အာဆင်နယ် အသင်း ရဲ့ နိုင်ဂျီးရီးယား တောင်ပံ ကစားသမား အဲလက်စ် အီဝိုဘီ က ဇာဟာ သာ ရောက်လာပါက ပွဲထွက်ခွင့် ရဖို့ အတွက် တိုက်ပွဲဝင် ကြိုးစား သွားမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပြီး အရန်ခုံမှာတော့ မထိုင်ချင်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ အားနည်းနေတဲ့ တောင်ပံ တိုက်စစ် နေရာအတွက် ဇာဟာ ကို အဓိက ပစ်မှတ်ထားနေတာပါ ။ အာဆင်နယ် အသင်းဟာ ဇာဟာ အတွက် ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချ ခံခဲ့ရပြီး ပဲလေစ့် အသင်းဘက်က ပေါင် သန်း ၈၀ အထိ အလို ရှိနေတယ်လို့ သိရပါတယ် ။

အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အီဝိုဘီ က Th Sun နဲ့ အင်တာဗျူးမှာ ဇာဟာ သာ ရောက်လာပါက ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်သွားမယ်လို့ ပရိသတ်တွေကို ကတိပေး စကားဆိုလိုက်ပြီး ဝေဖန်မှုတွေဟာ သူ့ကို ပိုမို ကြိုးစားဖို့ ခွန်အားတစ်ရပ် ဖြစ်စေကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

” ကျွန်တော်က ပွဲထွက်ခွင့် မရမှာကို ကြိုတွေးပြီး ကြောက်ရွှံ နေမယ့် လူစားမျိုး မဟုတ်ပါဘူး ။ ” ကျွန်တော့် ကစားပုံက ကောင်းလည်း မကောင်းပါဘူးကွာ” လို့ အမြဲ အပြောခံနေရတာပါပဲ ။ ဒါကြောင့် အခွင့်အရေး ရလာတိုင်း ပွဲထွက်ခွင့် နဲ့ ထိုက်တန်ကြောင်း သက်သေပြနိုင်ဖို့ ကြိုးစား ကစားပါတယ် ။ ”

” ဇာဟာ ရောက်လာ ခဲ့ရင်တော့ ကျွန်တော့် အတွက် ဖိအား ပိုများ သွားမှာပါ ။ ကျွန်တော့် အလုပ်က ဘောလုံး ကစားဖို့ပါ ၊ အရန်ခုံမှာ ထိုင်နေဖို့ မဟုတ်ပါဘူး ။ ဇာဟာ သာ တကယ် ရောက်လာပြီး ကျနော် ပွဲထွက်ခွင့် မရဘူးခဲ့ရင် အသင်းကနေ ထွက်ခွာဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ပါဘူး ။ ဒါပေမယ့် ပွဲထွက်ခွင့် ရဖို့ အတွက်တော့ တိုက်ပွဲဝင်သွားမှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အသက် ၂၃ နှစ် အရွယ် ကစားသမား အီဝိုဘီ ဟာ အာဆင်နယ် လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး လည်း ဖြစ်ပါတယ် ။ အာဆင်နယ် နည်းပြ ဟောင်း အာဆင်ဝင်းဂါး ဟာ အီဝိုဘီ ကို ယုံယုံကြည်ကြည် နဲ့ ပွဲထွက် အသုံးပြု ခဲ့ပြီး ခြေစွမ်းပြ ကစား နိုင်ခဲ့တာကြောင့် အသင်းကြီးမှာ နေရာ ရလာတာပါ ။

အီဝိုဘီ ဟာ အာဆင်နယ် အသင်း နဲ့ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှ့ တုန်းကမှ ကာလရှည် စာချုပ် သပ်တမ်း ထိုးထား တာလည်း ဖြစ်ပါတယ် ။ အီဝိုဘီ ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက နည်းပြ အမ်မရီ လက်အောက်မှာ ပြိုင်ပွဲစုံ ၅၁ ပွဲ ကစားခွင့် ရခဲ့ပြီး ၆ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ် ။

အီဝိုဘီ ဟာ ပြီးခဲ့တဲ့ အာဖရိက နိုင်ငံများဖလားမှာ နိုင်ဂျီးရီးယား လက်ရွေးစင် အသင်း နဲ့ အတူ ဆီမီးဖိုင်နယ် အဆင့်အထိ တက်ရောက် နိုင်ခဲ့ပြီး အယ်ဂျီးရီးယား အသင်းကို ရှုံး နိမ့် ကာ ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရပါတယ် ။

SPORTS MYANMAR