ဂျာမန် ထိပ်သီးဘိုင်ယန် အသင်း ဟာသူတို့ရဲ့ နည်းပြကြီး ကိုဗက်စ် ကို မကြာသေးမီကပဲ ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ဥရောပဘောလုံးလောကရဲ့ ထုံးစံအတိုင်း အသင်းတသင်းရဲ့အခြေအနေ ဆိုးရွားမှုအတွက် ကစားသမား တွေထက်နည်းပြရဲ့ ပုခုံးအပေါ်ကျခဲ့တာလည်းဖြစ်ပါတယ်။

ဒါဆိုရင် ဥရောပ တလွှားမှာ ခြေစွမ်း ကျဆင်းပိုင်း ကျဆင်းမှု အများဆုံးရှိနေခဲ့တဲ့ ကစားသမားတွေက ဘယ်သူတွေပါလဲ။၂၀၁၉- ၂၀ ဘောလုံးရာသီ အစောပိုင်း ကာလတွေအတွင်း ရှိရင်းစွဲစွမ်းဆောင်ရည်အောက် အတော်လေးရောက်နေတဲ့ ကစားသမား ၁၀ ဦးကို Sport mail က အခုလိုပဲ ဖော်ပြသွားခဲ့ပါတယ်။

၁။ ဆန်းချက် ( အင်တာမီလန် )

နည်းပြ ဆိုးလ်ရှား လက်အောက်မှာ လိုအပ်ချက်တွေ နဲ့ ပြည့်စုံကိုက်ညီမှု မရှိတဲ့ ဒီချီလီသားဟာ အီတလီမြေကို အငှားထွက် ခဲ့ပေမယ့် ကံဆိုးခဲ့ပြီး ဒဏ်ရာကြောင့် အနားယူနေရပါတယ်။ဒါပေမယ့် အင်တာအတွက် လေးပွဲကစားအပြီး သွင်းဂိုးတဂိုးသွင်းယူပေးနိုင်ခဲ့သလို ဂိုးသွင်းအပြီးမကြာခင်မှာ ထုတ်ပယ်ခံခဲ့ရတဲ့ သူ့အတွက် အများကြီးတော့ အခြေအနေပိုဆိုးတော့မှာမဟုတ်ပါဘူး။သူဟာ တချိန်တုန်းကတော့ အာဆင်နယ် တိုက်စစ်မှာ ပြိုင်ဘက်ခံစစ်တွေ ဒူးတုန်အောင်ကြောက်ခဲ့ရဖူးတဲ့ ကစားသမားတဦးဖြစ်ခဲ့ဖူးပါတယ်။

၂။ ဂရစ်ဇ်မန်း ( ဘာစီလိုနာ )

အေတီကို အသင်းမှာ ရှိနေခဲ့တဲ့ ၅နှစ်တာ ကာလအတွင်းမှာ တည်ငြိမ်တဲ့ ခြေစွမ်းကောင်းကိုပြသနိုင်ခဲ့ပါတယ်။ဒါပေမယ့် ဘာစီလိုနာကို ပြောင်းလာအပြီး အဖွင့်ပွဲအဖြစ် ဘီဘာအိုလ်နဲ့ပွဲမှာပွဲချိန်ပြည့် ကစားခဲ့တဲ့ သူ့ရဲ့ခြေစွမ်းကတော့ မှတ်ထားဖို့တောင်မကောင်းတာဖြစ်ပါတယ်။သူဟာ အခုထိ အသင်းသစ်မှာ ၃ဂိုးသာသွင်းယူထားနိုင်သေးတာလည်းဖြစ်ပါတယ်။ဒါပေမယ့် ပေါင်၁၀၇ သန်းတန်ဒီပြင်သစ်သားတိုးတက်ဖို့ရှိနေသေးတာဆိုတာ မေးစရာတောင် မလိုတာဖြစ်ပါတယ်။

၃။ ဘာထရန်ထရာအိုရေး ( လိုင်ယွန်)

လိုင်ယွန်အသင်းရဲ့ အဓိက တိုက်စစ် ကစားသမားတဦးအဖြစ် ရှိခဲ့ဖူးတဲ့ ထရာအိုရေးတယောက် ဒီရာသီမှာ လီဂူးပွဲ ၁၁ပွဲအပြီး ဂိုးမရသေးပါဘူး။ပြင်သစ် ရဲ့ အစဉ်အလာကြီးမားတဲ့အသင်းတသင်းဖြစ်တဲ့ လိုင်ယွန်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့် နေရာထက် တန်းဆင်းဇုံ က ပိုနီးနေပါတယ်။ဒါပေမယ့် ထရာအိုရေးရဲ့ ဂိုးကြောင့် လိုင်ယွန်တို့ ချန်ပီယံလိဂ် အုပ်စု G ရဲ့ ဒုတိယနေရာမှာ ရှိနေတာဖြစ်ပါတယ်။

၄။ ကွာဂလီရယ်လာ ( ဆမ်ဒိုးရီးယား )

ပြီးခဲ့တဲ့ ရာသီစီးရီးအေရဲ့ ဂိုးသွင်းဘုရင် ဖြစ်ပေမယ့် ဒီရာသီမှာတော့ ခြေစွမ်း အတော်လေး ဆိုးနေတာဖြစ်ပါတယ်။နည်းပြသစ် ရာနေးရီ လက်ထက်မှာ ဆမ်းဒိုးရီးယားအသင်း ၅ပွဲကစား၁ပွဲသာအရေးနိမ့်ထားပေမယ့် ကွာဂလီရယ်လာကတော့ စက်တင်ဘာ၁ရက်နေ့နောက်ပိုင်းမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိထားသေးတာဖြစ်ပါတယ်။အသက် ၃၇နှစ် ပြည့်မြောက်တော့မယ့် ဒီအီတလီသားကြီးရဲ့ ယူရို ၂၀၂၀ မှာပါဝင်နိုင်ရေး မျှော်လင့်ချက်ကတော့ အလှမ်းဝေးနေဦးမယ့်ပုံပါပဲ။

၅။ လိုဇာနို ( နာပိုလီ )

နွေရာသီအတွင်းမှာ PSV ကနေ ပေါင် ၃၆ သန်းနဲ့ ရောက်လာခဲ့ပေမယ့် အလှည့်ကျအဖြစ်သာပွဲကစားခွင့်ရနေပါတယ်။သူဟာ နာပိုလီ ကစားသားဘဝအဖွင့် ပွဲအဖြစ်ဂျူဗီ နဲ့ ပွဲမှာ ပါဝင်ခွင့်ရခဲ့ပြီးဂိုးသွင်းနိုင်ခဲ့ပေမယ့် အဲ့ဒီနောက်မှာတော့ တိုက်စစ်ကစားဖော် အင်ဆစ်ဂ်နီ နဲ့ ကောင်းကောင်းတွဲဖက်နိုင်ခြင်း မရှိတော့တာဖြစ်ပါတယ်။

၆။ အက်စ်ပက်စ် ( ဆယ်တာဗီဂို )

လီဗာပူး တိုက်စစ်မှူး ဟောင်း တဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ချဲဆီးလ်ဘက်ကို သွင်းယူခဲ့တဲ့ထောင့်ကန်ဘောကန်ချက်ကြောင့် လူသိများသူဖြစ်ပါတယ်။အဲ့ဒီနောက်မွေးရပ်မြေကလပ် ဆယ်တာအသင်းကိုပြန်ရောက်လာပြီး အဓိက တိုက်စစ်မမှူး အဖြစ် ရှိနေတာဖြစ်ပါတယ်။ဆယ်တာအသင်းဟာဒီရာသီမှာတော့ အခြေအနေဆိုးနေပြီး အဆင့် ၁၈ နေရာအထိကျရောက်နေပါတယ်။အသက် ၃၂နှစ် အရွယ် အက်စ်ပက်စ်ကလည်းအသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲမှာ ၂ဂိုးသားသွင်းယူနိုင်ခဲ့ပါတယ်။

၇။ ပီယာတက်ခ် ( အေစီမီလန် )

