ဂန်းနားတို့ရဲ့ ဂန္တဝင် နောက်ခံလူ တိုနီအဒမ် က နည်းပြ အမ်မရီ ကို ထုတ်ပယ်စေချင်ပေမယ့် မြို့ခံပြိုင်ဘက် တော့တင်ဟမ် အသင်း နည်းပြဟောင်း ပိုချက်တီနို ကိုတော့ မခန့်အပ်စေချင်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ငါးပွဲဆက်တိုက် နိုင်ပွဲ ​ပျောက်ဆုံးနေပြီး အဆင့် ၇ ကို ရောက်ရှိ နေသလို ပွဲစဉ် (၁၃) အပြီးမှာလည်း ထိပ်ဆုံး လေးသင်း နဲ့ အနိမ့်ဆုံး အမှတ်ကွာဟချက် ၈ မှတ် အထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် အာဆင်နယ် အသင်း ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၁၁ ပွဲမှာ နှစ်ပွဲသာ အနိုင်ရထားတာကြောင့် ပရိသတ်တွေ နဲ့ ဂန်းနား ဂန္တဝင် ကစားသမားဟောင်းတွေကတော့ အူနိုင်း အမ်မရီ ကို ထုတ်ပယ်ပြီး နည်းပြ အပြောင်းအလဲ လုပ်ဖို့ ဆန္ဒ ရှိနေကြပါတယ် ။

ဒါပေမယ့်လည်း အာဆင်နယ် အသင်းပိုင်ရှင် နဲ့ ဘုတ်အဖွဲ့ ကတော့ ပရိသတ်တွေ ဆန္ဒရဲ့ ဆန့်ကျင်ဘက် အဖြစ် နည်းပြ အမ်မရီ ကို အပြည့်အဝ အားပေး ထောက်ခံ နေဆဲ ဖြစ်ပြီး နည်းပြ ရာထူးကနေ ထုတ်ပယ်ဖို့ အစီစဉ် လုံးဝ မရှိသေးကြောင်း အတိအလင်း ပြောကြား ထားပါတယ် ။

တိုနီအဒမ် က အာဆင်နယ် နဲ့ ဆောက်သမ်တန် ပွဲပြီး သုံးသပ်မှု အစီအစဉ်မှာ ” မြောက်လန်ဒန် ရဲ့ အခြား တစ်သင်းကတော့ ဖိအားတွေ အများအပြားနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ နည်းပြ အပြောင်းအလဲ ပြုလုပ်လိုက်တာပါပဲ ။ ဒီနေ့ပွဲက အာဆင်နယ် အသင်းရဲ့ ကစားပုံက ညံ့ဖျင်းတာတော့ အမှန်ပါပဲ ။ ”

” ပရိသတ်တွေကလည်း ဒီလို ကစားပုံမျိုးကို သဘောကျကြမှာ မဟုတ်ပါဘူး ၊ ကျနော်ရဲ့ ဆန္ဒကတော့ ဘယ်သူ့ကိုမှ မထွက်ခွာစေချင်ပါဘူး ၊ ဘာကြောင့်လဲ ဆိုတော့ အသင်းက ပြီးခဲ့တဲ့ နှစ်အတော်များများ ကတည်းက လူအင်အား ပြန်လည် ဖြည့်တင်းရာမှာ အခက်အခဲ ရှိနေပါတယ် ။ ”

” ဒါပေမယ့် အမ်မရီ ကတော့ ကစားသမားတွေဆီက အကောင်းဆုံးတွေကို ထုတ်ယူနိုင်ခြင်း မရှိပါဘူး ၊ နေရာတိုင်းမှာ လိုအပ်ချက်တွေ ရှိနေတာပါ ၊ တစ်သင်းလုံး ဘာတိုးတက်မှုမှ ရှိမလာပါဘူး ။ ”

ဆက်လက်ပြီး တိုနီအဒမ်က ပိုချက်တီနို ကို အာဆင်နယ် အသင်းမှာ မြင်တွေ့ချင်သလားဆိုတဲ့ မေးခွန်းကို ” သူက အသင်းအတွက် သင့်တော်တဲ့ နည်းပြလားဆိုတာ တပ်အပ်တော့ မပြောနိုင်ပါဘူး ၊ ကျနော်ကတော့ တော့တင်ဟမ် အသင်းနဲ့ အဆက်အသွယ် ရှိခဲ့တဲ့ သူ့ကို အသင်းမှာ မမြင်ချင်ပါဘူး ။ ”

” တခြား နည်းပြတွေ အများကြီး ရှိပါသေးတယ် ၊ ကျနော်ကတော့ အသင်းရဲ့ ခံစစ် ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့်သူမျိုးကို အလို ရှိပါတယ် ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR