မနေ့ည က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ရဲ့ အကောင်းဆုံး ပွဲစဉ် ဖြစ်တဲ့ မန်စီးတီး – ချယ်လ်ဆီး ပွဲစဉ် ကတော့ အိမ်ရှင် မန်စီးတီး တို့ ပြိုင်ဖက် ကို အဖွင့်ဂိုး ပေးခဲ့ရပေမယ့် ပထမပိုင်း မပြီးခင် ၊ ချေပဂိုး နဲ့ ဦးဆောင်ဂိုး တွေ ရယူခဲ့ကာ ၊ ၂ – ၁ နဲ့ အနိုင် ရခဲ့ပါတယ် ။ ဒီအတွက်ကြောင့် လက်ရှိ ချန်ပီယံ မန်စီးတီး တို့ ပရီးမီးယားလိဂ် ဖလား ကို ထပ်မံ ကာကွယ်ဖို့ ရုန်းထ လာပြီ လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ထို ပွဲစဉ် မှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက် ကို အခုလိုပဲ တင်ဆက် ပေးလိုက်ရပါတယ် ။

၁ ။ လမ်းပတ် လက်အောက် မှာ လွတ်လွတ်လပ်လပ် ကစားခွင့် ရလာတဲ့ ကိုဗာဆစ်

ကိုဗာဆစ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က မော်ရစ်ဇီယို ဆာရီ လက်ထက် မှာ ရီးရဲလ် မက်ဒရစ် ကနေ ချယ်လ်ဆီး အသင်း သို့ အငှား လာကစား ခဲ့ပေမယ့် အခုလို လမ်းပတ် လက်အောက် က တောက်ပ တဲ့ ခြေစွမ်းမျိုး ရလိမ့်မယ် လို့ ချယ်လ်ဆီး ပရိသတ် တွေ အားလုံး ပြီးခဲ့တဲ့ ရာသီ က မထင်ထား ခဲ့တာတော့ အမှန် ပဲ ဖြစ်ပါတယ် ။ ကိုဗာဆစ် ဟာ လမ်းပတ် လက်အောက် မှာ ဆာရီ လက်ထက် ကနဲ့ မတူညီတဲ့ ပုံစံ နဲ့ ကစားခွင့် ရနေသလို ၊ အဆများစွာ ကောင်းမွန် တဲ့ စွမ်းဆောင်ရည် တွေကို ပြသ နေတာ ဖြစ်ပါတယ် ။

မနေ့ည က မန်စီးတီး နဲ့ ပွဲမှာလည်း ကိုဗာဆစ် ဟာ မန်စီးတီး ကစားသမား တွေကို အလုပ်ရှုပ် စေခဲ့တဲ့ ကွင်းလယ်လူ တဦး ဖြစ်ခဲ့သလို ၊ ကွင်းလယ် ခံစစ် နဲ့ ကွင်းလယ် တိုက်စစ် နေရာ တွေအတွက် အကောင်းဆုံး ပံ့ပိုး ပေးနိုင်ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ အဖွင့်ဂိုး ဟာလည်း ၄င်း နဲ့ ဂျော်ဂျင်ဟို တို့ရဲ့ တွဲလုံး ကနေ စတင် ခဲ့တာ ဖြစ်ကာ ၊ ဂိုးသွင်းရှင် ကန်တေ ကိုလည်း လှလှပပ ဖန်တီး ပေးနိုင် ခဲ့ပါတယ် ။

