ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထား ရတဲ့ အတွက် အကယ်ဒမီ ထွက် လူငယ် ကစားသမား တွေကို နေရာ ပေးနေသလို ၊ ရာသီ မစတင်ခင် မှာပဲ လူငယ် ကစားသမား တွေကို ရဲရဲတင်းတင်း နေရာ ပေးတတ်တဲ့ ၄င်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ် ကို နည်းပြသစ် အဖြစ် ၃နှစ် စာချုပ် နဲ့ ခန့်အပ် ခဲ့ပါတယ် ။

ဒီရာသီ မှာ ချယ်လ်ဆီး အသင်း ဟာ ဖရန့် လမ်းပတ် လက်အောက် မှာ အသင်းကြီး တွေ က လွဲပြီး ကျန်တဲ့ အသင်း တွေနဲ့ ရင်ဆိုင်ရာမှာ ရလဒ်ကောင်းတွေ ရယူ နိုင်ခဲ့ပါတယ် ။ ထို့ အတွက်ကြောင့် လက်ရှိ အချိန် ချယ်လ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် ရဲ့ အဆင့် ၄ နေရာ ကို ရယူ ထားနိုင်ခဲ့တာ ဖြစ်ပါတယ် ။

လက်ရှိ ပရီးမီးယားလိဂ် ရဲ့ အတောင့်တင်းဆုံး အသင်း ၂သင်း လို့ သတ်မှတ် လို့ ရတဲ့ မန်စီးတီး နဲ့ လီဗာပူး တို့ကို အရေးနိမ့် ထားခဲ့ပေမယ့် ချယ်လ်ဆီး အသင်း ဟာ ၄င်းတို့ကို ခြေစွမ်းချင်း ယှဉ်ကစား နိုင်ခဲ့တာ ကို တွေ့ခဲ့ရပြီး အမှားအယွင်း အသေးအဖွဲ တချို့ ကနေသာ ဂိုးတွေ ပေးခဲ့ရတာ ဖြစ်ပါတယ် ။

မနေ့က ပွဲအပြီး Sky Sports နဲ့ အင်တာဗျူး မှာ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကတော့ ၄င်းတို့ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ မနှစ် က လီဗာပူး ၊ မန်စီးတီး တို့နဲ့ ၄င်းတို့ အကြား ကွာဟ ခဲ့တဲ့ ခြေစွမ်း အပိုင်းအခြား ကို ကျဉ်းမြောင်းအောင် လုပ်ဆောင် နေသလို ၊ အခုအခါ မှာ ၄င်းတို့ရဲ့ အဆင့်အတန်း ကို ရောက်ရှိဖို့ နီးစပ်လာပြီ လို့ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” ဒီနေ့ ပွဲရဲ့ အချိန် အတော်များများ မှာ ကျွန်တော် တို့ရဲ့ စွမ်းဆောင်ရည် အရမ်း ကောင်းခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ အနေနဲ့ အခုထက် အနည်းငယ် ပိုပြီး တိုးတက် နိုင်ပါသေးတယ် ။ မနှစ် က ကျွန်တော် တို့ အသင်း ဟာ အဆင့် ၃ နေရာ မှာ ရပ်တည်ခဲ့ပေမယ့် လီဗာပူး ၊ မန်စီးတီး အသင်း တို့နဲ့ ရမှတ် အများကြီး ပြတ်ကျန် ခဲ့သလို ၊ ခြေစွမ်းပိုင်း မှာလည်း ကြီးမားတဲ့ ကွာခြားချက် တွေ ရှိခဲ့ပါတယ် ။ ”

” ဒီနေ့ပွဲ ဟာ ကျွန်တော် တို့ အတွက် အရမ်း ခက်ခဲ ခဲ့ပေမယ့် မာရက်ဇ် ရဲ့ ပါးနပ်မှု က ရခဲ့တဲ့ ဂိုး ၊ နောက်ခံလူ တွေနဲ့ ထိပြီး ဝင်ခဲ့တဲ့ ပေးဂိုး တွေက လွဲရင် ကြီးမားတဲ့ အပိုင်း တွေမှာ မန်စီးတီး ကို ကျွန်တော် တို့ ပခုံးချင်း ယှဉ်နိုင်ခဲ့တယ် လို့ ထင်ပါတယ် ။ ကျွန်တော် တို့ဟာ ပြိုင်ဖက် ရဲ့ ပင်နယ်တီ ဧရိယာ အနား ကို အကြိမ်ကြိမ် ရောက်ရှိခဲ့ပေမယ့် ဂိုးတွေ ရရှိဖို့ အတွက် အရည်အသွေး နည်းနည်း လိုနေခဲ့ပါတယ် ။ ”

” ဒါပေမယ့် ဒီနေ့လို ပွဲမျိုး က အနိုင်ရရင် လည်း ရသွားနိုင်သလို ၊ ရှုံးလည်း ရှုံးသွား နိုင်တဲ့ ပွဲ ဖြစ်တာကြောင့် ကျွန်တော် အခု လက်ရှိ အခြေအနေ ကို လက်ခံ ရမှာပါ ။ ကျွန်တော် တို့ဟာ လီဗာပူး ၊ မန်စီးတီး နဲ့ ကျွန်တော် တို့ အကြား ခြေစွမ်း ကွာဟမှု ကို လျှော့ချဖို့ နီးစပ် နေပြီ လို့ ထင်ပါတယ် ။ ဒါပေမယ့် ကျွန်တော် ဒါကိုတော့ ပြတ်ပြတ်သားသား မပြောချင်သေးပါဘူး ။ ဘောလုံး လောက ဟာ တနေ့ ပြီး တနေ့ ပုံမှန် ဖြစ်ပျက်နေတာပါ ။ ”

” အဲ့ဒီ အတွက် တပွဲချင်းစီတိုင်း မှာ ကျွန်တော် တို့ရဲ့ အရည်အသွေးကောင်း တွေကို ထုတ်ပြ နိုင်ရပါမယ် ။ ကျွန်တော် တို့ဟာ ဒီနေ့ပွဲ ကို မရှုံးခင် ၊ ကြားကာလ ထဲမှာ မရှုံးခဲ့တာ အတော်ကြာပြီ ဖြစ်တာကြောင့် ခံစားချက် က တမျိုးပါပဲ ။ ဒါပေမယ့် လာမယ့် ပွဲစဉ် တွေမှာ ကျွန်တော် တို့ ချက်ချင်း ပြန်လာဖို့ ကြိုးစားမှာပါ ။ ဒီနေ့ပွဲ ရဲ့ ကြီးမားတဲ့ အခိုက်အတန့် တချို့ မှာ ကျွန်တော် တို့ဟာ လီဗာပူး ၊ မန်စီးတီး တို့ရဲ့ ခြေစွမ်း နဲ့ နီးစပ်ဖို့ တဖြည်းဖြည်း တိုးတက် လာတာကို ခင်ဗျား တို့ မြင်တွေ့ ရမှာပါ ။ ”

” ကျွန်တော် တို့ အတူတူ အချိန် ၃ ၊ ၄လ လောက် ကျော်ဖြတ် ခဲ့ပြီးကြပါပြီ ။ အရာ တချို့ က ပြောင်းလဲ ခဲ့ပါတယ် ။ ကျွန်တော် တို့ အသင်း က ကစားသမား တချို့ ဟာ ပြီးခဲ့တဲ့ ရာသီ က ချန်ပီယံရှစ် မှာ ကစားခဲ့ ကြပါတယ် ။ ဒါကြောင့်မို့ သူတို့ အတွက် ပရီးမီးယားလိဂ် မှာ ဒိတ်ဒိတ်ကြဲ အသင်းတွေနဲ့ ရင်ဆိုင်ရတာ ဟာ မတူညီတဲ့ ခံစားချက်မျိုး ဖြစ်စေမယ် ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ ဆက်လက် ကြိုးစားသွားမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR