦးလုံး ကို ဒုတိယပိုင်း မှာ လူစားလဲ ခဲ့ပါတယ် ။

ဒီဘရိုင်း ကတော့ မနေ့ည က ပွဲမှာ စီးတီး ရဲ့ တိုက်စစ် ကို ပုံဖော် ပေးခဲ့တဲ့ ဗိသုကာရှင် ဖြစ်ပါတယ် ။ အဖိုးတန် ချေပဂိုး ကို ရယူ ပေးခဲ့သလို ၊ အချိန်ပြည့် တိုက်စစ် ကို ပံ့ပိုးမှု ပေးနိုင် ခဲ့ပါတယ် ။ ဒေးဗစ် ဆေးလ်ဗား အကျဖက် ရောက်နေချိန် မှာ ဒီဘရိုင်း လို ခွန်အား အပြည့် နဲ့ ကစား ပေးနိုင်တဲ့ ကွင်းလယ် ဖန်တီးရှင် တဦး မားမားမတ်မတ် ရပ်တည် နေတာ မန်စီးတီး အတွက် အရမ်း အကျိုး ဖြစ်ထွန်း နေပါတယ် ။

တိုက်စစ် – စတားလင်း ( Rating – 7 ) ၊ အဂွေရို ( Rating – 6 ) ၊ မာရက်ဇ် ( Rating – 9 )

တတိယ ဦးဆောင်ဂိုး ရယူပေးဖို့ နီးစပ် ခဲ့တဲ့ စတားလင်း ဟာ ဒီ ပွဲစဉ် မှာ အက်ဇ်ပီလီကွီတာ ရဲ့ ထိန်းချုပ်မှု အောက်မှာ ရောက်နေရလို့ ၊ ခြေစွမ်း ပေါ်လွင်ဖို့ ရုန်းကန် ခဲ့ရပါတယ် ။ သို့ပေမယ့် ဒုတိယပိုင်း မှာ မန်စီးတီး အတွက် စတားလင်း ဟာ ခံစစ်ပိုင်း အတွက် အတော်လေး အားကိုး ခဲ့ရပါတယ် ။ အဂွေရို အတွက် ကတော့ တိုမိုရီ ရဲ့ အနီးကပ် လူကပ် ကစားခြင်း ခံရတဲ့ အပြင် ၊ အပိုင် ကန်သွင်းချက် တိုင်ထိ ထွက်ခဲ့ပြီး ဒဏ်ရာ ပါ ရသွားခဲ့တာကြောင့် အတော်လေး ကံဆိုး ခဲ့တယ် လို့ ဆိုရမှာပါ ။

ပွဲပယ် ခံထားရတဲ့ ဘာနာဒို ဆေးလ်ဗား ရဲ့ နေရာ မှာ ပွဲထွက်ခွင့် ရခဲ့တဲ့ မာရက်ဇ် ကတော့ ရလာတဲ့ အခွင့်အရေး ကို ပိုင်ပိုင်နိုင်နိုင် အသုံးချ ခဲ့တယ် လို့ ပြောရမှာပါ ။ မန်စီးတီး ရဲ့ အဖိုးတန် အနိုင်ဂိုး ဟာ ၄င်းရဲ့ တကိုယ်တော် အတိုးအလှုပ် ကနေ တဆင့် သူ ကိုယ်တိုင် လှလှပပ သွင်းယူ ခဲ့တာ ဖြစ်ပါတယ် ။ သို့ပေမယ့် ဒုတိယပိုင်း မှာတော့ မန်စီးတီး တိုက်စစ်အားချလိုက်တာကြောင့် ၄င်းရဲ့ အခန်း ကဏ္ဍ လည်း မှေးမှိန် ခဲ့ရပါတယ် ။

ချယ်လ်ဆီး

ဂိုးသမား – ကီပါ ( Rating – 6 )

ပေးဂိုး ၂ဂိုး ခွင့်ပြု ခဲ့ရတဲ့ အပြင် မလိုအပ်ပဲ အချိန်ဆွဲတာတွေ ၊ မှားယွင်းတဲ့ ပေးပို့မှု တွေ ပြုလုပ် ခဲ့တဲ့ ကီပါ ဟာ မာရက်ဇ် ရဲ့ ဒုတိယပိုင်း က ကန်ချက် တကြိမ် ကို ကာကွယ် ခဲ့ပေမယ့် တပွဲလုံး ပျမ်းမျှ စွမ်းဆောင်ရည် အပိုင်း မှာတော့ ကျေနပ်စရာ မရှိခဲ့ပါဘူး ။

နောက်တန်း – အက်ဇ်ပီလီကွီတာ ( Rating – 7 ) ၊ တိုမိုရီ ၊ ဇူးမား ( Rating – 6 ) ၊ အီမာဆင် ( Rating – 5 )

ညာအစွန် က အက်ဇ်ပီလီကွီတာ ဟာ မနေ့ည က ပွဲမှာ တာဝန် ကျေခဲ့တဲ့ အပြင် မန်စီးတီး ဖက်က ပြုလုပ်ခဲ့တဲ့ ကန်သွင်းမှု တချို့ ကိုလည်း တားဆီး နိုင်ခဲ့ပါတယ် ။ အက်ဇ်ပီ နဲ့ ခြေစွမ်း ပြောင်းပြန် ဖြစ်ခဲ့တဲ့ အီမာဆင် ကတော့ ပထမပိုင်း မှာ တိုက်စစ်ပိုင်း အတွက် ဖြတ်တင်ဘော ပြုလုပ်လို့ ရတဲ့ အခွင့်အရေး တချို့ နဲ့ ကြုံတွေ့ခဲ့ပေမယ့် ဖြုန်းတီး ခဲ့သလို ၊ မန်စီးတီး ရဲ့ ဦးဆောင်ဂိုး ဟာလည်း ၄င်းရဲ့ အာရုံစိုက်မှု အားနည်းခဲ့တာနဲ့ မကင်းခဲ့ပါဘူး ။

ခံစစ်မှူး ၂ဦး ဖြစ်တဲ့ ဇူးမား နဲ့ တိုမိုရီ တို့ဟာ ပေးဂိုး ၂ဂိုး ခွင့်ပြု ခဲ့ရတယ် ဆိုပေမယ့် ကစားပုံ ကတော့ မဆိုးဘူး လို့ ပြောရမှာပါ ။ တိုမိုရီ ဟာ မန်စီးတီး တိုက်စစ်မှူး အဂွေရို ကို တပွဲလုံး ထိန်းချုပ် ပြသွားသလို ၊ ဇူးမား ကလည်း အရေးပါတဲ့ ဘောလုံး တားဆီးမှု တချို့ လည်း ပြုလုပ် နိုင်ခဲ့ပါတယ် ။ သို့ပေမယ့် လည်း အတွေ့အကြံု နည်းသေးတဲ့ ၄င်းတို့ ၂ဦး အဖို့ မန်စီးတီး ကို အပြည့်အဝ တားဆီးဖို့တော့ လိုအပ်ချက် တွေ ရှိနေပါသေးတယ် ။

ကွင်းလယ် – ဂျော်ဂျင်ဟို ( Rating – 6 ) ၊ ကိုဗာဆစ် ( Rating – 8 ) ၊ ကန်တေ ( Rating – 7 )

ဂျော်ဂျင်ဟို အဖို့တော့ ပထမပိုင်း အစောပိုင်း မိနစ် တွေမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် တွေ ပြသ နိုင်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း မှာ ၄င်းရဲ့ ဘောလုံး ပေးပို့မှု မသေသပ်ပုံ ကနေ မန်စီးတီး အတွက် ချေပဂိုး နဲ့ ဦးဆောင်ဂိုး တွေ ရဖို့ အကြောင်းဖန် လာခဲ့ပါတယ် ။ ဒုတိယပိုင်း မှာလည်း ဒီဘရိုင်း ကို ဆွဲခဲ့တာကြောင့် အဝါထိခဲ့လို့ ၊ အနီကတ် မထိစေဖို့ လမ်းပတ် ဟာ ဂျော်ဂျင်ဟို ကို မေဆင်မောင့် နဲ့ လူစားလဲ ခဲ့ပါတယ် ။