၂ ။ ဒီ တကြိမ်မှာလည်း အသင်းဟောင်း ကို အိပ်မက်ဆိုး တွေ ပေးသွားပြန်တဲ့ ဒီဘရိုင်း

အခွင့်အရေး မရခဲ့တာကြောင့် ချယ်လ်ဆီး အသင်း ကနေ ထွက်လာခဲ့တာ ၄နှစ်ကျော် ကြာမြင့် လာပြီ ဖြစ်ပေမယ့် ဒီဘရိုင်း ဟာ ၄င်းရဲ့ အသင်းဟောင်း နဲ့ ရင်ဆိုင် ရတိုင်း ဒုက္ခ ပေးတတ်တယ် ဆိုတာ ချယ်လ်ဆီး ပရိသတ် တွေလည်း သတိထားမိမှာ ဖြစ်ပါတယ် ။ အန်တိုနီယို ကွန်တီ ရဲ့ ုဒုတိယမြောက် ရာသီ မှာ ချယ်လ်ဆီး – မန်စီးတီး ရင်ဆိုင် ခဲ့စဉ် က တလုံးတည်းသော သွင်းဂိုး ကို ရယူပြီး ဒီဘရိုင်း တယောက် ပေါက်ကွဲ အောင်ပွဲ ခံခဲ့ဖူးပါတယ် ။

မနေ့ည က ပွဲမှာလည်း ဒီဘရိုင်း ဟာ မန်စီးတီး အတွက် အဖိုးတန် ချေပဂိုး ကို ရယူ ခဲ့ပေမယ့် တကြိမ် မှာတော့ အသင်းဟောင်း ချယ်လ်ဆီး ကို လေးစားတဲ့ အနေနဲ့ အောင်ပွဲ မခံခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။ သို့ပေမယ့် လည်း ဒီဘရိုင်း ဟာ မနေ့ည က ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား လို့တောင် ပြောလို့ ရပြီး ၊ ၄င်းရဲ့ အတိုးအလှုပ် ၊ ပေးပို့မှု တွေက စီးတီး ရဲ့ တိုက်စစ် ကို အချိန်တိုင်းမှာ အသက် ဝင်စေခဲ့ပါတယ် ။

၃ ။ ချယ်လ်ဆီး အတွက် အရေးပါတဲ့ အခိုက်အတန့် တွေမှာ ဂိုးသွင်းပေးနေဆဲ ကန်တေ

ကန်တေ ဟာ ပုံမှန်အားဖြင့် ဂိုးသွင်းတတ်တဲ့ ကွင်းလယ်လူ မဟုတ်တာ ကို ဘောလုံးချစ် ပရိသတ် တွေ သိကြမှာ ဖြစ်ပါတယ် ။ ကန်တေ ဟာ ၄င်း နာမည် စကြီးလာတာ ကိုက ကွင်းလယ် ခံစစ် နေရာ မှာ ဖြစ်တာကြောင့် သွင်းဂိုး တွေဟာ သူ့ အလုပ် မဟုတ်ဘူး လို့ လူ အများက သတ်မှတ် ထားကြပါတယ် ။ တကယ်လည်း ကန်တေ ရဲ့ သွင်းဂိုး တွေကို လက်ချိုး ရေလို့ ရပါတယ် ။

သို့ပေမယ့် လည်း ကန်တေ ဟာ ပြီးခဲ့တဲ့ ရာသီ က ကွင်းလယ် တိုက်စစ် ကို လိုက်ပါ ကစားရတဲ့ ပုံစံ ကြောင့် ယခု လမ်းပတ် ရဲ့ မြန်နှုန်းမြင့် တိုက်စစ် ကစားဟန် မှာလည်း တိုက်စစ်ပိုင်း အတွက် ပိုပြီး အသားကျ လာတာ ကို မြင်တွေ့ ရပါတယ် ။ ဒီရာသီ လီဗာပူး နဲ့ ပွဲမှာ သွင်းဂိုး တဂိုး ရရှိခဲ့တဲ့ ကန်တေ ဟာ မနေ့ည က မန်စီးတီး နဲ့ ပွဲမှာလည်း အဖွင့်ဂိုး ကို သွင်းယူ နိုင်ခဲ့ ပြန်ပါတယ် ။

၄ ။ ဖာနန်ဒင်ဟို ရဲ့ နေရာ ကို ဖြည့်တင်း ကစားပေးဖို့ လိုအပ်ချက် တွေ ရှိနေသေးတဲ့ ရိုဒရီ

ဒီနှစ် ဘောလုံး ရာသီ မှာ မန်စီးတီး ဟာ အက်သလက်တီကို ကွင်းလယ်လူ ရိုဒရီ ဟာနန်ဒက်စ် ကို စျေးကြီးပေး ခေါ်ယူခဲ့ပေမယ့် လက်တွေ့ မှာ အစားထိုးဖို့ ရည်ရွယ်ထားတဲ့ ဖာနန်ဒင်ဟို ရဲ့ နေရာ ကို ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိသေးပါဘူး ။ ခံစစ်မှူး နေရာ အတွက် ဒဏ်ရာ ပြဿနာ အချို့ နဲ့ ရင်ဆိုင် နေရတဲ့ မန်စီးတီး အတွက် အဓိက ကွင်းလယ် အဖျက် ကစားသမား ဖာနန်ဒင်ဟို ဟာ ခံစစ်မှူး နေရာ မှာ ဆင်းကစား နေခဲ့ရပါတယ် ။

ဖာနန်ဒင်ဟို နေရာ ပြောင်းကစား နေရတဲ့ အချိန် မှာ ရိုဒရီ ဟာ ကွင်းလယ် အဖျက်ပိုင်း ကို တာဝန် ယူခဲ့ရပေမယ့် သူ မပိုင်နိုင်တဲ့ အပိုင်း ဖြစ်နေတာကြောင့် အကျိုးမရှိ ခဲ့သလို ၊ ဂွာဒီယိုလာ ကလည်း ဒုတိယပိုင်း အစ မှာ ၄င်း ကို ဂန်ဒိုဂန် နဲ့ လူစားလဲ ခဲ့ရပါတယ် ။

၅ ။ ခြေစွမ်းကောင်း ပျောက်ဆုံး နေခဲ့တဲ့ အီမာဆင်

မန်စီးတီး နဲ့ ပွဲမှာ အဆိုးရွားဆုံး ပုံစံ နဲ့ ကစားသမား တဦး ကို ပြရမယ် ဆိုရင် အီမာဆင် လည်း ပါဝင်မှာ အသေအချာ ပါပဲ ။ ဒုတိယ ပေးဂိုး အတွက် မာရက်ဇ် ကို ပင်နယ်တီ ဧရိယာ ထဲ လွယ်လွယ်ကူကူ ထိုးဖောက်ခွင့် ပေးခဲ့သလို ၊ မန်စီးတီး အသင်း ဟာ အားနည်း နေတဲ့ ချယ်လ်ဆီး ဘယ် အခြမ်း ခံစစ် ကိုပဲ အကြိမ် အတော်များများ ထိုးဖောက် ခဲ့တာကို တွေ့ခဲ့ရပါတယ် ။

ခြေစွမ်း ပြဖို့ ရုန်းကန် ခဲ့ရတဲ့ အီမာဆင် ကို လမ်းပတ် ဟာ ဒုတိယပိုင်း မှာ လူငယ် နောက်ခံလူ ရိစ်ဂျိမ်းစ် နဲ့ လူစားလဲပြီး အက်ဇ်ပီလီကွီတာ နဲ့ နေရာ ပြောင်းဆော့ စေခဲ့ပါတယ် ။ အီမာဆင် ရော ၊ အလွန်ဆို ရော ဘယ်နောက်ခံ နေရာ အတွက် လိုအပ်ချက် တွေ ရှိနေတာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ အတွက် အယူခံ အောင်မြင်ခဲ့မယ် ဆိုရင် ချယ်လ်ဆီး အဖို့ ဘယ်နောက်ခံ ကစားသမားကောင်း တယောက် အတွက် ရှာပုံတော် ထွက်ရနိုင်ပါတယ် ။

SPORTS MYANMAR