ဂျီနိုအား အသင်းကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းလာအပြီးမှာ ၅ပွဲကစား ၆ဂိုးသွင်းနိုင်တဲ့ အထိသူက အဖွင့်လှခဲ့တာဖြစ်ပါတယ်။သူ့ကြောင့်သာ ချဲဆီးလ်အသင်းက ဟီဂွာရင်ကို လွယ်လွယ်ခေါ်နိုင်ခဲ့တာဖြစ်ပါတယ်။ပီယာတက်ခ်ကို ဒီအာဂျင်တီးနားသားကြီးအတွက် ကာလရှည်အစားထိုးမှု အဖြစ်ခေါ်ထားခဲ့ပေမယ့် ယမန်နှစ်က ခြေစွမ်းမျိုးဒီရာသီမှာပြန်မရသေးတာဖြစ်ပါတယ်။ဒီပိုလန်သားဟာ ဒီရာသီမှာ၁၃ပွဲကစား၃ဂိုးသာသွင်းယူထားနိုင်ခဲ့ပါသေးတယ်။

၈။ လူကာဂျိုဗစ် ( ရီးရဲလ် )

ခြေစွမ်းပိုင်း ကျဆင်းမှု အများဆုံးကစားသမား တဦးဖြစ်ပါတယ်။ယမန်နှစ်က ဖရန့်ဖတ်အသင်းမှာ အံ့မခန်းတောက်ပခဲ့တဲ့ သူ့ကို ရီးရဲလ်အသင်းကပေါင် ၅၃ သန်းအထိပေးချေခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ယမန်နှစ်က ပြိုင်ပွဲစုံမှာ ၂၇ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့သူ့ကို ရော်နယ်ဒိုရဲ့ အစားထိုးမှုအဖြစ် ရီးရဲလ်အသင်းက ရှုမြင်ခဲတာဖြစ်ပါတယ်။ဒီရာသီမှာ တဂိုးသာသွင်းယူထားနိုင်ခဲ့သေးတဲ့သူ့ကို နည်းပြ ဇီဒန်းက အရံအဖြစ်သာအသုံးပြုနေပြီး၊ သူဟာလတ်တလောမှာလည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

၉။မော်လီဒါ ( နိုက်စ် )

ဘာလော့တယ်လီရဲ့ နေရာအတွက်ခေါ်ယူထားခဲ့တဲ့ အသက် ၂၀ အရွယ် ဒီတိုက်စစ်ကစားသမားလေးဟာ အခုထိ onfire မဖြစ်သေးတာဖြစ်ပါတယ်။၂၀၁၈ နွေမှာ နိုက်စ်ကို ရောက်လာပြီး စာချုပ်ဖြတ်သိမ်းကြေး ယူရိုသန်း၁၀၀ အထိတောင်ပါဝင် ထည့်သွင်းထားတယ်လို့ သတင်းတွေထွက်ခဲ့သူဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရာသီမှာ တဂိုးသာသွင်းယူနိုင်ခဲ့သလို ဒီရာသီမှာတော့ဂိုးပေါက်ရှာမတွေ့ထားသေးတာဖြစ်ပါတယ်။

၁၀။ ကော်တင်ဟို ( ဘိုင်ယန်)

ဘာစီလိုနာ အသင်းမှာ ရှိနေခဲ့တဲ့ ၁၈ လတာကာလအတွင်း ရုန်းကန်ခဲ့ရတဲ့ ဒီဘရာဇီးလ်သားဟလတ်တလောမှာတော့ ဘိုင်ယန်အသင်းကို အငှားရောက်ရှိနေပါတယ်။ဘိုင်ယန်အသင်းဟာ မကြာသေးမီက ကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲမှာ ဖရန့်ဖတ်အသင်းကို ၅-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနည်းပြကိုဗက်စ်ပါ အထုတ်ခံခဲ့ရတဲ့အထိ သက်ရောက်မှုကြီးမားခဲ့ပါတယ်။အဆိုပါပွဲမှာ ကော်တင်ဟိုက ကိုယ်ပျောက်လူသားလိုတောင်ဖြစ်ခဲ့တယ်လို့ ကွင်းလယ်လူဟောင်း ဟားမန်းကတောင် ဝေဖန်ခဲ့ပါသေးတယ်။ကော်တင်ဟိုဟာ မူလာနဲ့ ဂိုရက်ဇ်ကာတို့ရဲ့အနောက် အရံအဖြစ်သာဆက်ရှိနေဦးမယ့်ပုံဖြစ်ပြီး သူ့အတွက် တပွဲသာကုန်ကျစရိတ်က ပေါင် ၅၆၃ ၀၀၀ အထိ ရှိနေပါတယ်။

SPORTS MYANMAR