ကန်တေ ကတော့့ ထုံးစံ အတိုင်း အကောင်းဆုံး ပုံစံ မဟုတ်ရင်တောင် သူ့ရဲ့ ခွန်အား တွေကို အပြည့်သုံးပြီး ကစား ပြခဲ့ပါတယ် ။ မနေ့ည က ပွဲမှာ ကွင်းလယ် အဖျက် ထက် တိုက်စစ် ကို ပိုလိုက်ပါ ခဲ့တာကြောင့် သွင်းဂိုး တဂိုး ရရှိခဲ့သလို ၊ တန်ပြန် တိုက်စစ် စတင် ရာမှာလည်း အတော်လေး အထောက်အကူ ပြုခဲ့ပါတယ် ။

ကိုဗာဆစ် ကတော့ အရှုံးရလဒ် ကြံုတွေ့ ခဲ့ရတဲ့ ချယ်လ်ဆီး အသင်း မှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြနိုင်ခဲ့တယ် လို့ သုံးသပ် ရမှာပါ ။ ၄င်းရဲ့ အလိမ်အခေါက် ကျွမ်းကျင်မှု ၊ ဘောလုံး ပေးပို့ပုံ တိကျမှု တွေကြောင့် ချယ်လ်ဆီး အသင်း ရဲ့ ပထမပိုင်း ၂၅ မိိနစ် အတွင်း တိုက်စစ် က မြိုင်ခဲ့ပါတယ် ။ မန်စီးတီး ရဲ့ ဦးဆောင်ဂိုး အတွက် မာရက်ဇ် ကို တားဆီး ရာမှာ အီမာဆင် နဲ့ နားလည်မှု တွေ လွဲခဲ့ပေမယ့် ကန်တေ ရဲ့ သွင်းဂိုး ကိုတော့ လှလှပပ ဖန်တီး နိုင်ခဲ့ပါတယ် ။

တိုက်စစ် – ပူလီဆစ် ၊ အေဘရာဟမ် ၊ ဝီလီယံ ( Rating – 6 )

မန်စီးတီး နဲ့ ပွဲမှာ ချယ်လ်ဆီး အသင်း ဟာ တခြား နေရာ တွေမှာ ချီးကျူးစရာ ကောင်းတဲ့ စွမ်းဆောင်ရည် တွေကို ပြသ ခဲ့ပေမယ့် ၊ တိုက်စစ်ပိုင်း ကတော့ အတော်လေး စိတ်ပျက်စရာ ကောင်းခဲ့ပါတယ် ။ တပွဲလုံး မှာ အချိတ်အဆက် တွဲလုံးကောင်း တချို့ တော့ ရှိခဲ့ပေမယ့် ပြိုင်ဖက် ရဲ့ Final third zone မှာ ဘာမှ မဖန်တီး နိုင်တာ ကို တွေ့ခဲ့ရပါတယ် ။ ဝီလီယံ တဦးတည်းသာ ကိုယ်တိုင် ကန်သွင်းမှု တချို့ ပြုလုပ် နိုင်ခဲ့ပေမယ့် ပူလီဆစ် နဲ့ အေဘရာဟမ် တို့ကတော့ ခြေစွမ်း လုံးဝ မပေါ်လွင် ခဲ့ပါဘူး ။

လူစားဝင် ကစားသမားများ – ရိစ်ဂျိမ်းစ် ၊ မေဆင်မောင့် ( Rating – 6 ) ၊ ဘတ်ရှူဝါရီ ( Rating – 5 )

SPORTS MYANMAR